MOGE အပါအဝင် စကစ၏ ဝင်ငွေရလမ်းကြောင်းများအား EU ၏ အရေးယူပိတ်ဆို့မှုအသစ်အပေါ် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများက ကြိုဆို

0
190

၂၂ ဖေဖော်ဝါရီ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပြင် အခြားသောလုပ်ငန်း ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ဥရောပသမဂ္ဂ (EU) မှ အရေးယူ ပိတ်ဆို့မှုအသစ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ၎င်းအရေး စောင့်ကြည့်လေ့လာနေကြသည့် အရပ်ဖက်အဖွဲ့အစည်းများက ကြိုဆိုထောက်ခံလိုက်ကြသည်။

စစ်ကောင်စီ၏ အကြီးမားဆုံး ဝင်ငွေလမ်းကြောင်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပြင် International Group of Entrepreneurs (IGE) ကုမ္ပဏီ၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ ထူးအုပ်စု ကုမ္ပဏီလုပ်ငန်းအပါအဝင် ကုမ္ပဏီ ၄ ခုနှင့် အာဏာသိမ်းစစ်ကောင်စီအုပ်စုဝင် ၂၂ ဦးကို ဥရောပသမဂ္ဂက စီးပွားရေးအရ ပိတ်ဆို့လိုက်ခြင်းအပေါ် Justice for Myanmar အဖွဲ့မှ ထောက်ခံကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်တွင် ပြောခွင့်ရ ရတနာမောင်က “ဒီ အရေးယူပိတ်ဆို့မှုအသစ်ကို ကျမတို့ ကြိုဆိုတယ်။ ဒီ အကြမ်းဖက် စစ်အုပ်စုဆီကို စီးဝင်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းက ဝင်ငွေတွေကို ရပ်တန့်ဖို့ တစ်နှစ်ကျော်ကြာ စည်းရုံးလှုံ့ဆော်ပြီးတဲ့နောက်မှာ အခုလို MOGE ကို ရွေးချယ်ပိတ်ဆို့လိုက်တဲ့အပေါ်မှာ မြန်မာအပြင် ကမ္ဘာတလွှာမှာရှိတဲ့ ကျမတို့ အောက်ခြေ တက်ကြွလှုပ်ရှားသူတွေအတွက် သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

သို့သော် EU ၏ အရေးယူပိတ်ဆို့မှုသည် မြန်မာစစ်အုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ယခင်အတိုင်း ဆက်လက် မလုပ်ဆောင်နိုင်ကြောင်းကို ခိုင်မာသော သတင်းစကားပေးပို့ခြင်းဖြစ်သော်လည်း လုံလောက်မှုမရှိသေးဘဲ အခြားသော အမေရိကန်၊ ဂျပန်လို့ နိုင်ငံများအနေဖြင့်လည်း MOGE နှင့် စစ်တပ်ထိန်းချုပ်ထားသည့် စီးပွားရေး လုပ်ငန်းများနှင့် ၎င်းတို့၏ သိသာထင်ရှာသော ပါဝင်ဆက်နွယ်မှုများကို ယခုလို လိုက်ပါ ပိတ်ဆို့ အရေးယူရမည်ဖြစ်ကြောင်းလည်း Justice for Myanmar က ဆက်လက်ဆိုထားသည်။

အဆိုပါ သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ စစ်တပ်အနေဖြင့် တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ သန်းထောင်ချီပြီး ရရှိနေကြောင်း နိုင်ငံတကာ ဆော်ဩ လှုပ်ရှားသူများမှ ထောက်ပြပြောဆိုနေကြစဉ် ယခုလို အရေးယူပိတ်ဆို့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီဝင်ငွေရလမ်းဖြစ်သော MOGE နှင့် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းအပြင် ပိတ်ဆို့မှုစာရင်းတွင် အောင်သောင်း၏ သားများဖြစ်သော မိုးအောင်၊ နေအောင်နှင့် ပြည်အောင်တို့ ပိုင်ဆိုင်သော IGE ကုမ္ပဏီ၊ တေဇပိုင် ထူးကုမ္ပဏီတို့လည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူခံလိုက်ရခြင်းဖြစ်သည်။

အလားတူ EU ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံလိုက်ရသော စစ်ကောင်စီ အုပ်စုဝင် ၂၂ ဦးတွင် ဝန်ကြီး ခန့်အပ်ခံထားရသော အောင်နိုင်ဦး၊ ချာလီသန်း၊ သက်သက်ခိုင်၊ မောင်မောင်အုန်းနှင့် အကြမ်းဖက် စစ်ကောင် စီဝင် ရွှေကြည်၊ UEC အဖွဲ့ဝင်များဖြစ်သည့် အောင်မိုးမြင့်၊ သန်းထွန်း၊ အောင်လွင်ဦး၊ အောင်စောဝင်း၊ သန်းဝင်း၊ စောဘလှိုင်၊ စိုးစိုးဦး၊ သန်းဦး၊ ဘရန်ရှောင်၊ မြင့်ဦး၊ ခင်မောင်ဦး၊ နုမြဇန်၊ မြင့်သိန်း၊ ဘမောင်တို့ ပါဝင်သလို စစ်တပ်ဘက်မှ အရာရှိများဖြစ်သည့် အမှတ် ၁ ကစထမှူး တေဇကျော်၊ တိုင်းမှူး နေလင်းအောင်၊ အမှတ် ၂ ကစထမှူး အောင်ဇော်အေးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

အလားတူ EU ၏ အရေးယူမှုအသစ်အပေါ် ထောက်ခံ ကြိုဆိုကြောင်းလည်း ပြည်တွင်းငြိမ်းချမ်းရေးကို စောင့်ကြည့်လေ့လာနေသည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်-KPSN ၏ ပြောခွင့် နော်ဝါးလူရှီး က ယခုလိုပြောသည်။

၎င်းက “ဒီလိုရေနံနဲ့ သဘာဝ ဓါတ်ငွေလုပ်ငန်းတွေကို အရေးယူပိတ်ဆို့ဖို့ ကျမတိုဟိုအရင်ကတည်းက ဆော်ဪလာခဲ့တာကြာပြီး။ အခုလို ကြားရတော့ အရမ်းဝမ်းသာတယ်။ ဒီလုပ်ငန်းတွေကလည်း စစ်ကောင်စီကျူးလွန်နေတဲ့ အရပ်းသားအပေါ် ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ဝင်ငွေအကြီးကြီး ရနေ တဲ့ လမ်းကြောင်းတွေဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ EU ၏ အရေးယူပိတ်ဆို့မှု ချမှတ်လိုက်ခြင်းအပေါ် ဥရောပ အဖွဲ့ဝင် တိုင်းပြည်များအနေဖြင့် လိုက်နာဆောင်ရွက်သွားမှသာ အရေးယူပိတ်ဆို့မှုမှာ အသက်ဝင်နိုင်မည်ဖြစ်သောကြောင့် ဥရောပတိုင်းပြည်များအနေဖြင့် အရေးယူ ပိတ်ဆို့မှုများအပေါ် လိုက်ပါဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း နော်ဝါးခူရှီး က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများမှ နာမည်ကြီး စီးပွားရေး လုပ်ငန်းများဖြစ်သော Total Energies, Chevron, Petronas, Mitsubishi Corporation and Woodside ကုမ္ပဏီ လုပ်ငန်းများအနေဖြင့် မြန်မာပြည်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာပြီးနောက် ယခုလို EU ၏ ပိတ်ဆို့အရေးယူမှုအသစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ နိုင်ငံတကာ စံချိန်စံနှုန်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ကုမ္ပဏီများ မြန်မာပြည် စီးပွားရေးလုပ်ငန်းများမှ ထွက်ခွာသွားမည့်အပေါ် ကြိုဆိုထောက်ခံကြသော်လည်းပဲ ၎င်းကုမ္ပဏီလုပ်ငန်းများအစား အခြားသော စံနှုန်းနိမ့်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှု အားနည်းသော ကုမ္ပဏီလုပ်ငန်းများ အစားထိုး ဝင်ရောက်လာမည့်အပေါ် စိုးရိမ်နေကြသူများလည်းရှိသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here