28 March 2024 /

See today's Peace Related News

ကလေးမြို့ပေါ် ရပ်ကွက်များအတွင်း စကစတပ်စွဲရာ နေရာများအား CNDF နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စကစတပ်သား ၇ ဦး သေဆုံး

၁၁ မေ ၂၀၂၂

ကလေးမြို့ပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာ (၃) နေရာတွင် CNDF နှင့် ပူးပေါင်းတပ်ဖွဲများမှ အလှစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲရာမှာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNO/CNDF သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာ၊ စမ်းမြို့ရပ်ကွက်တွင်ရှိသော မူးယစ်ရုံးနှင့် တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNDF/PDF-KaLay/CSS/GRF တို့က မေလ ၁၀ ရက် ည ၈ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တောင်ဖီလာရပ်ကွက် လေးထပ်ဆောင် ဝန်ထမ်းအိမ်ယာပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၆ ယောက်ခန့်သေဆုံးကာ စန်းမြို့ရပ်ကွက် မူးယစ်ရုံးပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု CNO/CNDF က ထုတ်ပြန်သည်။

ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက် စျေးအနီး KT ထမင်းဆိုင်အိမ်အပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အိမ်ရှင်အမျိုးသမီးနှင့် သမီးငယ်တို့ ဒဏ်ရာရရှိခဲ့သည်။

KMG – ပေးပို့သည်။