29 March 2024 /

See today's Peace Related News

စစ်အာဏာသိမ်းကာလ ကရင်ပြည်နယ်အတွင်း စစ်ရှောင် ၁ သိန်း ၇ သောင်းရှိပြီး အကူအညီများ လိုအပ်နေ

၂၀၂၂ ခုနှစ် မေလ ၂၃ ရက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခုနှစ်သောင်းနှင့် အထက်တွင်ရှိနေပြီး လက်ရှိတွင် အဖက်ဖက်မှ အကူအညီများ လိုအပ်သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “ဒီစစ်အာဏာသိမ်းကတည်းက ယခုအချိန်အထိ ကျနော်တို့ ဒီကရင်ပြည်နယ်မှာဆိုလို့ရှိရင် တစ်သိန်းခုနှစ်သောင်းနဲ့ အထက်မှာ ရှိနေတာပေါ့။ အခုကကျတော့ တိုးများလာတယ်။ ဒါပေမယ့်လည်း အထူးသဖြင့် IDP အရေအတွက်ကို ကျနော်တို့က အပြည့်အဝရရှိဖို့ အင်မတန်မှ ခက်ခဲတယ်။ ဘာဖြစ်လဲဆိုလို့ရှိရင် နေရာတော်တော်များများမှာ တိုက်ပွဲမဖြစ်ဘူးဆိုလို့ရှိရင် သူတို့က ပြန်သွားလိုက် တိုက်ပွဲဖြစ်ပြီဆိုရင်လည်း ထွက်ပြေးလိုက်ပေါ့နော အဲလိုမျိုးဆိုတဲ့အခါကျတော့ အတည်တကျ အရေအတွက်တော့ ကျနော်တို့ မရဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်ထဲတွင် တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်လူဦးရေမှာလည်း ပိုတိုးလာသော်လည်း လူဦးရေ အတိအကျရရှိရန် ခက်ခဲ့သည်ဟု KHRG က ပြောသည်။

လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်အပါအဝင် ခရိုင်အများစုရှိ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အဖက်ဖက်မှ အခက်အခဲများကို ရင်ဆိုင်နေကြရသည်ဟု စောနန္ဒဆူးက ဆက်ပြောသည်။

၎င်းက “IDP ထွက်ပြေးမှု အများဆုံဖြစ်တာကတော့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ တပ်မဟာ ၅ မူတြော်ခရိုင်ပေါ့။ ဒုတိယကကျတော့ ကျနော်တို့ ဒီ တပ်မဟာ ၆ ပေါ့ ဒူးပလာယာခရိုင် တတိယ ကျတော့ ကျနော်တို့ တပ်မဟာ ၁ ဒူးသထူခရိုင်ပေါ့ တခြား တပ်မဟာ ၃ နဲ့ တပ်မဟာ ၂ ရယ် တပ်မဟာ ၄ ရယ်မှာလည်း ဒါ IDP တွေ အများကြီးရှိ နေတာပေါ့။ ဒီ IDP တွေ ကျနော်တို့ ခရိုင်တိုင်းလိုလိုမှာ ရှိတဲ့ IDP တွေဟာ ဆိုလို့ရှိရင် အခုအချိန်အထိပေါ့လေ အခက်အခဲ ဒုက္ခတော်တော်များများနဲ့ ရင်ဆိုင်နေရလျက်ရှိတယ်ပေါ့။ ဘာလို့လဲဆိုရင် အခုက သူတို့ ဒီလူသား ချင်း စာနာထောက်ထားမှု အကူအညီတွေလည်း အချိန်နဲ့ တပြေးညီ အပြည့်အဝ မရရှိကြဘူး ပေါ့လေ။ အထူးသဖြင့် စားနပ်ရိက္ခာ နဲ့ နေရာထိုင်ခင်ပေါ့လေ အလုံအလောက်မရှိတဲ့အပေါ်မှာ ကျန်းမာရေး ပညာရေး လက်လှမ်းမှီနိုင်ခွင့်လည်း အပြည့်အဝ မရရှိကြဘူးပေါ့နော။ ဆိုတော့ အခုအချိန်မှာ ဆိုလို့ရှိရင်လည်း သူတို့မှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပေါ့” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် မွေးကင်းစကလေးငယ်များလည်း ပါဝင်ပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်ဟု KHRG က ဆိုသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ အဖက်ဖက်မှ အကူအညီများလိုအပ်နေသည့် တစ်ဖက်တွင် မိုးတွင်းကာလ မိုးသက်လေပြင်းများ ကျရောက်လာသည့်အပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့်အတွက် အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး KWO တွဲဖက်အတွင်းရေးမှူး ၂ နော်စေးစေးဟဲက ပြောသည်။

နော်စေးစေးဟဲက “အခုက ရေတအားကြီးတယ်။ မိုးရွာတော့ ရေကြီးတဲ့အတွက် လူထုတွေက နေရာပြောင်းရတယ်။ နေရာပြောင်းတော့ တလာပတ် မိုးကာတို့ မလုံလောက်ဘူး။ မိုးကာတွေဘာတွေ အကာတွေဘာတွေ မလုံလောက်တော့ အဲလိုပဲ ပြောင်းကြရတယ်။ သူတို့ စားဖို့သောက်ဖို့က မလုံလောက်ဘူး။ သူတို့ စားဖို့သောက်ဖို့ အကူအညီတွေလိုနေတာ အခုက တစ်က အစားအသောက်ရရှိဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒုတိယ တစ်ခုက တာလပတ်တို့လို မိုးကာတွေ လိုအပ်တယ်။ တတိယတစ်ခုက ဆေးဝါးလိုအပ်တယ်။ အဲဒီသုံးခုကတော့ အရေးကြီးဆုံးဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များအတွက် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်သည့်အတွက် သက်ဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် ကူညီမှုများကို လက်ရှိ ကူညီနေမှုများထက်မက ပိုမိုကူညီလုပ်ဆောင်ပေးကြရန် လိုသည်ဟု KWO က ဆိုသည်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေနှင့်လည်း နိုင်ငံတကာက အကူအညီပေးနေသည့် အဖွဲ့အစည်းများကို နယ်စပ်ဖြတ်ကျော် အကူအညီပေးခွင့်ပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကူညီလုပ်ဆောင်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

NMG – ပေးပို့သည်။