ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအား မီတာခ အခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Share me now!

၂၃ မေ ၂၀၂၂

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုခ (မီတာ) အခွန်ဆောင်ကြရန် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း လိုက်လံပြောဆိုနေပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း မပေးဆောင်ပါက မီးဖြတ်မည်ကို ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်ကြသည့် ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် RPG အပါအဝင် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ လူနေအိမ်များသို့ဝင်ရောက်ကာ မီတာခပေးဆောင်ကြရန် ပြောဆိုေနသည်ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“တာဟန်းရပ်ကွက်ဘက်ကို သူတို့တွေလာတာ ၃ ခါလောက်ရှိသွားပြီ၊ စစ်သားတွေလက်နက်အပြည့်အစုံနဲ့ RPG လိုလက်နက်ကြီးလည်းထမ်းလာကြတယ်၊ မီတာဘောက်တပ်ထားတဲ့အိမ်တွေကို တအိမ်ဝင်တအိမ်ထွက်လုပ်နေတယ်၊ အဲဒီမှာ အိမ်ရှင်တွေကို လျှပ်စစ်ရုံးကိုလာပြီး မီတာခပေးဆောင်ကြဖို့ပြောတယ်၊ တချို့အိမ်တွေဆို လာပြီးမပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေရှိတယ်” ဟု တာဟန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များသို့ဝင်ရောက်ကာ ယခုကဲ့သို့ ပြုမူဆောင်ရွက်နေသည့်အတွက် ရပ်ကွက်နေပြည်သူများသည်လည်း စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည္။

“ကျမတို့အိမ်ကို သူတို့လာတော့ မီတာစာရွက် ၆ လာတာအတွက်လာပေးတယ်၊ သတ်မှတ်ချိန်အတွင်းမှာ လျှပ်စစ်ရုံးကို အခွန်လာမဆောင်ဘူးဆိုရင် မီးဖြတ်ပစ်မယ်ဆိုပြီးပြောသွားတယ် ကျမတို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်၊ တကယ်မီးဖြတ်ခံရမှာလည်းစိုးရိမ်ရတယ်လေ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိကြတော့သည်မှာ လနှင့်ချီရှိသွားပြီဖြစ်ကာ နေ့လည်ပိုင်းတွင် ၃ နာရီခန့်သာ လျှပ်စစ်မီးလာလေ့ရှိပြီး ညပိုင်းတွင်လည်း ၃ နာရီကျော်ကျော်ခန့်သာ လာလေ့ရှိတော့သည်ဟု သိရသည်။

ကလေးမြို့တွင် ၂၄ နာရီ တစ်ရက်လျှင်ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၇ နာရီခန့်သာ ရရှိနိုင်ကြသည်ဟု တာဟန်းဒေသခံများက ပြောသည်။

KMG – ပေးပို့သည်။


Share me now!

Myanmar Peace Monitor