ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အချို့ လက်ကိုင်ဖုန်းလိုင်းများ ပြတ်တောက်

0
193

၂၀၂၂ ခုနှစ် မေလ ၂၄ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ရပ်ကွက်အချို့တွင် MPT နှင့် Mytel ဖုန်းလိုင်းများ ပြတ်တောက်နေပြီး Ooredoo လိုင်းတစ်လိုင်းသာရနေသည်ဟု ပူတာအို ဒေသခံများက ပြောသည်။

မေလ ၂၃ ရက်နေ့၊ ညနေပိုင်း ၄ နာရီခန့်စတင်၍ (ယနေ့) မေလ ၂၄ ရက်နေ့အထိ အဆိုပါဖုန်းလိုင်းနှစ်လိုင်း ပြတ်တောက်နေခြင်း ဖြစ်သည်။

ဖုန်းလိုင်းများ မပြတ်ခင် မေလ ၂၃ ရက်နေ့၊ ညနေပိုင်းအချိန်က စစ်ကားအစီး ၃၀ ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းများနှင့် တပ်သားများကို ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်တွင် တွေ့မြင်ရသဖြင့် ဒေသခံများမှာ တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။

“Ooredoo လိုင်းတော့ရတယ်။ ဖုန်းလိုင်းတွေဖြတ်ပြီး မြို့ပေါ်မှာ တိုက်ပွဲဖြစ်မှာကိုလည်း စိုးရိမ်နေရတယ်။ အကုန်လုံး ဒုက္ခရောက်ကြမှာ ဒီနေ့ဆို ပိုစိုးရိမ်မိတယ်” ဟု ပူတာအိုဒေသခံ ကိုဒီးက ပြောသည်။

စစ်ကောင်စီက ဖုန်းလိုင်း အင်တာနက်လိုင်းများဖြတ်ကာ စစ်ဆင်ရေးကြီးများ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများက စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

ပူတာအို-ဆွမ်ပရာဘွမ်ကားလမ်းမပေါ်က တန်ဂျာကျေးရွာအနီးတွင်လည်း မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ခရီးသည်တင်များကို ရပ်ခိုင်းထားပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားခဲ့ရသည်ဟု ပူတာအိုမှ မြစ်ကြီးနားသို့ ပြန်လာသူ ခရီးသည်တစ်ဦးက ပြောသည်။

ပူတာအို-မြစ်ကြီးနားသွား ကားလမ်းပေါ်က ကျေးရွာများ အနီးတွင် ယခုနှစ် ဖေဖေါ်ဝါရီလမှ မတ်လလယ်အထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ပြည်သူများ စစ်ဘေးရှောင်ခဲ့ကြရပြီး မိမိနေရပ်များသို့ မတ်လ ၂၃ ရက်နေ့မှစတင်၍ ပြန်လာခဲ့ကြသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းတွင်လည်း အင်တာနက်လိုင်းများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက စတင်ဖြတ်တောက်ထားရာ ယခုဆို ၉ လ ကျော်လာပြီဖြစ်ကြောင်း ဖားကန့်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကိုလည်း ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပြီး သတင်းစီးဆင်းမှုကို ထိန်းချုပ်သည့်အနေဖြင့် ဖုန်းလိုင်းများဖြတ်တောက် စစ်ဆင်ရေးလုပ်လေ့ရှိသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here