ပူတာအိုအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

0
136
ဓါတ်ပုံ - မြစ်ကြီးနားမြို့ (ပလန) တွင် တွေ့ရသည့် စစ်ကောင်စီစစ်ကြောင်း (ပုံဟောင်း)

၂၀၂၂ ခုနှစ် မေလ ၂၄ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မေလ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောသည်။

ဆွမ်ပရာဘွမ်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပူတာအိုမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ လုံရှာယာန် ကျေးရွာအုပ်စုအတွင်းက တန်ဂျာကျေးရွာနှင့် ဆွမ်ပီယာန်ကျေးရွာကြားရှိ ဘတ်ချောင်း နံဘေးတွင် KIA က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ဒီလက်နက်ကြီး၊ လက်နက်ငယ်လို့ဘဲပြောရမှာပေါ့။ မိုင်းခွဲတာတော့ မဟုတ်လောက်ဘူး။ အဲလိုမျိုးစောင့်ပစ်တဲ့ သဘောဘဲနေမှာ။ ဒီမနက် (မေလ ၂၃ ရက်) စဖြစ်တာ ၈ နာရီ၊ ၉ နာ ရီလောက်ကပေါ့နော်။ လမ်းမှာဖြစ်တာ ဟုတ်တယ်။ ဟိုကို (ပူတာအို) တက်လာတဲ့ ယာဉ်တန်းပေါ့နော်။ တန်ဂျာနဲ့ မဆွမ်ဇွပ်ကြားပေါ့နော်။ ဒီမှာ ကျနော်တို့ ကုန်းဆင်း ကုန်းတက်၊ တောင်ဆင်းတောင်တက် ရှိတယ်လေ” ဟု ပြောသည်။

မေလ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဘတ်ချောင်း နံဘေးတွင် KIA က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်ကြား အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့်ရှိပြီး စစ်ကောင်စီဘက်က ကားနှစ်စီး ကားလမ်းမနံဘေးရှိ ချောက်ထဲကျကာ ထိခိုက်သေဆုံးမှုအချို့ရှိသည်ဟု သိရသည်။

“ထိခိုက်မှုတွေကတော့ လူအသက်လည်း ဆုံးတယ်လို့တော့ ပြောတာပဲ။ ဒရိုင်ဘာ ထိတယ်လို့ပြောတယ်။ အခု အဲ့ဒီကားတွေ ထုတ်နေတာဟုတ်တယ်။ ချောက်ထဲကျတာကတော့ ဒီကျနော်တို့ လက်လှမ်းမှီသလောက်ပေါ့။ အရှေ့မှာ တစ်စီး၊ အနောက်မှာလည်း တစ်စီးကျတယ်လို့ ပြောတယ်။ တန်ဂျာအဝင်နားလေးမှာ။ သူတို့ကား ကျတဲ့နေရာက။ အခုကရိန်းနဲ့ဆွဲနေတာ ဟုတ်တယ်။ ပြီးလို့ ရှိရင် ဒီဘက် ဒီ မဆွမ်ဇွပ်ကနေ အတက်ပေါ့နော် အဲ့ဒီ အတက်၊ အဲ့ဒီနေရာကျတော့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ နည်းနည်းပါမယ်ထင်တယ်။ မောင်းတဲ့ကားသမားကတော့ ဆုံးသွားတယ်လို့ပြောတာပဲ။ သွေးတွေနဲ့ ဘာတွေနဲ့ ထွက်လာတော့မြင်တယ်လေနော်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်က လုံခြုံရေးယူကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အဆိုပါ ခရီးသွားပြည်သူက ဆက်ပြောသည်။

ထိုနေရာတွင် စစ်ကောင်စီက လုံခြုံရေးယူထားပြီး ပြည်သူများအား ကြည့်ရှုခွင့်မပေးသည့်အတွက် ထိခိုက်သေဆုံးသူ စာရင်းအတိအကျ မသိရဘူးဟု ခရီးသွားပြည်သူများက ပြောသည်။

ပစ်ခတ်မှုနောက်ပိုင်း စစ်ကောင်စီတပ်က မြစ်ကြီးနား-ပူတာအိုကားလမ်းမကို ပိတ်ဆို့ပြီး ချောက်ထဲကျသွားသည့်ကားများကို ကရိန်းဖြင့် ဆွဲတင်လျက်ရှိသည်ဟု ခရီးသွားပြည်သူများက ပြောသည်။

“အတက်ကားရော၊ အဆင်းကားရော အခုဟိုဘက်မှာလည်း ဟိုဘက်ကနေ လာနေပြီလေ။ လာနေရင်လည်း ဟိုဘက်ကနေ လာလို့မရဘူးလေ။ ကျော်လို့မရဘူးပေါ့။ အခုကျနော်တို့ အဆင်းကားတွေလည်း ပြန်ခေါက်လို့ မရ ဘူး။ အရှေ့သွားလို့လည်း မရဘူး။ အဲလိုပေါ့။ ကြားမှာပေါ့ကွာ။ အဲလိုဆိုတော့ ကျနော်တို့ မနက် ၉ နာရီ ကနေ ထွက်လာတာဟုတ်တယ်။ ဒီမှာ ခေါက်ဆွဲတစ်ပွဲနှင့် တစ်နေကုန်ဖြစ်နေပြီ” ဟု ကားသမားတစ်ဦးက ပြောသည်။

KIA နှင့် ဘတ်ချောင်းနံဘေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆွမ်ပရာဘွမ်မှ ပူတာအိုသို့တက်လာသည့် အဆိုပါ စစ်ကြောင်းထဲမှ စစ်အင်အားအချို့နှင့် ရိက္ခာတင်ယာဉ် အစီး ၄၀ ခန့်က မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် လုံရှာယာန်ကျေးရွာသို့ ရောက်ရှိနေပြီဟု ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအို လမ်းမကြီးတလျောက်ရှိ နမ်ခမ်၊ ဆွပ်ခါး၊ မိုင်ထောင် ကျေးရွာတို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here