29 March 2024 /

See today's Peace Related News

AA နှင့် ဆက်စပ်ဖမ်းဆီးခံရသည့် ဟိုင်းကြီးကျွန်းမှ ရခိုင် ၁၀ ဦးနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုပြော

၂၆ မေ ၂၀၂၂

ရက္ခိုင့်တပ်တော် (AA) ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသည့် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှ ရခိုင်တိုင်းရင်းသား ၁၀ ဦးနှင့် တစ်လခန့်ကြာသည့်တိုင် အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များက DMG ကို ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဧရာဝတီတိုင်း၊ င/ပုတောမြို့နယ်၊ ငါးပြေမကျေးရွာမှ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ယောင်းစိန်၊ ဒေါ်ကုလားမစိန်၊ မဌေးမြင့်၊ ဟိုင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အဏ္ဏဝါကျေးရွာမှ ကိုကျော်မင်းထက်၊ ကိုအောင်လေး၊ ကိုရဲသီဟ၊ ကိုမောင်မောင်နှင့် ကိုအောင်ဇော်ထက်တို့ဖြစ်ကြောင်း သိရသည်။

ငါးပြေမကျေးရွာမှ ဖမ်းဆီးခံထားရသူ ဒေါ်ခင်စန်းမြင့်၏ သားဖြစ်သူ ကိုမိုးဒီက “အမေနဲ့ လုံးဝအဆက်အသွယ်မရသေးဘူး။အမေ့အတွက် အကုန်လုံးကစိတ်ပူနေကြတယ်။ ဖမ်းဆီးထားတယ်ဆိုတော့ စိုးရိမ်တာက ရိုက်နှက်စစ်ဆေးတာတွေလုပ်မှာကိုစိုးရိမ်တယ်” ဟု ပြောသည်။

ငါးပြေမကျေးရွာမှ ဒေါ်ခင်စန်းမြင့်မှာ ပြီးခဲ့သည့်ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက မိမိအိမ်တွင်ရှိနေစဉ် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ ဦးခန့်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာ၊ ဇီးဖြူခေါင်းကျေးရွာနှင့် ဟိုင်းကြီးရွာတို့တွင် အမျိုးသား၊ အမျိုး သမီးစုစုပေါင်း ၄၀ ဦးထက်မနည်းကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

မေလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီးအပါအဝင်လူငယ် ၁၅ ဦးခန့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်ရှိသူများကို ဟိုင်းကြီးကျွန်းရှိ စစ်ကောင်စီရေတပ်စခန်းဌာချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယင်းနောက် မေလပထမအပတ်အတွင်း နောက်ထပ် ၁၅ ဦးခန့် ထပ်မံလွတ်မြောက်လာခဲ့ပြီး ဒေါ်ခင်စန်းမြင့်အပါအဝင် ကျန် ၁၀ ဦးတို့မှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးပါ။

လက်ရှိဖမ်းဆီးခံထားရသူ ၁၀ ဦးမှာ ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်၌ရှိသည်ဟု ကြားသိရသော်လည်း မည်သို့ဆောင်ရွက်နေသည်ကိုမူ မသိရသေးကြောင်း လုံခြုံရေးရအမည်ဖော်လိုသည့် ငါးပြေမကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“သူတို့ကို ပုသိမ်ထောင်ကြီးချုပ်မှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။ ပြီးတော့ အမှုဖွင့်ထားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာလဲဆိုတာတော့ မသိရသေး။မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတော့ အတိအကျကိုမသိရသေးဘူး” ဟု ၎င်းဒေသခံကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ဖမ်းဆီးခံရသူများကို ပုသိမ်အကျဉ်းထောင်၌ချုပ်နှောင်ထားသည်ဟု ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်၍လည်း DMG မှ သီးခြားအတည်မပြုနိုင်သေးပါ။

လက်ရှိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသော်လည်း တစ်ဖက်မှာ စစ်ကောင်စီမှ ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးမှုများ၊ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးမှုများ ရှိလာနေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိနေသည်။

DMG – ပေးပို့သည်။