29 March 2024 /

See today's Peace Related News

ဖားကန့်မြို့နယ် ဆန်ခါအကျဉ်းထောင်ကို KIA နှင့် PDF အဖွဲ့ ပူးပေါင်းကာ လက်နက်ကြီးများ ပစ်ခတ်

၂၃ ဇွန် ၂၀၂၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင်ရှိသော ဖားကန့်အကျဉ်းထောင်ကို ဇွန် ၂၂ ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်အတွင်းမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ပူးပေါင်းကာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရှိသည့် ဆန်ခါအကျဉ်းထောင်ဘက်သို့ KIA နှင့် PDF တို့က လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ဆန်ခါအကျဉ်းထောင်ဘက်တွင် ထိခိုက်မှုများရှိနိုင်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“သူတို့က အဝေးကနေ ထောင်ဘက်ကို လှမ်းထုတာ။ လက်နက်ကြီးက ၂၀ ကြိမ်လောက်ရှိတယ်။ ပြီးရင် လက်နက်ငယ်သံတွေလည်း ကြားရတယ်။ အခုက အဲ့လက်နက်ကြီးတွေက ထောင်ထဲကျပြီး ပေါက်ကွဲတာလား။ အပြင်ဘက်ကို ကျတာလား။ အသေးစိတ်မသိရသေးဘူး။ တကယ်လို့ ထောင်ထဲကို ကျရင်တော့ ထိခိုက်မှုရှိနိုင်တယ်” ဟု ပြောဆိုသည်။

ယခုလို KIA နှင့် PDF အဖွဲ့တို့ဘက်မှ ပစ်ခတ်မှုသည် ဇွန် လ ၁၉ ရက်နေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်ပြည့် မွေးနေ့ကို မှော်ပုံကျေးရွာအတွင်း လူစုဝေး၍ ကျင်းပနေစဥ် အကျဉ်းထောင်ဘက်မှ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့သည့်အတွက် ထိုနေရာတွင် ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ထိုဖြစ်စဉ်အပေါ် တန်ပြန်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုထားသည်။

“မနက်ငါးနာရီလောက်ကတည်းကနေ နားလိုက်ပစ်လိုက်ပေါ့။ ဆန်ခါအကျဥ်းထောင်ကိုပစ်တာဟုတ်တယ်။ ဟိုနေ့က ဖြစ်သွားတဲ့ ကိစ္စကို မကျေနပ်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ ဖြစ်နိုင်တယ်။ အခုတော့ KIA နဲ့ PDF ဘက်က ပစ်ခတ်မှုပြန်ငြိမ်သွားပြီ။” ဟု မမုံကျေးရွာနေအမျိုးသားတစ်ဦးကပြောသည်။

လက်ရှိတွင် ပစ်ခတ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဆန်ခါအကျဉ်းထောင်သွားလာသည့် အဝင်/အထွက်ကို ပိတ်ထားသဖြင့် ထိခိုက်မှုအခြေအနေကို ရယူရန် ခက်ခဲနေပြီး KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

အဆိုပါ ဇွန်လ ၁၉ ရက်နေ့တွင် ဆန်ခါအကျဉ်းထောင်ဘက်မှ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် ဒဏ်ရာပိုပြင်းထန်သူ မှော်ပုံကျေးရွာမှ ၅၄ နှစ်အရွယ်ရှိ ဒေါ်ခင်မျိုးဝင်းခေါ်သူသည် ဇွန်လ ၂၀ ရက်နေ့ မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ပြီး ကျန် ၂ဦးသည် လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

KNG – ပေးပို့သည်။