29 March 2024 /

See today's Peace Related News

မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း W2W ပြန်ကြားရေးတာဝန်ခံ မအမရာနဲ့ ဆက်သွယ်မေးမြန်းခြင်း

မြန်မာနိူင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလာကြသည်မှာ တစ်နှစ်ကာလကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး တစ်နိူင်ငံလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ရာချီရှိလာပြီဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်များစွာ ပါဝင်တော်လှန်နေကြသည်။

သို့သော်လည်း အမျိုးသမီးသီးသန့်ထူထောင်ထားသော PDF တပ်ရင်း/တပ်ဖွဲ့ဟူ၍ မရှိသလောက်နည်းပါးလှသည်။ ထိုအထဲတွင် တော်လှန်ရေး အဖွဲ့များအကြား နာမည်ရလာသော မြောင်အမျိုးသမီး စစ်သည်တော်များတပ်ရင်း Myaung Women Warriors အကြောင်းကို သိရှိနိူင်ရန်
M2W ပြန်ကြားရေးတာဝန်ခံ မအမရာအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ပထမဆုံး အစ်မရဲ့ နာမည်နဲ့ M2W မှာ ဘာရာထူးတာဝန်ယူထားတယ်ဆိုတာ ပြောပြပေးပါအုံးဗျ။

ဖြေ။ ကျွန်မရဲ့နာမည်ကတော့ အမရာပါ။ လက်ရှိမြောင်မြို့ Myaung Women Warriors ရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

မေး။ PDF အဖွဲ့တွေ အများအပြား ဖွဲ့စည်းထားတာရှိပေမယ့် အစ်မတို့လို အမျိုးသမီး စစ်သည်တော်တပ်ရင်းဆိုပြီး သီးခြားဖွဲ့ထားတာ သိပ်မတွေ့ရသလောက်ပဲ ဒါကြောင့် အဖွဲ့ ဖွဲ့ဖြစ်တဲ့အပေါ် အကျဥ်းချုံးပြောပြပေးလို့ရမလား။ ဘယ်တုန်းက စဖွဲ့ခဲ့လဲ။

ဖြေ။ ။ PDF အဖွဲ့တွေ အများအပြားဖွဲ့စည်းထားတာရှိပေမယ့်ပေါ့နော် ကျွန်မတို့အနေနဲ့ အမျိုးသမီး အဖွဲ့တွေအနေနဲ့ သီးခြားရပ်တည်ရခြင်းရဲ့ အကြောင်းရင်းတွေက အများကြီး ရှိခဲ့တယ်ပေါ့နော်။ ဘာဖြစ်လို့ ကျွန်မတို့အနေနဲ့ အမျိုးသမီးအဖြစ်နဲ့သီးခြားရပ်တည်ရလည်းဆိုတော့ လက်နက်ကိုင်လမ်းစဥ်မှာ အမျိုးသားများနည်းတူ ကျွန်မတို့ အမျိုးသမီးတွေ အနေနဲ့လည်း ရပ်တည်နိုင်တယ်ဆိုတာကို ဖော်ဆောင်ချင်တယ်။ နောက်တစ်ခုအနေနဲ့က ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဥ်တဲ့အခါ တန်းတူအခွင့်အရေး မရရှိပဲနဲ့ အမျိုးသမီးတွေက အမြဲတမ်းနောက်တန်းကနေ ရှိနေရပါတယ်။ ကျွန်မတို့အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမရောက်မဲ့ အနေအထားတွေကြောင့် အမျိုးသမီးတွေအနေနဲ့ သီးသန့်ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျွန်မတို့တွေ ကျားမတန်းတူအခွင့်အရေး ဖော်ဆောင်တဲ့အနေနဲ့ အမျိုးသမီးတွေချည်း သီးသန့်ဖွဲ့စည်းခဲ့ရခြင်းဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်။

မေး။ M2W အနေနဲ့ လက်ရှိ တော်လှန်စစ်ဆင်ရေးမှာ ဘယ်လိုပါဝင်နေကြပါသလဲဗျ။

ဖြေ။ ကျွန်မတို့ M2W အနေနဲ့ တော်လှန်ရေးတွေမှာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်နေလဲဆိုရင် ကျွန်မတို့တွေက ကျွန်မတို့ရဲ့ အဓိကထုတ်ကုန်ပေါ့နော် မိုင်းအမျိုးအစားတွေကို ထုတ်လုပ်နေတယ် ။ အဓိကအားဖြင့် ကျွန်မတို့တွေသည် မိုင်းအမျိုးအစား အဓိက ငါးခုကို ထုတ်လုပ်နေတယ်။ ကျွန်မတို့တွေရဲ့ အဓိက Products က မိုင်းဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့တွေသည် တော်လှန်စစ်ဆင်ရေးတွေမှာ မိုင်းစစ်ဆင်ရေးအနေနဲ့ အဓိက ပူးပေါင်းဆောင်ရွက်နေတယ်။ နောက်တစ်ခုက ကျွန်မတို့သည် နွေဦးတော်လှန်ရေးမှာပေါ့နော် စစ်ဆင်ရေးအရ မိုင်းစစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်တာ ရှိခဲ့သလို ကျွန်မတို့အနေနဲ့ တော်လှန်စစ်ဆင်နွဲတဲ့အခါမှာ ကြားကာလပညာသင်ကြားရေးမှာလည်း အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေ ရှိတယ်။ နောက်တစ်ခုက ကျွန်မတို့ မြို့နယ်အတွင်းမှာလည်း ကျွန်မတို့ မြို့နယ်နဲ့ နီးစပ်တဲ့ပေါ့နော် မြို့နယ်က ပြည်သူတွေအတွက်နဲ့ တော်လှန်ရေး အင်အားစုတွေကပေါ့နော် PDF တပ်သားတွေက တစ်စုံတစ်ရာ ထိခိုက်မှု ရှိခဲ့တယ်ဆိုရင် ကျွန်မတို့အမျိုးသမီး တပ်သားတွေကပေါ့နော် ကုသမှုတွေပြုတယ်။ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးတဲ့ အခန်းကဏ္ဍမှာဆိုရင်လည်း M2W ဆေးတပ်သားများ အားဖြည့်ပါဝင်ပေးနေတဲ့အပိုင်းတွေ ရှိပါတယ်။ ကျွန်မတို့တွေ ဒီကြားကာလအတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နေတဲ့ တော်လှန်စစ်ကြီးကို ဆင်နွဲနေသလိုမျိုးပေါ့နော် ကြားကာလ ပညာသင်ကြားရေးနဲ့အတူ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အခန်းကဏ္ဍတွေထဲမှာဆိုရင်လည်း အားဖြည့်ပေးနေတယ်။

မေး။ M2W အနေနဲ့ တိုက်ပွဲ ဘယ်နှစ်ပွဲလောက် ပါဝင် ပတ်သက်ခဲ့ပြီးပြီလဲခင်ဗျ။

ဖြေ။ ကျွန်မတို့ M2W အနေနဲ့ဆိုရင်ပေါ့နော် တိုက်ပွဲအားဖြင့် နှစ်ကြိမ်တော့ ပူးပေါင်းပါဝင် အားဖြည့်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့အတူ စစ်ဆင်ရေးလုပ်ခဲ့ဖူးတယ်။ အဓိကအားဖြင့် မိုင်းစစ်ဆင်ရေးအားဖြင့်ဆိုရင် ၁၃ ခုတိတိဆောင်ရွက်ခဲ့ပြီးပြီ။ ဒီလိုစစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းတွေအပြင်ပေါ့နော် ကျွန်မတို့မဟာမိတ်တွေရဲ့ သီးခြားမြို့နယ်က မဟာမိတ်တွေရဲ့ စစ်ဆင်ရေးတွေမှာဆိုရင် သူတို့စစ်ဆင်ရေးမှာအောင်မြင်ဖို့အတွက် မိုင်းစစ်ဆင်ရေးတွေအောင်မြင်ဖို့အတွက်ဆိုရင် ကျွန်မတို့အနေနဲ့ နောက်ကနေ မိုင်းပံ့ပိုးပေးခဲ့ပါတယ်။

မေး။ အအောင်မြင်ဆုံး အားအရဆုံးတိုက်ပွဲအကြောင်းပြောပြပေးပါလား။

ဖြေ။ အအောင်မြင်ဆုံးနဲ့ အားအရဆုံး တိုက်ပွဲအကြောင်းကိုပြောရမယ်ဆိုရင်ကတော့ ကျွန်မတို့ ၂ ငါးလုံးပေါ့နော် ၂. ၂. ၂၀၂၂ ရက်နေ့က ကျေနပ်အားရမှုရှိတယ်လို့တော့ ပြောလို့ရတယ်။ နောက်တစ်ခုက မှတ်မှတ်ရရလည်း ရှိနေခဲ့တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့မတိုင်ခင်မှာ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဆိုရင်ပေါ့နော် စကစ အကြမ်းဖက်သမားတွေက ဒီ CASOI ရဲ့အရှေ့ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 005 ဆိုပြီးတော့ အဖွဲ့ရဲ့ စခန်းကို ဝင်ရောက်စီးနင်းခြင်းပြုသွားတဲ့အခါ PDF စခန်းကနေပြီးတော့မှ ဆုံးရူံးနစ်နာသွားတဲ့ ကာလတန်ဘိုးအားဖြင့်ဆိုရင် သိန်း၇၀ခန့်ရှိတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးနဲ့ပဲ စတင်ပြီးတော့ မြှောင်မြို့နယ်မှာဆိုရင် စစ်ကြောင်းတွေ စတင်ထိုးတယ်။ စစ်ကြောင်းတွေထိုးတဲ့အခါ ကျွန်မတို့တွေက မိုင်းစစ်ဆင်ရေးတွေ ဆင်ထားကြတယ်ပေါ့နော် ။အဲ့ဒီအတောအတွင်းကတော့ စစ်ကြောင်းတွေကလည်း ပတ်ပတ်လေးလည်ကနေပြီးတော့မှ စစ်ကြောင်းတွေ ထိုးတာခံရတယ်။ အဲ့ဒီတော့ ပြည်သူတွေက စစ်ရှောင်တွေက အခက်အခဲအကျပ်အတည်းတွေ ဖြစ်နေတယ်။ ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး။ ဘယ်ပြေးလို့ ဘယ်သွားရမှန်းမသိတဲ့ အနေအထားတစ်ခုမှာ ကျွန်မတို့ M2W အဖွဲ့ကနေပြီးတော့မှ ပြည်သူတွေ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုရောက်အောင် လမ်းကြောင်းတွေရှာပေးရတာမျိုးတွေက တဖက်ကနေ ဆောင်ရွက်ပေးနေရတယ်။ ကျန်တစ်ဖက်မှာကျတော့ ကျမတို့တွေရဲ့ မိုင်းစစ်ဆင်ရေးတွေ အောင်မြင်ဖို့အတွက်ဆိုပြီးတော့မှ ပွိုင့်တွေမှာ တာဝန်ယူဆောင်ရွက်ပေးနေရတဲ့ အခန်းကဏ္ဍတွေမှာလည်း ရှိနေတယ်။

ဆိုတော့ ဒီကာလ ဒီရက်အတွင်းမှာဆိုရင်ပေါ့နော် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ပြည်သူတွေကို အဓိကထားအလေးထားပြီးတော့မှ ကူညီပေးနေရတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ပေါ့နော် ။ ကျမတို့ရဲ့ စစ်ဆင်ရေးအောင်မြင်ဖို့အတွက်ဆိုတာမျိုးက ကျွန်မတို့တွေသည် ဒွန်တွဲနေတာပေါ့နော်။ ကျွန်မတို့တွေသည် စကစကို ချေမှုန်းနိူင်ဖို့အတွက်ကိုလည်း ကျွန်မတို့တွေက ကိုင်ပေးနေရတယ်။ ကျွန်မတို့တွေရဲ့ မစ်ရှင်အောင်မြင်သွားပြီးတဲ့နောက်မှာ ပြည်သူတွေရဲ့ ထိခိုက်မှုရှိနိူင်လား မရှိနိူင်လားဆိုတဲ့ ချိန်ဆရတဲ့အပိုင်းတွေကလည်း ရှိနေတယ်။ နောက်ဆုံးတော့ ၂ ငါးလုံးနေ့မှာပေါ့နော် ကျမတို့တွေ မိုင်းစစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိူင်ခဲ့တယ်။ ပထမဦးဆုံး အနေနဲ့ ကျွန်မတို့ဒေသခံတွေ ဆီကနေကြားသိရတာက အဲ့ဒီနေ့မှာပဲ စကစအကြမ်းဖက်သမားနှစ်ဦးကို ချေမှုန်းနိူင်ခဲ့တယ်လို့ ကျွန်မတို့ ချက်ချင်းသိလိုက်ရတယ်။ နောက်နေ့မှာကျတော့ ထပ်ပြီးတော့မှ ပြည်သူတွေဆီက သတင်းထပ်ပို့တာက နောက်ထပ်နှစ်ယောက်လည်း ထပ်ကျဆုံးတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ အဲ့ဒီ ၂ ငါးလုံး စစ်ဆင်ရေးမှာဆိုရင် စကစ အကြမ်းဖက်သမား လေးဦးကို ချေမှုန်းနိူင်ခဲ့တယ်။ ဒါတွေက ကျွန်မတို့အတွက် အမှတ်တရ ဖြစ်နေခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့တွေကိုယ်တိုင်ပေါ့နော် အဲ့ဒီ အန္တရာယ်အတွင်းမှာ Manage လုပ်နေရတဲ့အပိုင်း ကျွန်မတို့ကိုယ်တိုင် သီးသန့်ပေါ့နော် ဖော်ဆောင်ခဲ့တဲ့ မစ်ရှင် တစ်ခုလည်း ဖြစ်နေခဲ့တယ်။ ဆိုတဲ့အခါကျတော့ ကျွန်မတို့အတွက် မှတ်မှတ်ရရအရှိဆုံးနဲ့ အခက်အခဲတွေ အများကြီးကြုံတွေ့လိုက်ရတဲ့ အခိုက်အတန့်ပေါ့လေ။

မေး။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကိုရော ပြောပြပေးပါအုံး။

ဖြေ။လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့လိုအပ်ချက်တွေဆိုရင်ပေါ့နော် ကျွန်မတို့တွေမှာ ရှေ့တန်းထွက်ပြီး တိုက်ပွဲဝင်ဖို့ဆိုရင်ပေါ့နော် လက်နက်အင်အား မလုံလောက်နေဘူး။ ကျွန်မတို့တွေက ဒီတော်လှန်ရေးကို ဆင်နွဲဖို့ဆိုရင် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ဖို့အတွက် ကို ရွေးခဲ့ပြီးပြီဆိုမှတော့ ကျွန်မတို့တွေရဲ့ လိုအပ်ချက်အဓိကအားဖြင့် စစ်ရေးအရ လက်နက်တွေ လိုအပ်တယ်။ နောက်တစ်ခုကကျတော့ ဒီစစ်ရေးအရလက်နက်တွေလိုအပ်သလိုမျိုး ကျွန်မတို့တွေလက်ရှိကြုံတွေ့နေရတဲ့ အခိုက်အတန့်က ကျွန်မတို့ရဲ့မြို့က ကုန်းလမ်းရေလမ်း ဆက်သွယ်ရေးအားဖြင့် နှစ်ခုနဲ့ သွားလာလို့ရတဲ့နေရာတစ်ခုဖြစ်နေတယ် ။ လက်ရှိဆိုရင်ပေါ့နော် ရေတိုးနေတဲ့အခါကျတော့ ရေကြောင်းလမ်းနဲ့ သွားရတဲ့အခက်အခဲတွေလည်း ရှိတယ်။ ကျွန်မတို့တွေရဲ့ ရေကြောင်းလမ်းအားဖြင့်သွားလာလို့လွယ်ကူဖို့အတွက်ဆိုရင် မော်တော်ဘုတ်တို့လိုအပ်တာပေါ့နော်။

ဒါကတော့ Transportation အနေနဲ့လိုအပ်ချက် ဖြစ်နေခဲ့တယ်။ နောက်တစ်ခုကကျတော့ ကျွန်မတို့အနေနဲ့ လက်ရှိအနေအထားပေါ့နော် ကုန်ကျစရိတ်တွေလည်း နည်းနေတယ်။ နည်းနေတဲ့အခါကျတော့ ကျွန်မတို့လိုအပ်သလောက် မိုင်းတွေက ထုတ်လုပ်လို့အဆင်မပြေဘူးဖြစ်နေတဲ့အပြင် ကုန်းလမ်းရေလမ်းအားဖြင့်ပေါ့နော် နစကတွေ လာပိတ်ဆို့ထားတဲ့အခါမှာ ကျွန်မတို့တွေဆီရောက်ရှိလာမယ့် ကုန်ကြမ်းစီးဆင်းမှုဟာ အရမ်းပဲနှေးနေတဲ့အခါပေါ့နော် ထုတ်လုပ်ရေးဘက်မှာဆိုရင်လည်း အရှိန်မြှင့်လို့မရဘူးဖြစ်နေတယ်။ ကျွန်မတို့တွေက ဘယ်လိုပြန်သွားရလည်းဆိုရင် လက်ရှိကုန်ကြမ်းပြတ်တောက်နေတဲ့အခါမျိုးမှာဆိုရင် ကျွန်မတို့တွေဘက်ကနေပြီးတော့မှ ကြားကာလပေါ့နော် ပြည်သူလူထုအကျိုးပြုမယ့်လုပ်ငန်းဆောင်တာတွေဖော်ဆောင်လို့ရမယ့် ဖေးမကူညီလို့ရမယ့် အခန်းကဏ္ဍတွေမှာ ဆောင်ရွက်ပေးနေတယ်။ အဲ့ဒီလိုမျိုး တဖက်ကနေပြီးတော့မှ ပြည်သူလူထုအကျိုးကို ဖေးမကူညီတဲ့အခန်းကဏ္ဍတွေ ဆောင်ရွက်ပေးနေသလိုမျိုး ကျွန်မတို့ရဲ့လေ့ကျင့်ရေးတွေကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

မေး။ ဒီလို အခက်အခဲတွေကို ဘယ်လို ဖြေရှင်းနေကြပါသလဲ။

ဖြေ။ ကျွန်မတို့တွေအနေနဲ့ကပေါ့နော် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေလဲဆိုတဲ့အခါကျတော့ လက်ရှိဆိုရင်ပေါ့နော် ကျွန်မတို့သွားရေးလာရေးအခက်အခဲတွေရှိတယ်။ နောက် ကျွန်မတို့မှာ စစ်ဆင်ရေးတွေသွားပြီဟေ့ဆိုရင် ကျွန်မတို့တွေက ခြေလျင်သွားလို့ အဆင်ပြေမနေဘူး။ အဆင်မပြေတဲ့အခါ ကျွန်မတို့တွေ ဆိုင်ကယ်တွေသုံးရတယ်။ နောက်တစ်ခုကကျတော့ ဒီအခုဆိုရင် ရေလမ်းတွေအတွက်မှာ ကျွန်မတို့တွေ ပြင်ဆင်ကြရတော့မယ်။

ကျွန်မတို့ပြည်သူတွေကလည်းပေါ့နော် တော်လှန်စစ်ရဲ့ကာလတစ်နှစ်ကျော်သည်အထိတိုင်အောင် ရောက်ရှိလာခဲ့ပြီဆိုတော့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုကလည်းပေါ့နော် အရင်ကထက် ကျွန်မတို့ဆီ ပူးပေါင်းပါဝင် အားဖြည့်ပေးလာတဲ့အနေအထားမျိုးနည်းသွားတာမျိုးတွေ တွေ့လာရတယ်။ နောက်တစ်ခုကကျတော့ ကျွန်မတို့မြို့နယ်အတွင်းမှာ ဆိုရင်ပေါ့နော် စကစအကြမ်းဖက်သမားရဲ့ ဝင်ရောက်စီးနင်းပြီးတော့မှ တစ်ရွာဝင်တစ်ရွာထွက်နဲ့ မီးတင်ရှို့တဲ့ ကိစ္စတွေ ကျွန်မတို့ပြည်သူတွေပေးဆပ်လိုက်ရတဲ့ဟာ များပြားလာခဲ့တယ်ပေါ့နော်။ များပြားလာတဲ့အခါမှာ ကျွန်မတို့ မြို့နယ်တွင်းမှာတင် အမှီသဟဲပြုလို့မရတော့ဘူး ။ကျွန်မတို့တော်လှန်စစ်ကြီးဆင်နွဲနိူင်ဖို့အတွက်ဆိုရင်ပေါ့နော် ကျွန်မတို့ မြို့နယ်အတွင်းက ပြည်သူတွေဆီကနေ များများပံ့ပိုးမှုတွေရဖို့ဆိုတာက မျှော်လင့်လို့မရနိူင်တော့တဲ့ အနေအထားမျိုး တစ်ခုပေါ့နော်။ ဒါတွေကိုလည်း ကျွန်မတို့တွေ နားလည်ရပါတယ်။

ကျွန်မတို့တွေလုပ်နိူင်တဲ့ အနေအထားတစ်ခုကဘာလည်းဆိုတော့ တနည်းအားဖြင့် ကျွန်မတို့တွေသည် လက်နက်အခက်အခဲ လက်နက်ကိုလုံလောက်တဲ့တပ်ဆင်မှုတွေ မလုပ်နိူင်တဲ့အခါ ကျွန်မတို့တွေ လေ့ကျင့်ရေးတွေ အဓိကထားပြီးတော့ ဆောင်ရွက်တယ်။ နောက်တစ်ခုက ကျွန်မတို့ ဒီလက်ရှိဆိုရင်ပေါ့နော် ကျွန်မတို့ရဲ့ စစ်ရေးအရှိန်မြှင့်နိူင်ဖို့ဆိုပြီးတော့မှ ကျွန်မတို့မဲစတင်ရောင်းနေတဲ့အပိုင်းတွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်ရဲ့ M2W တပ်ရင်းရဲ့ပေါ့နော် စစ်ရေးအရ အသုံးစရိတ် စားသောက်စရိတ်တွေ အားလုံးကို ကိုယ်တိုင်ဖန်တီးနေရတယ်။ ကိုယ်တိုင်မဲရောင်းတဲ့စနစ် Fund Raising လုပ်နေရတဲ့အပိုင်းတွေရှိတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ အစားအသောက်အတွက်ဆိုရင် ဘာတွေပြင်ဆင်ရလည်းဆိုတော့ ကျွန်မတို့မြို့နယ်က မြေဆီလွှာအားဖြင့်ဆိုရင် သိပ်ကောင်းမွန်တဲ့အနေအထားဖြစ်နေတယ်။ ကျွန်မတို့တပ်ရင်းရဲ့ဘေးမှာဆိုရင် မြေယာလွတ်ထားတဲ့နေရာလေးတွေရှိတဲ့အခါပေါ့နော် အဲ့ဒီနေရာလွတ်လေးတွေမှာ သီးနှံစားပင်လေးတွေပေါ့နော် အသီးအရွက်လေးတွေ စိုက်ပျိုးပြီးတော့မှ ကိုယ်ထူကိုယ်ထနဲ့ သွားနေရတဲ့ အနေအထားမျိုးတစ်ခုကိုတော့ ကျွန်မတို့တွေ ရင်ဆိုင်နေကြရတာပေါ့နော်။

မေး။ အမျိုးသမီး တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့အတွက် အားသာချက်က ဘာတွေရှိမလဲ။ တော်လှန်ရေးကို ဘယ်လောက်အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်ထားသလဲ။

ဖြေ။ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ပေါ့နော် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အားသာချက်ကတော့ ကျွန်မတို့တွေ ဒီအရေးတော်ပုံ အောင်မြင်သွားခဲ့တယ်ဆိုရင်တောင်မှ ဒီနွေဦးတော်လှန်ရေးရဲ့ ရလဒ်ကနေပြီးတော့မှ ပေါ့နော် ဒီပွဲမှာ ဒီနွေဦးတော်လှန်ရေးမှာ ဆိုလို့ရှိရင် အမျိုးသားများနဲ့တန်းတူ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အမျိုးသမီးတွေ ကိုယ်၌ကပေါ့နော် လက်နက်ဆွဲကိုင်တော်လှန်တိုက်ပွဲဝင်နေရတယ်ဆိုတော့ သေချာပါတယ် ကျွန်မတို့အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဒီနွေဦးတော်လှန်ရေးပြီးတာနဲ့ တပြိုင်နက်ပေါ့နော် သူတို့ရဲ့အခန်းကဏ္ဍဟာ အရင်ကထက်ပိုပြီး မြှင့်ကောင်းမြှင့်လာနိူင်လိမ့်မယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက ကျတော့ အမျိုးသမီးတွေက အမျိုးသားတွေထက်စာရင်ပေါ့နော် စိတ်ဓာတ်ရေးရာကြံ့ခိုင်တယ်လို့တော့ ကျွန်မပြောပြချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အမျိုးသမီးတွေနဲ့ အမျိုးသားတွေနဲ့ နိူင်းယှဥ်တဲ့အခါ ကျွန်မတို့ပတ်ဝန်းကျင်မှာဆိုရင်ပေါ့နော် အမျိုးသား PDF တွေရှိတယ် ။ ဆိုတော့ ဒီလူငယ်တွေက PDF တပ်သားတွေ အဖွဲ့အစည်း အသီးသီးမှာ ရှိနေတဲ့ PDF တပ်သားတွေက လက်နက်အလုံအလောက် ရှိမနေတဲ့အခါ သူတို့တွေသည် ရှေ့တန်းမှာ တိုက်ပွဲဝင်ချင်ကြတဲ့ စိတ်ဆန္ဒပြင်းပြနေသော်လည်း လက်နက်မလုံလောက်တဲ့အခါ ရှေ့တန်းမှာ မထွက်ရပဲနဲ့ ဒီတပ်ရင်းထဲမှာ နောက်ကွယ်ကနေ ပံ့ပိုးပေးနေရတဲ့အခန်းကဏ္ဍအနေနဲ့ အချိန်ကုန်သွားတာမျိုး ဖြစ်ရတယ်။ ဆိုတော့ သူတို့ကိုယ်သူတို့ အားမလိုအားမရတွေဖြစ်ပြီးတော့မှ စိတ်ဓာတ်တွေကျနေကြတဲ့အပိုင်းတွေမှာ လူငယ်တွေက ကျွန်မတို့ လူငယ်တွေကကြုံတွေ့ခဲ့ရတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းကျဆင်းလွယ်တယ်လို့တော့ ကျွန်မတို့ မြင်မိတယ်။

ကျွန်မတို့အမျိုးသမီးတွေကကျတော့ ဘယ်လိုအနေအထားမျိုးနဲ့သွားလည်းဆိုရင် ကျွန်မတို့ တပ်ရင်းမှာ ဆိုရင်လည်း လုံလောက်တဲ့ လက်နက်တပ်ဆင်မှု ရှိမနေဘူး။ ဒါပေမယ့် ကျွန်မတို့က နောက်ကွယ်ကနေပြီးတော့မှ ဘယ်လိုမျိုးနဲ့ ပူးပေါင်းပါဝင်လို့ရမလဲ ဘယ်ဘိုအခန်းကဏ္ဍကနေ ငါတို့တွေက ပူးပေါင်းပါဝင်ခြင်းအားဖြင့် ဒီတော်လှန်ရေးကို ပိုပြီးတော့ ထိရောက်စေမလဲ အောင်မြင်စေမလဲဆိုတဲ့နောက်ကွယ်က ကူညီပံ့ပိုးနိူင်တဲ့အရာအားလုံးကိုလည်း ကျွန်မတို့တွေက ပြန်စဥ်းစားတယ်။ ကျွန်မတို့နောက်ကွယ်ကနေပြီးတော့မှ ပံ့ပိုးပေးလို့ရနိူင်တဲ့အရာအားလုံးကိုပေါ့နော် ပံ့ပိုးပေးတယ်။ ကျွန်မတို့တွေနောက်ကွယ်ကနေ ပံ့ပိုးပေးနေရခြင်းအားဖြင့် ဒီနွေဦးတော်လှန်ရေးရဲ့ အခန်းကဏ္ဍမှာ ရှေ့ရောက်မနေဘူးဆိုတဲ့အနေအထားမျိုးလည်း ကျွန်မတို့တွေမယူဆထားဘူး။ ကျွန်မတို့တွေသည် နိူင်ရာတာဝန်ကိုထမ်းတယ်။ ကျရာအခန်းကဏ္ဍမှာ ကျေပွန်စွာ တာဝန်ထမ်းရွက်တယ်။ အလားတူပဲပေါ့နော် ကျွန်မတို့တွေက ဟန်ချက်ညီညီနဲ့ တပ်ရင်းမှာရှိနေတဲ့ စစ်သည်တွေအားလုံး ဟန်ချက်ညီညီနဲ့ တက်လှမ်းနေတဲ့အခါ ကျွန်မတို့လိုချင်တဲ့ Target ကို လျှောက်လှမ်းနိူင်လိမ့်မယ်လို့တော့ ကျွန်မတို့ ယုံကြည်ထားတယ်။ ကျွန်မတို့ Target သည် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့နဲ့ အတူ ကျွန်မတို့လိုချင်တဲ့ ကျားမ တန်းတူအခွင့်အရေး ရဖို့အတွက်ကိုလည်း တပါတည်း ဖော်ဆောင်နိူင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကျွန်မတို့ရဲ့ အန္တိမပန်းတိုင်အနေနဲ့ ဖက်ဆစ်ကျဆုံးရေးနှင့် ကျားမတန်းတူ အခွင့်အရေးရရှိရေးတို့သည် ကျွန်မတို့ရဲ့ အန္တိမပန်းတိုင်နှစ်ခုလို့ ကျွန်မတို့ ပြောလို့ရတယ် ။ ဒါကြောင့် ကျွန်မတို့တွေသည် ရှေ့ပိုင်းမှာပြောခဲ့သလိုမျိုးပေါ့နော် အမျိုးသမီးတွေချည်း ဘာကြောင့် လက်နက်ကိုင်လမ်းစဥ်ကို ဘာလို့ရွေးချယ်ခဲ့ရလဲဆိုရင် ကျွန်းမတို့အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍ ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက်ကလည်းဖြစ်တယ်။ နောက်တစ်ခုက ကျွန်မတို့တွေရဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အထိအရေးပါတယ် ဘယ်လိုအခန်းကဏ္ဍတွေမှာ ဒီအမျိုးသမီးတွေက စေ့စပ်သေချာစွာလုပ်နိူင်တယ်ဆိုတာမျိုးကိုလည်း ကျွန်မတို့တွေထောက်ပြချင်တယ်ဆိုတော့ ကျွန်မတို့တွေ ကိုယ်၌က ကဏ္ဍအသီးသီးမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင် အားဖြည့်ပေးနေတယ်။ ဒီလိုပါဝင်အားဖြည့်ပေးနေခြင်းအားဖြင့်ပေါ့နော် ကျွန်မတို့ရဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပြည်သူလူထုတစ်ရပ်လုံးက မြင်သလိုမျိုး ကျွန်မတို့နဲ့တန်းတူ တော်လှန်စစ်ကို ဆင်နွဲနေတဲ့ PDF တပ်သားတွေကလည်း မြင်နေခဲ့တယ်ပေါ့နော်။ ကျွန်မတို့တွေ ကိုယ့်အခန်း ကဏ္ဍကို မြှင့်တင်တယ်။ ကိုယ့်ရဲ့ ဝေယာဝစ္စ ကိုယ့်ရဲ့ အခန်းကဏ္ဍ ကိုယ့်ရဲ့ လုပ်ငန်းကိုင်ငန်းကဏ္ဍ ကိစ္စရပ်တွေကို ကိုယ်တိုင်ဖန်တီးတယ်။ ကိုယ်တိုင်ကျော်လွှားတယ်။ ကိုယ်တိုင် အခက်အခဲတွေကို ဖြေရှင်းတယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့ အားသာချက်လို့တော့ ပြောလို့ရတာပေါ့။

မေး။ နောက်ဆုံး မေးခွန်းအနေနဲ့ တော်လှန်ရေး ရဲမေတစ်ယောက်အနေနဲ့ ပြည်သူတွေကို ပြောချင်တာများရှိရင် ပြောပြပေးပါခင်ဗျာ။

ဖြေ။ ကျွန်မတို့အနေနဲ့ ပြည်သူလူထုကို ပြောချင်တာကတော့ ကျွန်မတို့တွေရဲ့ အဓိကပန်းတိုင်ပေါ့နော် ဖက်ဆစ်အာဏာရှင်စနစ် အမြှစ်ပြတ်ကျဆုံးဖို့ ဖြစ်နေခဲ့တယ်။ ဆိုတော့ကျွန်မတို့တွေက ပြည်သူလူထုရဲ့ အားပေးဝိုင်းရံမှု ထောက်ခံမှုနဲ့ ကျွန်မတို့တွေ ဒီတော်လှန်စစ်ကို ဆင်နွဲခဲ့ကြတယ်။ ရရာလက်နက်စွဲကိုင်ပြီးတော့မှ ဖက်ဆစ်အာဏာရူးတွေကို တော်လှန်ပုံကန်ခဲ့တာဆိုရင်ပေါ့နော် ယနေ့အချိန်ထိဆို တစ်နှစ်ကျော်ခဲ့ပြီ ဒီအချိန်အတိုင်းအတာ တစ်ခုထိတောင်းခံပေးတာကလည်း ပြည်သူတွေအနစ်နာခံပေးထားတဲ့ ပြည်သူတွေကို ကျေးဇူးအများကြီးတင်တယ်။ ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ရောက်သွားဖို့အတွက် ကျွန်မတို့တွေ ဆက်လက်ပြီးတော့မှ တောင့်ခံထားကြရအောင်။ ကျွန်မတို့လိုချင်တဲ့ ဖက်ဆစ်အာဏာရှင်စနစ် ကျဆုံးဖို့အတွက်ဆိုရင် ကျွန်မတို့တွေ အားသွန်ခွန်စိုက် ကျွန်မတို့တွေပို၍ ပို၍ အားစိုက်ထုတ်မှုတွေနဲ့ပေါ့နော် ကျမတို့တွေ အရှိန်အဟုန်ကောင်းစွာ ချီတက်ကြရအောင်လို့တော့ ကျွန်မတို့အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ် ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

မေးမြန်းသူ – ဆေကောင်ခမ်း (ရှမ်းနီအသံ)