“AA ကို အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်ထားတယ်၊ ပူးပေါင်း ဆောင်ရွက်ရေး၊ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်ဘူး ဆိုရင်တော့ ဒီစစ်ပွဲက ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်သလို Covid -19 အတွက် ပူးပေါင်းဆောင်ရွက် နိုင်မှာလည်း မဟုတ်ဘူး” ဆရာမောင်မောင်စိုး

0
293

၁၂ မေ ၂၀၂၀

မြန်မာနိုင်ငံတွင် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ (တစ်နိုင်ငံလုံး) ကျန်နယ်မြေများ၌ မေလ (၁၀) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့ အပစ်ရပ်စဲထား မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအစိုးရမှ ရက္ခိုင့်တပ်တော် (AA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ (၂၃) ရက်နေ့တွင် ကြေညာခဲ့သဖြင့် တပ်မတော်မှ အပစ်ရပ်စဲထားရာတွင် AA ရှိရာ နေရာများမပါဝင်ပေ။ ရခိုင်ပြည်နယ်ရှိ ဒေသခံများမှာလည်း Covid -19 ကပ်ရောဂါထက် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ တပ်မတော်၏ အပစ်ခတ်ရပ်စဲထားသည့်ခြင်းတွင် ထိုနယ်မြေများ မပါဝင်သည့်အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တို့၏ သဘောထားအမြင်များကို စုစည်းတင်ပြ လိုက်သည်။

စာရေးဆရာ မောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)ဆရာမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

ကိုရိုနာဗိုင်းရပ်စ် စတွေ့တဲ့ မတ်လ(၂၃) ရက်နေ့မှာ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ကိုဗစ် ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီမှာလည်းပဲ AA ကို ဒီ Covid – 19 ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သတ်ပြီး ကမ်းလှမ်းတယ် လို့ပြောတယ်။ ဒါပေမယ့် လက်ရှိငြိမ်းချမ်းရေး ၊ အပစ်ခတ် ရပ်စဲရေးနဲ့ ပတ်သက်ရင် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA တို့ ARSA တို့ပေါ့နော်။ လောလောဆယ်မှာတော့ AA နဲ့ တိုက်ခိုက်နေတဲ့ အဲဒီ နေရာတွေမပါဘူးလို ့တပ်မတော် ကြေညာတယ် ဆိုတော့ နည်းနည်း နားလည်ရ ရှုပ်ထွေးတယ်။ အစိုးရက Covid -19 နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေငြာတယ်။ အပစ်ခတ်ရပ်စဲရေးမှာ AA မပါဘူးဆိုတော့ အစိုးရရဲ့ COVID-19 ပူးပေါင်း ဆောင်ရွက်ရေးက အလိုလို ပျက်ပျက်သွားတယ်လို့ပဲ ပြောရမယ်ပေါ့။ ဘာလို့လည်းဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ အတွက်ကြောင့်မို့လို့ အစိုးရရဲ့ Covid-19 ပူးပေါင်း ဆောင်ရွက်ရေးနဲ့ AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတာနဲ့ လက်ရှိ တပ်မတော် ငြိမ်းချမ်းရေး ကြေညာချက်မှာ ပါနေတဲ့ အချက်တွေက ပဋိပက္ခတွေ ဖြစ်ပွားနိုင်တယ်။ ချုပ်လိုက်ရင်တော့ လောလောဆယ် တပ်မတော် ပစ်ခတ်ရပ်စဲရေးက AA မပါဘူး ရခိုင်ပြည် မပါဘူး။ နောက်တခု အစိုးရရဲ့Covid -19 ပူးပေါင်းဆောင်ရွက်ရေး ကလည်း အလိုအလို ပျက်ပြယ်သွားနိုင်တယ်။ လက်ရှိ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ မရပ်နိုင်တဲ့ ပြဿနာပါပဲ။ ဆိုလိုတာကတော့ (၂၀၁၈) အကုန်က စပြီး တပ်မတော်နဲ့အပြင်းအထန် စစ်ပွဲတွေဖြစ်နေတာက AA ပဲရှိ တယ်။ ကျန်တဲ့ အဖွဲ့တွေနဲ့ ဆိုတာက နယ်မြေကိစ္စ အငြင်းပွားတာတွေပဲဖြစ်တယ်။ တိုက်ပွဲတွေလည်းနည်းနည်း ပဲဖြစ်တယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တိုက်ပွဲအပြင်း အထန်ဖြစ်နေတာက AA နဲ့ဖြစ်နေတာ။ အဲတာနဲ့ ပတ်သက် ပြီးတော့ AA ကို အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်ထားတယ်။ ပူးပေါင်း ဆောင်ရွက်ရေး၊ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်ဘူး ဆိုရင်တော့ ဒီစစ်ပွဲက ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်သလို Covid -19 အတွက် ပူးပေါင်းဆောင်ရွက် နိုင်မှာလည်း မဟုတ်ဘူး။

ဦးစိုးထက် (စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)
ဦးစိုးထက် (စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)

နယ်မြေမှာလည်း မအေးချမ်းသေးတဲ့အတွက် (အခုထုတ်တဲ့ကြေငြာချက်မှာ) အကြမ်းဖက်အဖြစ် AA လို့မဟုတ်ဘူး။ ARSA လည်းပါမယ် ထင်တယ်။ ARSA ကလည်း ရခိုင်ဘက်ရော ဒီပလက်ဝနယ်ဘက်ရော လှုပ်ရှားမှုတွေရှိနေတယ်လေ။ AA ရဲ့လှုပ်ရှားမှုလည်း ရှိတာပေါ့။ ဆိုတော့ တပ်ကတော့သူ့ဟာသူ ကြေညာပြီးသားပဲ။ ဒီနယ်မြေကို အေးချမ်းအောင် ရှင်းလင်းသွားမယ်လို့လေ။ အရင်တုန်းကလည်း ကြေညာတယ်။ အခုလည်း အဲဒီအတိုင်းပဲ လုပ်နေတာပေါ့နော်။ ပလက်ဝမြို့နယ်ဟာ အရင်တုန်းက အဖြူရောင်ပဲ အဖြူရောင်နယ်မြေဖြစ်တဲ့ အထိကို သူတို့က ရည်စူးပြီး လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မအေးချမ်းသေးတဲ့ နေရာဖြစ်တဲ့ အတွက် အခုကတော့ တကယ့်ကို အနက်ရောင်နယ်မြေ ဖြစ်သွားပြီလေ။ အနက်ရောင်အဆင့်ကို ရောက်သွားပြီ။ ဆိုတော့ အဖြူရောင်ဖြစ်အောင် ရှင်းလင်းလုပ်မှာဖြစ်တဲ့အတွက် ဒေသခံတစ်ယောက်အနေနဲ့ ကျွန်တော်တို့ကတော့ တပ်မတော်လုပ်တဲ့ အပေါ်မှာ ဘာမှ မှတ်ချက်ပြုစရာမရှိပေမယ့်။ ဒါကတော့ အဖြူရောင်ဖြစ်အောင်လုပ်မယ်ဆိုေတာ့ ဆက်တိုက်ရှင်းလင်းမှု လုပ်သွားရမယ့် အနေထားလို့ သိထားတာပေါ့နော်။ ဆိုတော့ ကျန်တဲ့နေရာဘက်မှာလည်း အအေးချမ်းပါဘူး။ မအေးချမ်းပေမယ့် အခုက အဆိုးဝါးဆုံး အခြေနေက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ကျွန်တော်တို့ ချင်းပြည်နယ် ပလက်ဝက အဓိကဖြစ်နေတာကို။ ပလက်ဝကလည်း အိန္ဒိယနယ်စပ်နဲ့လည်း ၄၅ ကီလိုမီတာလောက် နယ်နိမိတ် ထိစပ်နေတယ်။ ဘင်္ဂလားဒေ့ရှ် ၄၆ မိုင် နယ်နိမိတ် ထိစပ်နေတော့ AA တွေရဲ့ လှုပ်ရှားမှု ဝင်ထွက်ပေါက်က ဒီက အခုလည်း အဲဒီအတိုင်းပဲသုံးနေတာဆိုတော့ အဲဒီအပေါ်မှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် ဒီနေရာကို နောက်ထပ် အပစ်ခတ်ရပ်စဲရေး မလုပ်ပဲ ဆက်ရှင်းနေတယ်လို့ ကျွန်တော်က သဘောပေါက်ပါတယ်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြေပုံမြို့နယ်)
ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြေပုံမြို့နယ်)

ဒီဟာက ကိုဗစ်ရောဂါ တားဆီးရေးမှာ တစ်ထောင့်တစ်နေရာက အထောက်ကူပြုနိုင်ဖို့အတွက် အပစ်ခတ်ရပ်စဲထားဖို့ ဆိုပြီးကြေညာတာ။ အရင်တုန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲမှုတွေရှိတယ်လို့ တပ်မတော်ဘက်က ကြေညာထားခဲ့တာတွေရှိခဲ့တယ်။ အဲဒီမှာလည်း ရခိုင်ပြည်မြောက်ပိုင်း စစ်ဖြစ်နေတဲ့ ဒေသတွေမပါခဲ့ဘူး။ သူတို့က AA အကြမ်းဖက်အဖွဲ့ မပါလို့ ပြောတာဟာ AA တပ်ဖွဲ့ဝင်တွေမှာ ရောဂါဖြစ်နေတာ မဟုတ်။ ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်နေတာ။ အဲဒီမှာ အကြမ်းဖက် ဧရိယာဆိုတာကတော့ ပြည်သူတွေနဲ့ သက်ဆိုင်နေတယ်။ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA ရဲ့ အကျိုးစီးပွားထက် ဒီဒေသခံပြည်သူတွေရဲ့ ကိုဗစ် နဲ့ ပတ်သက်ပြီးတော့ ရောဂါမဖြစ်ပွားအောင် အထောက်ကူပြုဖို့ လုပ်ငန်းစဉ်အတွက် ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲ ထားတယ်ဆိုတာ ပေါ်လွင်ဖို့လိုတယ်။ အခုသူတို့ ကြေညာချက်အတိုင်းဆိုရင် အကြမ်းဖက်အဖွဲ့အစည်း ရှိတဲ့နယ်မြေ၊ အဲဒီနယ်မြေထဲမှာ ရှိတဲ့ပြည်သူတွေဟာလည်း နိုင်ငံသူနိုင်ငံသားတွေဖြစ်တယ်။ အဲဒီနယ်မြေတွေမပါဝင်တာဟာ AA ကိုအပြစ်ဒဏ်ပေးတာမဟုတ်ပဲ။ ပြည်သူတွေကို ပြစ်ဒဏ်ပေးတာနဲ့ တူနေတယ်။ အဲဒီဟာကို ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မူတည်လို့မဟုတ်ဘဲနဲ့ ကိုဗစ်နဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ နယ်မြေထဲမှာ ရခိုင်ပြည်နယ်မပါဆိုတာ။ ရခိုင်ပြည်သူတွေကို သက်သက် ကွက်ပြီးတော့ ချန်ထားခဲ့တယ်လို့မြင်တယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ကိုဗစ်ဆိုတာက တစ်နေရာဖြစ်ရင် တစ်နိုင်ငံလုံးမှာ ပြန့်ပွားနိုင်တဲ့အတွက် ရခိုင်မြောက်ပိုင်းကို ကွက်ပြီးတော့ ချန်ထားခဲ့တယ်ဆိုတာ အစိုးရမှာ စိတ်ရင်းစေတနာ အမှန်၊ ရည်ရွယ်ချက်အမှန်မရှိဘူးလို့ ပြောချင်တယ်။ ဒါ AA ကို ပြစ်ဒဏ်ပေးရာမကျဘဲ ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူတွေကို ချန်လှပ်ထားဟာနဲ့ တူနေတယ်။

ဒေါက်တာ ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)
ဒေါက်တာ ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ)

တပ်မတော်က အခုလိုမျိုး ငြိမ်းချမ်းရေးအတွက် ကြိုဆိုပြီးတော့ တိုက်ပွဲတွေ ရပ်ပေးတာတော့ ကျမတို့ကကြိုဆို ပါတယ်။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးပေးလို့ရှိရင်လည်း ထိထိရောက်ရောက် တကယ်ရအောင်၊ ငြိမ်းချမ်းရေး တကယ်ဖြစ်အောင်ပေါ့နော် ခြွင်းချက်တခု အဖြစ်မထားသင့်ဘူး။ အခုကတော့ အကြမ်းဖက်အဖွဲ့တွေ မပါဘူး ဆိုပြီးတော့ ခြွင်းချက်ထားတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးက ပေးတော့ပေးတယ် မရဘူးဖြစ်တယ်။ တခြား လက်နက်ကိုင် တပ်ဖွဲ့တွေနန့်က ဒီလောက်ထိကြီးကြီးကျယ်ကျယ် ဖြစ်နေတာ မရှိဘူးလေ။ အဓိက မြန်မာနိုင်ငံမှာ မငြိမ်းချမ်းတာက အခု မြန်မာ့တပ်မတော်နဲ့ AA နဲ့တိုက်ပွဲဖြစ်နေတာက တော်တော်လည်း ဆိုးဝါးတယ်။ မြန်မာ့တပ်မတော်က ပြည်သူလူထုကို တကယ်ငြိမ်းချမ်းရေး ပေးချင်တယ်ဆိုရင် ကန့်သတ်ချက်တွေ မထားသင့်ဘူး။ မည်သည့်လက်နက်ကိုင် တပ်ဖွဲ့ကိုမဆို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရမယ်။ အင်အားကြီးတဲ့လူက ဆွေးနွေးနိုင်ရမယ်။ အင်အားကြီးတဲ့ လူကပိုပြီးတော့ သတ္တိရှိရမယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုးခြွင်းချက်ထားပြီးေတာ့ ငြိမ်းချမ်းရေး ကမ်းလှမ်းတာမျိုး မဖြစ်သင့်ဘူး။ ငြိမ်ချမ်းရေးအတွက် ခေတ္တ အပစ်ခတ်ရပ်စဲ ရပ်စဲ၊ ထာဝရပဲ အပစ်ခတ်ရပ်စဲ ရပ်စဲ ခြွင်းချက်မရှိအောင်ပေါ့နော်၊ ခြွင်းချက်မရှိတာ ဆောင်ရွက်သင့်တယ်။ အဲလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေ မပါဝင်ဘူးလို့ ခြွင်းချက်ထားလိုက်တဲ့ အခါကျတော့ အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုအတွက်ကို ကိုယ်က မစဉ်းစားရာ ကျတယ်။ မငဲ့ညာရာကျတယ်။ အဲတော့ပြောစရာရှိတယ် ဒါဆိုရင် AA ကကော ဘာကြောင့် တိုက်ပွဲ ဝင်နေကြတာလည်း ပေါ့နော်။ ဒါမျိုး ပြောစရာတွေ ရှိလာတယ်ပေါ့။ အဲဒီတာ့ AA ဖက်ကလည်းပဲ တပ်မတော်ဖက်က ငြိမ်းချမ်းရေးအတွက် စိတ်ပါဝင်စားလာတဲ့ အချိန်အခါမျိုးမှာ ကိုယ်ကလည်းပဲ စတင်ပြီးတော့ပေါ့နော် ဒါငြိမ်း ချမ်းရေးအတွက် ကမ်းလှမ်းတာတို့ဘာတို့လုပ်သင့်တယ်။ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားမှပဲ ဒီပြည်နယ်က ငြိမ်းချမ်းရေး ရမှာလေ။ မဟုတ်လို့ရှိရင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ကြတယ်။ သေဆုံးကြတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို ချစ်တယ်ဆိုရင်တော့ တကယ် ငြိမ်းချမ်းစေချင်တယ် ဆိုရင်တော့ ဒီဒေသမှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တပ်မတော်ကော AA ကော အခြားသော AA ကို လက်ခံထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကော အားလုံးက ရခိုင်ပြည်ရဲ့ ပြည်သူ လူထုမျက်နာကိုကြည့်ပြီးတော့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို စတင်သင့်တယ်။ ခြွင်းချက်ဆိုတာ မထားသင့်ဘူး လို့ ကျမတို့က မြင်တယ်။

ခိုင်ရိုးလ(DMG)-စုစည်းတင်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here