29 March 2024 /

See today's Peace Related News

စဉ့်ကူးမြို့နယ်အတွင်းရှိ ကောက်ရိုးပုံနှင့် သဲအင်းရွာများမှ ဒေသခံများ၏ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်။

ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ထဲက ကောက်ရိုးပုံရွာ အပါအဝင် ကျေးရွာနှစ်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ကောက်ရိုးပုံကျေးရွာနှင့် သဲအင်းကျေးရွာထဲက နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“သူတို့က လှေတွေနဲ့ဝင်လာတာ။ သူတို့ဝင်လာတာနဲ့ ပြေးရပြီ။ ကောက်ရိုးပုံရွာကို မီးရှို့ပြီးမှ သဲအင်းကို ရှို့တာ။ မီးရောင်တော့ အဝေးကမြင်ရတယ်။ ဘယ်နှစ်အိမ်ရှို့ခံရတယ်ဆိုတာကိုတော့ မသိသေးဘူး” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

စဥ့်ကူးမြို့နယ်ထဲက ရွာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲ ပြီးနောက် ထိုကဲ့သို့ နေအိမ်များကို လိုက်လံ မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၂၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်သည် ရေလမ်းမှတဆင့် ဝင်ရောက်လာပြီးနောက် ကောက်ရိုးပုံကျေးရွာကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် အနီးအနားက ကျေးရွာတစ်ရွာဖြစ်သည့် သဲအင်းကျေးရွာအတွင်းရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ရွာသားများက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာထဲ ဝင်ရောက်တပ်စွဲနေရာယူထားသည့်အတွက် ရွာသားများကလည်း စိုးရိမ်ကာ ပုန်းအောင်း တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယနေ့အချိန်ထိ ကျေးရွာထဲ မဝင်ကြသေးသည့်အတွက် အိမ်မည်မျှ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ကို မသိရသေး ဘူးဟု ဆိုကြသည်။

သဲအင်းကျေးရွာက လေဖြတ်နေသည့်အဘွားအိုကို လူနာစောင့်ပေးနေသူ ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ထို့အပြင် သဲအင်း၊ ကောက်ရိုးပုံကျေးရွာတို့ အနီးအနားရှိ အခြားသောကျေးရွာများဖြစ်သည့် ကျွန်းတော်ကြီး၊ နတ်ကြီးစင်နှင့် ကမ်းဖြူကျေးရွာအတွင်းရှိ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံရွာသားများက ပြောသည်။

စဉ့်ကူးမြို့နယ်အတွင်းက ကြက်တူရွေးကျေးရွာတွင် စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ ဒီနေ့အချိန်ထိ တပ်စွဲထားပြီး အနီးအနားကျေးရွာများက ရွာသားများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ၎င်းတို့ သတင်းရရှိထားသည့် အိမ်များအတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ဆောင်နေသည့် ရွာသားများက ရပ်ရွာများကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

NMG – ပေးပို့သည်။