ရခိုင်ပြည်နယ်အတွင်းရှိ အပစ်မဲ့ပြည်သူ ၃၀ ကျော်အား စကစတပ်က ဖမ်းဆီးထားကြောင်း AA ပြော

0
191

၂၈ ဇွန် ၂၀၂၂

ရခိုင်ပြည်တွင် ယခုရက်ပိုင်း အတွင်း စစ်တွေ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အပြစ်မဲ့ အရပ်သားပြည်သူ ၃၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်မှ ၂၁ ဦး၊ ကျောက်တော်မြို့နယ်မှ ၃ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ၈ ဦး စုစုပေါင်း ၃၂ ဦးတို့ဖြစ်ပြီး AA က ဇွန်လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့တို့တွင် ဆက်တိုက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲနှင့် စစ်တွေမြို့တို့တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်နှင့် စရဖ စသည့် စစ်တပ်နှင့် ဆက်နွှယ်သူ စုစုပေါင်း ၁၄ ဦးထက်မနည်းကို AA က ဖမ်းဆီးခဲ့သည်။

ထိုသို့ စစ်ကောင်စီနှင့် ဆက်နွှယ်သူများကို AA က ဖမ်းဆီးပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် ဒေသခံပြည်သူများကို လိုက်လံ ဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။

စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်က မြန်မာစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့်တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးသွားပြီးနောက် မြန်မာစစ်တပ်က မင်းဂံ၊ ဆတ်ရိုးကျ၊ ဆင်ကူးလမ်း၊ ကန်တော်ကြီး အနောက်စံပြ ရပ်ကွက်မှ အုပ်ချုပ်မှူးအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဆင်ကူလမ်းရပ်ကွက်မှ ဖမ်းဆီးခံရသူ ကိုခင်မောင်စော ဇနီးဖြစ်သူ ဒေါ်ကျော့ကျော့လွင်က “သူနဲ့ ဒီနေ့ အထိအဆက်အ သွယ်မရသေးဘူး။ ဘယ်နေရာကို ခေါ်သွားလဲဆိုတာလည်း မသိရသေးဘူး။ သူ့မှာ သွေးတိုး ရောဂါရှိပါတယ်။ ဇနီးတစ်ယောက်အနေနဲ့ စိုးရိမ်းမှုရှိတာပေါ့၊ အမြန်ဆုံး ပြန်လွှတ်ပေး စေချင်ပါတယ်။ ကျွန်မယောက်ျားမှာ ဘာမှအပြစ်မရှိဘူး။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှုမရှိဘူး” ဟု ၎င်းကဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့မှ ဖမ်းဆီးခံရသူများထဲမှ ကိုဘလှိုင်မှာ ဆောက်လုပ်ရေးပစ္စည်းဆိုင် ရောင်းချနေသူဖြစ်ပြီး မြန်မာစစ်တပ်က ဖမ်းဆီးခံရသည့်နေ့မှ စကာ လက်ရှိထိ တစ်စုံတစ်ရာ သတင်းအစအနမရသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်မှုများရှိနေကြသည်။

“အဆက်အသွယ်မရသေးပါဘူး။ ကျွန်မတို့လည်း ဟိုနေရာစုံစမ်း၊ ဒီနေရာမှာ စုံစမ်းနဲ့ ဘယ်မှာသွားရှာလို့ ရှာရမှန်းမသိဘူး။ ကျွန်မကိုလည်း ဖမ်းမှာကြောက်ပြီးတော့ ရှောင်နေရတယ်။ ဘယ်နေရာကိုခေါ်သွားမှန်းမသိ ဘူး။ စိုးရိမ်မှုတော့ရှိတာပေါ့၊ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ကိုဘလှိုင်၏နီးဖြစ်သူူ မအေးအေးခိုင် က DMG သို့ပြောသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့သော်လည်း လက်ရှိတွင် အပြန်အလှန်ဖမ်းဆီးမှုကနေ စစ်ရေးတင်းမာမှုများ ရှိလာနေသည်။

ထိုသို့ ဖမ်းဆီးရာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် အချင်းချင်းကိုသာ ပစ်မှတ်ထားသင့်သော်လည်း ယခုအခါ မြန်မာစစ်တပ်က ဒေသခံပြည်သူများ ဖမ်းဆီးနေခြင်းမှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်ပြောဆိုသည်။

“ပြဿနာဖြစ်တဲ့ အဖွဲ့တွေ တစ်ဖက်ကို တစ်ဖက်ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့ မပြောလိုဘူး။ အဓိကပြည်သူတွေကို ဖမ်းတယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ သည်းခံလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်ဆိုတာရှိတယ်။ အခုက ပြည်သူတွေကို အခုလို့ ဖမ်းဆီးနေတာဟာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ချိုးဖောက်ရာရောက်တယ်” ဟု ဦးအောင်သောင်းရွှေက DMG သို့ ပြောသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း ဖမ်းဆီးနေသည့်ကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ကြားခံများနှင့်ချိတ်ဆက်ကာ သက်ဆိုင်ရာ နှစ်ဦးနှစ်ဘက် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအဖြေရှာ ဆွေးနွေးရန်လိုအပ်ကြောင်းလည်း ရခိုင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင်က ဇွန်လ ၂၄ ရက်နေ့က DMG သို့ ပြောဆိုထားသည်။

အဆိုပါ အပြစ်မဲ့ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဆိုသည့် AA ဘက်က ပြောဆိုမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်ဘက်ကတော့ ကျွန်တော်တို့က အကြောင်းမဲ့ ဖမ်းဆီးတာမျိုး AA နဲ့ ဆက်သွယ်လို့ ပြီးတော့ ဖမ်းဆီးတာမျိုးလည်း မရှိဘူး။ သို့သော် ကျွန်တော်တို့အနေနဲ့ကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ပြောထားတာရှိတယ်။ အုပ်ချုပ်ရေး၊ ယန္တရားတွေ နောက်ယှက်တာပဲဖြစ်ဖြစ်။ ဒါတွေကိုတော့ ကျွန်တော်တို့ တည်ဆဲဥပဒေနဲ့ပဲ အရေးယူရမှာဖြစ်တယ်။ ကျန်တဲ့ကိစ္စတွေမှာတော့ အကြောင်းမဲ့ ဖမ်းဆီးတာတို့၊ သူတို့နဲ့ဆက်သွယ်လိုဖမ်းဆီးတာမျိုး တစ်ခုမှမရှိဘူး” ဟု ဇွန် ၂၃ ရက်နေ့က BBC သတင်းဌာနသို့ ဖြေကြားထားသည်။

ထို့အတူ မြောက်ဦးမြို့တွင်လည်း မြန်မာစစ်တပ်က ဒေသခံ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးထားမှုများ ရှိနေသည်။

သို့သော်လည်း မြောက်ဦး ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA အနေဖြင့် ထုတ်ပြန်ခြင်းမရှိသည့်အပြင် DMG ကလည်း ဖမ်းဆီးသူများစာရင်းကို အတိအကျ စုံစမ်းနေဆဲဖြစ်သည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here