ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ၁၀ နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များနေ

0
177

၂၈ ဇွန်၂၀၂၂

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ ဇွန်လအစပိုင်းကနေစပြီး ၁၀ နှစ်အောက် ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များလာနေတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့သူတွေက ဆိုကြပါတယ်။

စစ်ရှောင်ကလေးငယ်တွေ အခုလို ဖျားနာတာနေတာ နှစ်ပတ်ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

“ဘယ်လိုရောဂါလဲဆိုရင် ရာသီတုပ်ကွေးပဲထင်တယ်။ ဖျားတယ်။ နှာစီးတယ်။ ချောင်းဆိုးတယ်။ ဒီလောက်ပါပဲ။ ရောဂါ လက္ခာဏာက အဲ့တာပဲ ဖြစ်တယ်။ ပြင်းပြင်းထန်ထန်မျိုးတော့ မဖြစ်ဘူး။ ကိုယ်ပူတာများတာပေါ့။ ပြီးတော့ ချောင်းဆိုးတာ ကိုယ်ပူပြီးလို့ရှိရင် ချောင်းလိုက်ဆိုးတာ” လို့ စစ်ရှောင်စခန်း ဆေးဆရာမတစ်ဦးက ပြောပါတယ်။

၃ရက် ကနေ ၅ ရက်အထိ ဖျားနာကြပြီး အများအားဖြင့် ၅နှစ်အောက် ကလေးငယ်တွေ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ တောတောင်ထဲ နေရတာဖြစ်သလို ခြင်တွေ ပေါတဲ့အတွက် အခုလို ဖျားနာတာတွေ ဖြစ်နိုင်တယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

စစ်ရှောင်တွေအနေနဲ့ ကျေးရွာထဲ ပြန်နေချင်ကြပေမယ့် လက်နက်ကြီး ဒဏ်ကို ကြောက်နေရတဲ့အတွက် အခုလို တောထဲ စစ်ရှောင်စခန်းမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်းမာရေးအတွက် အခက်ခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကလေးတွေလည်း နှာစီးချောင်းဆိုး ဖြစ်နေကြတယ်။ အကယ်၍ ညအချိန် အဖျားတက်လာရင် ဘယ်နား သွားပြရမလဲ အဲ့လိုမျိုးပေါ့။ ဖျားနာတာတွေ မရှိရင် နေလို့ပျော်တာပဲလေ။ ဖျားနာတာတွေ ပြီး ကလေးငယ်တွေ နေမကောင်း ဖြစ်ရင် ကျမကလေး မဟုတ်လည်း သူများကလေး နေမကောင်း ဖြစ်တာမြင်ရင် စိတ်မကောင်းဘူ” လို့ စစ်ရှောင်နေတဲ့ ကလေးမိခင်တစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာပဲ ကလေးတွေကို စာသင်ကြားပေးတာတွေလည်းရှိပြီး တစ်ဆင့်ပြီးတစ်ဆင့် ရောဂါကူးစက်တာတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။

လက်ရှိ ဖျားနာနေတဲ့ ကလေးတွေကို ပါရာစီတမောနဲ့ ချောင်းဆိုးပျောက်ဆေးတွေကိုသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဆေးဆရာမက ပြောပါတယ်။

“ဆေးက အလုံအလောက်တော့ မရှိဘူး။ လောလောဆယ် ကျမတို့ဆီမှာလည်း ဆေးမရှိတော့ဘူး။ ပြတ်နေတယ်။ အဓိကတော့ ကျမတို့က ဆေးအလုံအလောက်တော့ ရချင်တာပေါ့။ နောက် ကျန်းမာရေး စောင့်ရှောက်မှုလည်း ဒီဖက် နယ်လှည့်ကတော့ လာတော့လာပါတယ်။ ဒါပေမယ့် တစ်လ တစ်ခါလား အဲ့လောက်ပဲရှိတယ်။ ဒီထက်ပိုပြီးတော့ လာစေချင်တယ်ပေါ့။ တစ်လကို အနည်းဆုံး ၂ ခါလောက်ဖြစ်ဖြစ် လာစေချင်တယ်ပေါ့” လို့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းဟာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး စစ်ရှောင်အိမ်ခြေ (၆၉) အိမ်ရှိပြီး လူဦးရေ (၃၀၀) ကျော်ရှိပါတယ်။

စစ်ရှောင်စခန်းမှာ ဆယ်နှစ်အောက်ကလေးငယ် ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မော်မီမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here