စကစအနေဖြင့် အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးနှိပ်စက်နေခြင်းကို မရပ်တန့်ပါက တိုက်ပွဲ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်း AA သတိပေး

0
141

၂၉ ဇွန် ၂၀၂၂

လက်နက်ကိုင်အချင်းချင်း ဖမ်းဆီးမှုအကြားတွင် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်နေခြင်းမှာ ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်အနေနှင့် ၎င်းလုပ်ရပ်ကိုမရပ်တန့်ပါက တိုက်ပွဲအချိန် မရွေးဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာကို ပြောဆိုသည်။

“လက်နက်ကိုင်အချင်းချင်း ကိုယ့်လူကိုဖမ်းလို့ သူ့လူကိုဖမ်းတယ်ဆိုတာကတော့ ဒါက ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်တယ်။ ဒါပေမယ့် အခုလက်ရှိ မြန်မာစစ်တပ်ဘက်ကနေ အပြစ်မဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်နေတာကတော့ ဒါဟာ ရာဇဝတ်မှုကို ကျူးလွန်းနေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို မရပ်တန့်ရင် အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

လက်ရှိရခိုင်မှာ မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် အရပ်သားပြည်သူအများအပြားရှိနေပြီး မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။

ရခိုင်တွင်ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆက်ပြောသည်။

“ပြောရမယ်ဆို မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့ ရခိုင်အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး နေတာတွေဟာ အရပ်သားတွေကို အကြောက်တရား လွှမ်းမိုးနေအောင် လုပ်နေတာတွေဟာ ရခိုင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်ဘက်က ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေ အတွက် မြန်မာစစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ ရှိလာရမှာဖြစ်တယ်” ဟု ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA ကစတင်ဖမ်းဆီးခဲ့ပြီးနောက် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့တို့တွင် စစ်သားနှင့်ရဲတပ်ဖွဲများကို ဖမ်းဆီးမှုများကို အေအေက ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာစစ်တပ်ကလည်း အေအေဖမ်းဆီးမှုကို လက်တုံ့ပြန်သည့် အနေဖြင့် အရပ်သားပြည်သူ အများအပြားကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများအထဲတွင် လူမှုရေးလှုပ်ရှားသူများနှင့် ရိုးရိုးသာမာန် အရပ်သားအများအပြား ပါဝင်သည်ဟုလည်း မိသားစုဝင်များက ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်တွင် ဖမ်းဆီးခံရသူများမှာ ၄၅ ဦးရှိပြီး ၎င်းတို့မှာ စစ်တွေမှ ၂၁ ဦး၊ ပုဏ္ဏားကျွန်းမှ ၈ ဦး၊ ကျောက်တော်မှ ၇ ဦးနှင့် မြောက်ဦး ၉ ဦး၊ စုစုပေါင်း ၄၅ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးခိုင်သုခက “ဒီလိုရာဇဝတ်မှုတွေလုပ်နေတာကို မြန်မာစစ်တပ်ဘက်က မရပ်တန့်ဘူးဆိုရင်တော့ အခြေအနေဟာ ဒီထက်ဆိုးဝါးတဲ့ဘက်ကို ဦးတည်သွားပြီး တိုက်ပွဲတွေလည်း အချိန်မရွေး ပြန်ပြီး ဖြစ်ပွားလာနိုင်တဲ့အနေအထားတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

စစ်တပ်၏ ဖမ်းဆီးခံရသူများအထဲမှ တချို့မှာ ညှင်းပန်းနှိပ်စက်ခံရ၍ ဆေးကုသခံယူရမှုများရှိနေကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောဆိုထားသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here