ကရင်နီ‌ဒေသအတွင်း ထောင်ချခံရသူတွေရဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်နေရတဲ့အတွက် ထောင်ဝင်စာတွေ့ဖို့ ခက်ခဲနေဟုဆို

0
138

၂၉ ဇွန် ၂၀၂၂

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ စစ်ဘေးရှောင်ရတဲ့အတွက် ထောင်ဝင်စာ ပုံမှန်သွားတွေ့နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ မိသားစုဝင် တချို့က ပြောပါတယ်။

ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲခံရပြီး ထောင် ၅ နှစ် ချမှတ်ခံရသူတစ်ဦးရဲ့မိခင်က ထောင်ဝင်စာသွားတွေ့ဖို့အတွက် ကုန်ကျစရိတ်ကို မတတ်နိုင်လို့ သွားမတွေ့တာ သုံးပတ်ရှိသွားပြီလို့ဆိုပါတယ်။

“အရင်က သူ့အစ်မ နိုင်ငံခြားမှာရှိတုန်းကဆိုရင် တစ်ပတ်တစ်ခါ သွားတွေ့နိုင်သေးတယ်။ အခုတော့ သူ့အစ်မလည်း နိုင်ငံခြား မသွားတော့လို့ ကျမဝင်ငွေမရှိတော့ဘူး။ ကျမ သူ့ကို သွားမကြည့်တာ သုံးပတ်ရှိသွားပြီ။ သွားကြည့်သင့်ပြီ ဒါပေမယ့် ပိုက်ဆံမရှိဘူးကော” လို့ ၎င်းက ပြောပါတယ်။

ဖမ်းဆီးခံထားရသူ အများစုဟာ တစ်မြို့နယ်လုံးနီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင်နေရတဲ့ ဒီးမော့ဆိုမြို့နယ်ကဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်က ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲခံရပြီး ထောင် ၃နှစ်ချခံရသူ တစ်ဦးရဲ့ မိသားစုဝင်ကတော့ အမိန့်ချမှတ်ပြီးနောက်ပိုင်း ထောင်ဝင်စာ သွားမတွေ့ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“အမိန့်ချပြီးနောက်ပိုင်း ထောင်ဝင်စာသွားမတွေ့ဖြစ်ဘူး။ သူ့ဟာ အရင်ကနဲ့ မတူတော့ဘူး။ ခက်သွားလို့လေ။ အမိန့်ချပြီး အရင်တလောကလည်း တိုက်ပွဲတွေ တအားဖြစ်လို့လေ အဲ့ဒီထောင်ဘက်မှာခါကျတော့ အဲ့ဒီ ထောင်နည်းနည်း ကြပ်လိုက်တော့ သွားတွေ့ရတာလည်း အခက်အခဲဖြစ်သွားတယ်။ အဲ့လိုမျိုးပေါ့နော။ ထောင်ဝင်စာ တွေ့ရတာလည်း ခက်သွားတယ်။ အဲ့လိုမျိုး” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ယခင်က တစ်ပတ်ကို ထောင်ဝင်စာ တစ်ကြိမ်သွားတွေ့နိုင်ပြီး ဟင်းတွေပါ တစ်ခါတည်းသွားပို့ရတဲ့အတွက် တစ်ခါတွေ့ရင် လေးသောင်းဝန်းကျင် ကုန်ကျတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

မိသားစုဝင်တွေဟာ စစ်ဘေးရှောင်တွေမှာ ဝင်ငွေရ အလုပ်အကိုင်တွေ မရှိတာကြောင့်ဖြစ်တယ်လို့ ကရင်နီပြည်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းတွေကို ပြုစုနေတဲ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ငွေရေးကြေးရေး အခက်အခဲတော့ ကြုံတွေ့ပါတယ်။ အဖမ်းဆီးခံရတဲ့ မိသားစုတစ်ခုချင်း တချို့ဆို အဆင်မပြေကြဘူးကော။ ယောကျာ်းက အဖမ်းခံရတယ်။ မိန်းမနဲ့ ကလေးပဲ ကျန်တဲ့လူတွေ အများကြီးရှိတယ်။ ငွေရေးကြေးရေး အဆင်မပြေတဲ့လူတွေ အစားအသောက်အဆင်မပြေတဲ့လူတွေ ကြုံတွေ့နေရပါတယ်။ ဥပမာ ဖယ်ခုံမြို့နယ်က လူတွေဆို ပိုဆိုးပေါ့။ စစ်ဘေးလည်းရှောင်ရ နောက်ပြီး ယောက်ျားလည်း အဖမ်းခံရ၊ တချို့ဆို သားလည်း အဖမ်းခံရ လုပ်ကိုင်စားသောက်လို့လည်းမရ အဲ့လိုမျိုးပေါ့နော” လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီကနေ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၃၄ ဦးရှိနေပြီး ထောင်ချခံရသူ ၉၄ ဦး အထိရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဖမ်းဆီးထားသူတွေကို လွိုင်ကော်အကျဉ်းထောင်တွေမှာထားပြီး မိသားစုဝင်တွေဟာ စစ်ဘေးရှောင်နေရတာဖြစ်တဲ့အတွက် သွားရေးလာရေးလည်း အခက်အခဲရှိနေတယ်လို့ မိသားစုဝင်တစ်ဦးက ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဖမ်းဆီးခံရသူ ၁၇၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မော်မီမြာ (ကန္တာရဝတီတိုင်းမ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here