28 March 2024 /

See today's Peace Related News

ဗန်းမောက်မြို့အနီး စစ်ဘေးရှောင်များအနက် အမျိုးသမီးနှင့် ကလေးငယ်များ ပိုများနေဟုဆို

၃၀ ဇွန် ၂၀၂၂

စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အဆိုပါဒေသရှိ ပြည်သူအများအပြား ဗန်းမောက်မြို့အနီး ကျေးရွာများနှင့် မြို့ပေါ်သို့စစ်ရှောင်လာကြရာ အမျိုးသမီး နှင့်ကလေးငယ်အများစု ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“မြစ်သေးချင်းရွာထဲကအိမ်တွေမှာ လာနေကြတာ ထိုင်စရာနေရာတောင်မရှိဘူး။ အမျိုးသမီးနဲ့ ကလေးတွေပိုများတယ်။ တစ်ချို့ဆို တုတ်ထောက်တွေနဲ့ ”ဟု မြစ်သေးချင်းကျေးရွာသားတစ်ဦးက ဆိုသည်။

ပါသက်၊ ရွှေကျောင်း၊ မြစ်သေးချင်းနှင့် တောင်လွဲကျေးရွာတို့တွင် အနည်းဆုံး တစ်ရာကျော် ခန့်ရှိမည်ဖြစ်ပြီး ဗန်းမောက် မြို့ပေါ်ရပ်ကွက်များတွင်လည်း နီးစပ်ရာဆွေမျိုးများထံတွင် ခိုလှုံလျှက်ရှိနေသဖြင့် လူဦးရေအတိအကျကို ခန့်မှန်းနိူင်ရန် မလွယ်ကူကြောင်း ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု ကော်မတီဝင်တစ်ဦးကဆိုသည်။

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသများတွင် စစ်ကောင်စီတပ်နှင့် PDF တို့အကြား ဇွန်လ ၂၆ ရက်နေ့မှစတင်၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသောကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီ အသံ) – ပေးပို့သည်။