KNU တပ်မဟာ (၃) နယ်မြေတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ၊ ဒေသခံပြည်သူများအား ကျေးရွာအတွင်းမှ စစ်ကောင်စီက ဆက်တိုက်မောင်းထုတ်နေဟုဆို

0
152

ဇွန်လ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၃) ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား နေ့စဉ်ဆက်တိုက် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်မှ ဒေသခံ ရွာသားများကို ကျေးရွာများမှ ထွက်ခွာရန် ဆက်တိုက်ဆိုသလို မောင်းထုတ်မှုများ ပြုလုပ်နေကြောင်း KNU ဘက်က ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ဇွန်လ ၂၈ ရက်နေ့အထိ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲပေါင်း ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ကျောက်ကြီး မြို့ပေါ်ရပ်ကွက်အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးခန့်ကိုလည်း စစ်ကောင်စီဘက်မှ သတိပေး ခြိမ်းခြောက် မောင်းထုတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် နှစ်ဖက် ထိပ်တိုက် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉ ဦး ထိခိုက်သေဆုံးခဲ့ကြောင်းနှင့် အလားတူ ဇွန်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင်လည်း တိုက်ပွဲ ၃ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး ထပ်မံ ထိခိုက်သေဆုံးသွားခဲ့ပြီး KNU ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ထိုသို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီဘက်မှ နယ်မြေရှင်းလင်းရေးအသွင် လုပ်ဆောင်နေပြီး ဒေသခံလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့မှစ၍ နေ့စဉ် လက်နက်ကြီးများပစ်ခတ်၍ ကျေးရွာအတွင် ထွက်ခွာရန် ဖိအားပေးနေပြီး ကျောက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ဒေသခံများကို ကျေးရွာများမှ ထွက်ခွာရန် ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်ဟု KNU က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီဘက်မှ ကျောက်ကြီးမြို့ရှိ မေတ္တာရပ်ကွက်၊ သိမ်တန်းရပ်ကွက်နေ ပြည်သူများကို ထွက်ခွာရန် သတိပေးခဲ့ကာ အလားတူ ဇွန်လ ၂၈ ရက်နေ့က ရွာကန့်လန့်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနှင့် ရွှေသောင် စသည့်ကျေးရွာမှ ဒေသခံလူထုများကို ဆက်လက်မောင်းထုတ်ခဲ့ကြောင်း KNU က ဆိုလိုခြင်းဖြစ်သည်။

အလားတူပြီး ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့မှ စစ်ကောင်စီ၏ လတ်တလော ကျောက်ကြီးမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ (၁၀,၅၂၆) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း အသီးသီး ထုတ်ပြန်ထားသည်။

ယခုထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံလူထု တစ်သောင်းကျော်တွင် အမျိုးသမီးနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်ပြီး ၎င်းတို့အတွက် အရေးပေါ် စားနှပ်ရိက္ခာနှင့် အမိုးအကာများ၊ ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေပြီး လတ်တလောတွင်လည်း မိုးတွင်းကာလဖြစ်၍ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများလည်း ကြုံတွေ့နေရ ကြောင်း ကျောက်ကြီးမြို့နယ် KWO အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အခုက တောထဲမှာ လိုက်ပြေးနေရတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အစားအသောက်တွေ ဆေးဝါးတွေ မလုံလောက်ဘူး။ နေရတာလည်း လုံခြုံမှုမရှိကြဘူး။ အခု လက်နက်ကြီးသံကြားပြီဆိုရင် လင်မေ့ သားမေ့ ပြေးပုန်းရတာပဲ။ ကျမဆိုရင် အခု ကိုယ့်မိသားစုဝင်နဲ့ကို မတွေ့ရသေးဘူး။ ပြေးကြရတာ တကွဲတပြားဖြစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် KNU နယ်မြေ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊ အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း (အထက်ပိုင်း)၊ မမယမ်း (အောက်ပိုင်း) စသည့် ကျေးရွာပေါင်း (၃၀) မှ လူဦးရေ စုစုပေါင်း (၁၆,၁၃၇) ဦးလည်း ဘေးလွတ်ရာ စစ်ဘေးရှောင်နေကြရကြောင်း KNU ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလက်ရှိ KNU တပ်မဟာ (၃) နယ်မြေအတွင်း စစ်ရေး အဓိက ဝင်ရောက်လှုပ်ရှားနေသည်မှာ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၂၀) (ခမရ-၁၂၄) (ခမရ-၄၃၉) နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ဖြစ်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ ကျေးရွာ (၁၅) ရွာကို ကျေးရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီ၏ ခမရ-၂၀ တပ်ရင်းမှူးမှ သတိပေးခြိမ်းခြောက်မောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း KNU ဘက်မှ ဇွန်လ ၂၄ ရက်နေ့က သတင်ထုတ်ပြန်ထားသေးသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here