ပင်းတယမြို့ မြောက်ကျောင်းကြီးစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သား ၅ ဦး ထိခိုက်မှုရှိ

0
126

၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း စစ်ဆေးရေးဂိတ်တစ်ဂိတ်တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာ အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်မှုရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပင်းတယမြို့၏ မြောက်ဘက် ထွက်ပေါက်ဖြစ်သည့် မြောက်ကျောင်းကြီး စစ်ဆေးရေးဂိတ်တွင် မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကျောင်းကြီးဂိတ် အနီးတွင် နေထိုင်သူ ပင်းတယ ဒေသခံတစ်ဦးက “အဲ့ဒီဂိတ်မှာက စစ်သားတွေ စစ်နေကြပဲ။ အဲ့လိုစစ်တော့ ဒီမနက် အရပ်သား နှစ်ယောက်က ဘာပါလာလဲတော့ မသိဘူး။ သူတို့ တားတာကို ရပ်မပေးပဲ ဆိုင်ကယ် မောင်းပြေးတယ်။ အဲဒီတော့ စစ်သားတွေက လိုက်ပစ်တယ်။ ဆက်တိုက်ကိုပစ်တာ။ ဆိုင်ကယ်နောက်လိုက်စီးတဲ့သူက ဒဏ်ရာရသွားတယ်လို့ကြားတယ်။ နာရီဝက်လောက်ကြာတော့ ပြောက်ကျားအဖွဲ့က ကားနဲ့ ပြန်လာပစ်တာ။ ပစ်ခတ်သံတွေ ဒိုင်းဒိုင်းနဲ့ ဆက်တိုက်ပဲ” ဟု ပြောသည်။

ဇွန် ၂၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ဆိုင်ကယ်မောင်းလာသည့် အရပ်သားနှစ်ဦးအား ဆိုင်ကယ်ရပ်မပေးသောကြာင့် စစ်ကောင်စီတပ်သားများမှ လိုက်လံပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားနှစ်ဦးအား ပစ်ခတ်ပြီး နာရီဝက်ခန့်အကြာတွင် ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့က ကားဖြင့်လာ‌ရောက်ပြီးနောက် တောင်ပေါ်ကြီးလမ်းဘက်မှ ထိုစစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြရာ ရဲကင်းတွင် ဝပ်နေသည့် စစ်သားတစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုနောက် ၎င်းတို့အား ကားပေါ်ဆွဲတင်သွားသည်ကို မြင်တွေ့လိုက်ရသည်ဟု အနီးအနားတွင်ရှိနေသည့် ဒေသခံက ပြောသည်။

မြောက်ကျောင်းကြီး စစ်ဆေးရေးဂိတ် ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများကြောင့် အနီးအနားက ပြည်သူ ၄ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

အလားတူ မတ်လ ၄ ရက်နေ့တွင်လည်း ပင်းတယမြို့ တောင်ဘက်ရှိ ကျုံးရဲကင်းစခန်းကို ဒေသခံ ပြောက်ကျားအဖွဲ့က ဗုံးဖောက်ခွဲခဲ့သည့်အပြင် ဧပြီလ ၄ ရက်နေ့တွင်လည်း ပင်းတယမြို့အနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်လည်း ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရသည်ဟု ဒေသခံတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့ပြင် ဇွန်လ (ယခုလ) ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီသတင်းပေး ဒလန်ဟု ယူဆရသည့် ပင်းတယမြို့၏ USDP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ငြိမ်းအား ချိုးဖြူ ပြောက်ကြားအဖွဲ့က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပင်းတယမြို့သည် မြေအောက်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များ အားကောင်းသည့် ရွာငံမြို့နှင့် ထိစပ်မှုရှိသည်နှင့်အညီ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဒလန်များ ရှင်းလင်းခြင်း စသည့် စစ်ဆေးရေးများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထိုကဲ့သို့ ပြောက်ကျားစစ်ဆင်ရေးများ မကြာခဏ ကြုံတွေ့နေရသောကြောင့် စစ်ကောင်စီတက်ဘက်ကလည်း ဒေသခံ အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here