ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNU အကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေ

0
97

၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က တပ်အင်အား ပိုမိုဖြည့်တင်းလာသည့်အတွက် ဇွန်လအတွင်းတွင် KNU နှင့် စစ်ကောင်စီတပ်တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းသို့ တပ်အင်အား ပိုမိုဖြည့်တင်းလာသည့်အတွက် ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှု့ရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုကျနော်တို့ ဒီဖက်ဒေသ ဒီညောင်လေးပင်ခရိုင် မုန်း၊ ကျောက်ကြီး ဒီဖက်ခြမ်းတွေမှာတော့ စစ်ရေးတင်းမာမှုတွေတော့ ပိုများလာတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ စစ်အင်အား တိုးချဲ့မှုအပေါ်မှာတော့ နေ့စဉ်နဲ့အမျှ ပိုများလာတဲ့အခါကျတော့ ဒီဇွန်လထဲမှာတော့ ပိုပြီးတော့ တိုက်ပွဲပြင်းထန်မှုတွေတော့ ဒီဖက်အခြမ်းမှာ ခဏခဏ ဖြစ်တယ်ပေါ့။ နေတိုင်းလိုလိုတော့ ဒီလက်နက်ကြီးသံတွေ နှစ်ဖက်ပစ်ခတ်မှုတွေ ထိတွေ့ ပစ်ခတ်မှုတွေ ဒါတွေတော့ ရှိတာပဲ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့်ပတ်သက်၍ အဆိုပါ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံများက ပြောသည်။

“ဒီဖက်ကျောက်ကြီးဖက် အခြမ်းမှာဆိုရင် ဟိုးအရင်ဖြစ်တဲ့နေရာတွေပဲ ဖြစ်နေကျ အဲဒီနေရာတွေက ပိုပြီးတော့ နေ့တိုင်းလိုလိုဖြစ်တယ်။ အင်းနက်တို့၊ ငါးဗျက်အင်းတို့ မြေနီကုန်းတို့ အဲနေရာ ဒေသတစ်ဝှိုက်တော့ တော်တော်များများ ဖြစ်ကြတာပေါ့။ မုန်းဖက်ကျတော့ လောလောဆယ် အနေအထားတော့ ဒီဖက် မုန်းမြို့နယ် ရန်မျိုးအောင် ကျေးရွာထဲမှာ လက်နက်ကြီးတွေ ထုချပြီးတော့ အဲမှာ ကျေးရွာ ၂ ရွာ ၃ ရွာ ထွက်ပြေးတိမ်း ရှောင်နေရတာ အဲဒီတစ်ကြိမ်ပါပဲ ဒါပေမယ့် ကျောက်ကြီးဖက်အခြမ်းတော့ နေ့တိုင်းလိုလို တိုက်ပွဲကတော့ ဒီဇွန်လအတွင်းမှာပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်လေးပင် ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာသည့်ဟု ဆိုသည်။

ထိုစစ်ရေးပဋိပက္ခအတွင်းရှိ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအပြင် အခြားသော အခက်အခဲအမျိုးမျိုးနှင်ပါ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့်နည်းတူ အခြားသော KNU လက်အောက်ခံ တပ်မဟာအသီးသီးတွင်လည်း စစ်ကောင်စီတပ်ဘက်က အင်အား ဖည့်တင်းနေသည့်အတွက် တိုက်ပွဲများ နေ့တိုင်းဆိုသလို ဖြစ်ပွားနေသည်။

လက်ရှိအနေအထားအရ စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းမှုများနှင့်အတူ စစ်ရေးအရှိန်ပါ မြှင့်လာသည့်အတွက် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းတွင် တိုက်ပွဲများမှာ ယခုထက် ပိုမိုပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလာမည့် အလားအလာကို တွေ့ရသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှု့ရေးရာအဖွဲ့က ပြောသည်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ဒီဘက်အခြမ်းမှာ အခုနောက်ပိုင်း ဒီ ၂၅၊ ၂၆၊ ၂၇ အဲ့လို နေ့တိုင်းလိုလို တိုက်ပွဲတွေ နည်းနည်းပြင်းထန်လာတဲ့ အနေအထားရှိတဲ့အခါကျတော့ စစ်အင်အားတွေ ထပ်ထပ်တိုးလာတဲ့ ဒီဖက်မုန်းဖက်ကနေ ကျောက်ကြီး ဖက်ကိုလာတဲ့ စစ်အင်အား တိုးချဲ့တာတွေလည်းရှိသလို ကွမ်းခြံကုန်းဖက်ကနေပြီးတော့ ဒီဖက်အခြမ်းကို ဒီဖက် နတ်သံကွင်းကနေ ကျောက်ကြီးဘက်ကို တက်လာတဲ့အခြမ်း စစ်အင်အားတိုးချဲ့မှုတွေလည်း ရှိလာတဲ့အခါကျတော့ ပုံစံအရ သုံးသပ်ကြည့်လိုက်တဲ့အခါ လုံးဝပဲ သူတို့လျှော့မှာမဟုတ်ဘူးတဲ့ အနေအထားပေါ့နော်။ ဒီဖက်ဒေသကို သူတို့ လျှော့ပြီးတော့ စစ်ရေးက ပိုပြီးတော့ လျှော့သွားမယ့်အနေအထား မရှိပဲနဲ့ ပိုပြီးမှ တင်းမာလာဖို့ အနေအထားရှိတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပြည်နယ်များတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲများမှာ တိုင်းရင်းသားပြည်နယ်များတွင်သာမက တိုင်းဒေသကြီးများတွင်ပါ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုမှ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလာသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here