“ကိုယ်မနိုင်ဘူးလို့ထင်တဲ့ ပါတီကို နှိပ်ကွပ်ပြီးတော့မှ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီ ကျပါတယ်၊ တရားမျှတပါတယ်ဆိုတဲ့ဟာကို တွေးလို့မရဘူး။ အဲဒီကိစ္စကို ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲကာလတွေ ရောက်လာပြီဆိုရင် အဓိကထားပြီး စောင့်ကြည့်ကြရတဲ့ အချက်တစ်ခုပဲလေ” ‌ဒေါက်တာစိုင်းကြည်ဇင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
158

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ အမေးအဖြေ

၃၀ ဇွန် ၂၀၂၂

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်ကို ပြောင်းရွှေ့ပြီး တစ်ဦးတည်း ထားရှိထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ နိုင်ငံတကာ တောင်းဆိုတာတွေလည်း ရှိလာခဲ့တာပါ။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် အကျဉ်းထောင်ကို ပြောင်းရွှေ့ရတာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အရင်ဆုံးအနေနဲ့ လူထုခေါင်ဆောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ဘာကြောင့် အကျဉ်းထောင်ကို ပြောင်းရွှေ့ရတာလဲ။ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါလဲ။

ဖြေ – သူတို့အနေနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးကို ပုံပြသက်သေနဲ့ လုပ်ပြ နေတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်ခင်ဗျ။ အခု အာဏာသိမ်းပြီးကတည်းက သူထိန်းသိမ်းလိုက်တဲ့ အချိန် တောက်လျှေက်ပေါ့နော်။ အဲဒီကနေပြီးတော့ အခုမြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သတင်းအချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မရဘူးလို့ ထင်တယ် ။ ထင်စရာ အကြောင်းအချက်အချက်အလက်တွေလည်း အများကြီး ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်..သူ အဓိကတွေ့ခွင့်ရတာ သူ့ရှေ့နေတွေပဲဖြစ်တယ်။ အဲဒီရှေ့နေတွေနဲ့ သူတွေ့ခွင့်ရတဲ့အချိန်လေးကလည်း ၄၅ မိနစ်အချိန်အတွင်းမှာ သူ့ရဲ့ အမှုကိစ္စအတွက် တိုင်ပင်ဆွေးနွေးရတာရှိသလို ကျန်တဲ့ကိစ္စတွေကို ပြောဆိုနိုင်တဲ့အချိန်က နည်းနည်းပဲရှိပါမယ်။ အဲဒီအတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေနေတွေ ကို အကုန်မသိနိုင်ဘူးဆိုတဲ့ အပိုင်းက ပိုများတယ်။ အဲလိုသဘောပုံစံမျိုး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်ထားတဲ့ဟာကို ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီလို အဆက်ဖြတ်ထားတဲ့ ပုံစံမျိုးဒေါ်အောင်ဆန်းစုကြည်ကို ပိတ်လှောင်ထားတာမျိုးလုပ်တယ် တစ်ဖက်မှာတော့အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာပဲဖြစ်ဖြစ် ပြည်တွင်းလှုပ်ရှားမှုမျက်နှာစာမှာပဲဖြစ်ဖြစ် လူအများတန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို သူတို့ ဒီလိုမျိုး ချုပ်နှောင်တယ်လုပ်ချင်တာလုပ်လို့ ရတယ်ဆိုတဲ့ပုံစံမျိုးဒါက ခြိမ်းခြောက်မှုသဘော လည်းပါတယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင် ပြောင်းရွှေ့တာဟာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေလား၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ဟုတ်..ရွေးကောက်ပွဲနဲ့သက်ဆိုင်လားဆိုတော့ အာဏာသိမ်းမှုဖြစ်စဉ်ကြီး တစ်ခုလုံးက ရွေးကောက်ပွဲနဲ့ ဆိုင်တယ်။ ၂၀၂၀ရွေးကောက်ပွဲ နောက်ပိုင်းမှာဖြစ်သွားတာ အဲ့အတွက်ကြောင့်မို့လို့ အာဏာသိမ်းလိုက်တယ် သိမ်းပြီးတဲ့အချိန်မှာ အဲဒီ ၂၀၂၀ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ရရှိတယ်ဆိုတဲ့ ပါတီကြီး တစ်ခုလုံးကို ..ဟိုဟာ..ဆက်လက်ရပ်တည်လို့မရတော့လောက်အောင်ကို အမှုတွေတပ် ခေါင်းဆောင်တွေ အကုန်လုံးကို ဖမ်းဆီးပြီးတော့ ..ဟိုဟာ..လုံးဝကို ရှင်သန်လို့ မရတော့လောက်အောင်လုပ်နေတဲ့ သဘောတရားကို တွေ့နေရပါတယ်။

မေး – နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင် ပြောင်းရွှေ့တာဟာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲနဲ့ တိုက်ရိုက် သက်ဆိုင်နေလား၊ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ – ကျွန်တော်တို့……ဒီမိုကရေစီဖြစ်စဉ်နဲ့ရွေးကောက်ပွဲလို့ပြောလိုက်ပြီဆိုရင် ကျွန်တော်တို့ကရွေးကောက်ပွဲ မှာ ပါသင့်ပါထိုက်တဲ့လူတွေကို ကိုယ်ကြိုက်တာမကြိုက်တာ တစ်ကဏ္ဍ၊ သူများကြိုက်တာ မကြိုက်တာလည်း တစ်ကဏ္ဍပေါ့နော်၊ ကျွန်တော်တို့ အဲဒီနိုင်ငံရေးအရ လှုပ်ရှားနေသူတွေ၊ ပါတီအဖြစ် ရပ်တည်နေသူတွေ အကုန်လုံးကို ပါဝင်ခွင့်ရှိအောင်လုပ်ပေးတာက ဒီမိုကရေစီစံနှုန်းပဲလေ။

အဲ့တော့ ကိုယ်မနိုင်ဘူးလို့ထင်တဲ့ ပါတီကို နှိပ်ကွပ်ပြီးတော့မှ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီ ကျပါတယ်၊ တရားမျှတပါတယ်ဆိုတဲ့ဟာကို တွေးလို့ မရဘူး။ အဲဒီကိစ္စကို ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲကာလတွေ ရောက်လာပြီဆိုရင် အဓိကထားပြီးစောင့်ကြည့်ကြရတဲ့ အချက်တစ်ခုပဲလေ။ အဲဒီတော့ ဒီအချိန်မှာကျတော့ အဲ့လိုမျိုးပေါ့လေ ရှုပ်ထွေးနေတာတွေ ရှိတယ်။ အဲဒီရှုပ်ထွေးနေတဲ့ အနေအထားမျိုးမှာ အဲ့လို တစ်ဖက်က ကိုယ်ရဲ့ဆန့်ကျင်ဘက်လို့ ယူဆရတဲ့ အဖွဲ့အစည်း၊ အဲလိုပါတီ ဒါမှမဟုတ် နိုင်ငံရေးအင်အားစုကို လှုပ်လို့မရအောင် ချုပ်ကိုင်ပြီးမှ ပြိုင်ပွဲ လုပ်တယ်ဆိုတာက ဒါက တရားမျှတတယ်လို့ပြောလို့ဘယ်ရတော့မလဲ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here