မွန်ပြည်သစ်ပါတီ NMSP နှင့် နိုင်ငံရေးလမ်းစဉ်သာကွဲပြားပြီး ခံယူချက်ပန်းတိုင်တူဖြစ်သည်ဟု NMSP-AD ပြောဆို

0
62

မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့သည် စစ်အာဏာရှင်ကို တော်လှန်နေချိန်တွင် သွားမည့်လမ်းစဉ် ကွဲပြားသွားသော်လည်း ခံယူချက်ပန်းတိုင်ချင်း တူတူသာဖြစ်သည်ဟု NMSP-AD မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

“အမြင်ချင်းမတူလို့ ကိုယ့် Policy နဲ့ကိုယ် လမ်းစဉ်ကွဲသွားပေမဲ့ အဆုံးကြတော့ ခံယူချက်ချင်းတူတယ်။ သွားရမယ့် လမ်းစဉ်သာ ကွဲသွားတာ၊ ဆွေးနွေးရေးလမ်းစဉ်နဲ့ တိုက်မယ့်လမ်းစဉ် ကွဲသွားတာပေ့ါ။ တိုက်မယ့်လမ်းအတိုင်း သွားသင့်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့သူတွေနဲ့ လုပ်ဆောင်တဲ့သဘောတရား ကွဲသွားတာပေါ့။ မွန်ပြည်သစ်ပါတီ ခေါင်းဆာင်အားလုံးရဲ့ ခံယူချက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအောက်မရောက်ဘူးဆိုတဲ့ လမ်းစဉ်ပဲ” ဟု နိုင်ဗညားမွန်က ဆိုသည်။

NMSP-AD ကဲ့သို့ NMSP အနေနှင့်လည်း စစ်အာဏာရှင်ကျဆုံးရေးစသည့် လမ်းစဉ်တစ်ခုတည်း မဟုတ်ဘဲ မွန်လူမျိုးတို့၏ လွတ်လပ်သော အခွင့်အရေးရရှိရန်နှင့် ကိုယ့်ကံကြမ္မာဖန်းတီးခွင့် ရရှိရေးလမ်းစဉ်ကို ဦးတည်ပြီး တနည်းတဖုံ တိုက်ပွဲဝင်နေသည်ဟုလည်း နိုင်ဗညားမွန်က ပြောဆိုသည်။

NMSP-AD သည် နိုင်ငံရေးအရ ဆွေးနွေးရမည့် အခန်းကဏ္ဍရောက်ချိန်တွင် မွန်ပြည်သစ်ပါတီ NMSP နှင့် နိုင်ငံရေးအရ ဆွေးနွေးသွားရန် ဖြစ်နိုင်ကြောင်းလည်း နိုင်ဗညားမွန်က ဆက်ပြောသည်။

“ကျနော်တို့ရည်မှန်းထားတဲ့ မွန်ပြည်ကို ချီတက်နေချိန်မှာ မွန်နိုင်ငံရေး အင်အားစုအားလုံးနဲ့ အတူတကွ ဆွေးနွေးဖို့ ပူးပေါင်းဖို့က အဆင်သင့်ပါပဲ။ စစ်ရေးအရတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းမယ်။ နိုင်ငံရေးအရ ဆွေးနွေးတဲ့ ကဏ္ဍရောက်ရင်တော့ အကုန်လုံးနဲ့ ဆွေးနွေးရမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီကို နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်နှင့် သံတမန်ရေးလမ်းစဉ် စသည့်လမ်းစဉ် သုံးရပ်နှင့်အညီ အာဏာရှင်စနစ်အားလုံးကို တိုက်ထုတ်သွားမည်ဟုလည်း ဆိုသည်။

မြန်မာပြည်တောင်ပိုင်းတွင် မြောက်ပိုင်းကဲ့သို့ တိုက်ပွဲပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ရန် ဗျူဟာစီမံချက်အတိုင်း တိုက်ပွဲဖော်ဆောင်နေမှုများ ရှိကြောင်းလည်း NMSP-AD ထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်း၍ တိုက်ပွဲ ဝင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

စစ်အဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု စတင်ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစပြီး လူငယ်နှင့် မွန်လူမျိုးအများစု စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ( MNSP-AD) ထံ လာရောက်ပူးပေါင်းလျှက် ရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here