ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားဟုဆို

0
291

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ ၅၁ ဦး စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားသည်ဟု သိရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

“မြို့နယ် စကစ အဖွဲ့ကရော စစ်တပ်ကရော သူတို့မှာ ကျွေးထားဖို့ ငွေမရှိဘူး။ ဗလီက ကျွေးပေးပါ ပြောတယ်။ ဗလီလူကြီးတွေကလည်း ဒုက္ခရောက်လာသူတွေ ဆိုတော့ ကျွေးပေးပါတယ်။ အဝတ်အထည်တွေလည်း လှူကြတယ်” ဟု ဝါးခယ်မြို့ခံ မူဆလင်လူငယ်တစ်ဦးက ပြောသည်။

ရိုဟင်ဂျာ ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ အမျိုးသား ၂၅ ဦးတို့အတွက် နံနက်၊ ညနေ ကျွေးမွေးစရိတ် နေ့စဉ် ကျပ် တစ်သိန်းနှစ်သောင်းကုန်ကျပြီး ဝါးခယ်မမြို့ပေါ်ရှိ ဗလီနှစ်ခုက တာဝန်ယူပေးထားရသည်ဟု ဗလီအကျိုးတော်ဆောင်အဖွဲ့ဝင်များ ပြောသည်။

ဝါးခယ်မမြို့ပေါ်ရှိ ဗလီနှစ်ခု အဆိုပါ ရိုဟင်ဂျာ ၅၁ ဦး၏ စားရေးသောက်ရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့ကစတင်၍ တာဝန်ယူ ကျွေးမွေးထားရခြင်းဖြစ်သည်ဟု ဗလီ အကျိုးဆောင်အဖွဲ့ဝင်အချို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ရိုဟင်ဂျာ ၅၁ ဦးသည် သြဂုတ်လ ၂၂ ရက်နေ့က ဝါးခယ်မမြစ် ဆော်ကဲတံတား အလွန် သရွတ်မြိုက်ဝဲအနီးတွင် စက်ပျက်နေသော စက်လှေတစ်စီးပေါ်မှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

ဒေသခံ မူဆလင်လူမှုရေးအဖွဲ့ဝင် တစ်ဦးက “ဘူးသီးတောင်-မောင်းတောဘက်က လာကြတဲ့သူတွေပါ။ ရခိုင်မှာက နေထိုင်စားသောက်ရတာခက်ခဲလို့ ဒီဘက်ကို လာကြတာ။ စက်လှေပျက်တော့ စက်လှေသမားတွေက ထွက်ပြေးသွားတယ်” ဟု ပြောသည်။

စက်လှေဖြင့် လိုက်ပါလာကြသည့် ရိုဟင်ဂျာ ၆၁ ဦးဖြစ်ပြီး၊ စက်လှေပျက်နေစဥ် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးနှင့် စက်လှေသမား ၄ ဦးတို့ ထွက်ပြေးသွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာ ၅၁ ဦးကို ဝါးခယ်မ မြို့မရဲစခန်းဟောင်း ဝင်းအတွင်းရှိ အဆောက်အဦဟောင်းတစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံ မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here