“ဆန်က တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းပေးတာ ကုန်လို့ရှိရင် နောက်ထပ်ပြန်ဝယ်၊ စစ်နယ်မြေမှုးရဲ့ အဓိက ခွင့်ပြုချက်နဲ့ သူတို့လမ်းညွန်ချက် ဖြစ်တယ်။ သူတို့က အိတ်လိုက်ခွင့်မပြုတာက ကျွန်တော်ထင်တာက သူတို့က အိတ်က များများဆံ့ပြီး များတဲ့အခါမှာ ဟိုဖက် တောထဲရောက်မှာကို စိုးရိမ်လို့ ဖြစ်ကောင်းဖြစ်မယ်” မြို့မိမြို့ဖတစ်ဦး (မင်းတပ်မြို့)

0
142

၂၀ စက်တင်ဘာ ၂၀၂၂

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်း ကနေ ဆန်တွေကို ထိန်းချုပ်ကန့်သတ်ထားပြီး မြို့ပေါ်မှာလွတ်လပ်စွာဆန်သယ်ယူရောင်းချခွင့်မပြုတာ ခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မင်းတပ်မြို့ပေါ်က ဘာသာရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေက ဒေသခံပြည်သူတွေ စားသုံးဖို့အတွက် စစ်နယ်မြေမှူးရဲ့ ခွင့်ပြုချက်နဲ့ မကွေးတိုင်းဘက်ကို ဆန်တွေ သွားရောက်ဝယ်ယူကြပြီး စစ်နယ်မြေမှူးရဲ့ သတ်မှတ်ချက်အတိုင်း ပြန်လည်ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့က မြို့မိမြို့ဖ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- အခု မင်းတပ်မြို့ပေါ်မှာ ဆန်တွေရောင်းဝယ်ခွင့်မရှိဘူး၊ စစ်နယ်မြေမှူးရဲ့ခွင့်ပြုချက်နဲ့သာ မြို့မိမြို့ဖတွေက ရောင်းချပေးနေရတယ်လို့သိရပါတယ်။ အဲဒီအခြေအနေလေးရှင်းပြလို့ရမလား။

ဖြေ – ဆန်ကိစ္စကတော့ မြို့မိမြို့ဖတွေအနေနဲ့ စစ်နယ်မြေမှူးဆီမှာစာတင်ထားတော့ စစ်နယ်မြေမှူးရဲ့ခွင့်ပြုချက်နဲ့ ကူညီမှုအားဖြင့် ပခုက္ကူ ဆန်ပွဲရုံမှာ ဆန်မှာပြီးမှ မြို့ပေါ်မှာ တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းချပေးနေပါတယ်။

မေး- ဆန်တပြည်ကို ဘယ်လောက်နဲ့ရောင်းချပေးနေတာလဲ။ ပြည်သူအားလုံးက ဝယ်လို့ရပြီလား။

ဖြေ- အခုက ဆန်တပြည် (၂၂၀၀ ကျပ်) နဲ့ ရောင်းချပေးနေပါတယ်။ ဝယ်လို့ရတယ် ဒါပေမယ့် (၅) ပြည်ပဲ များများတော့ မဝယ်ခိုင်ဘူး။ ၅ ပြည်ဝယ်မယ် ကုန်သွားရင်နောက်ထပ်ပြန်ဝယ် အဲ့တော့ အိမ်မှာ ဆန်အများကြီးစုထားတာတွေက အခက်အခဲတွေရှိဆိုပြီးမှ သူတို့က ဟိုဖက်အဖွဲ့၊ ဒီဖက်အဖွဲ့ရဲ့အမြင်ပေါ့။ အဲဒါကြောင့် စားလို့ရလောက်တဲ့ တပတ်စာ၊ အဲ့လိုပြည်လိုက်ပြည်လိုက် ဝယ်ဖို့ဆိုပြီးမှ ဆောင်ရွက်ထားပါတယ်။

မေး-ဘာကြောင့် ဆန်က တစ်အိမ်ထောင်စုကို ၅ ပြည်နှုန်းနဲ့ပဲရောင်းရတာလဲ။ စစ်နယ်မြေမှူးက ခွင့်မပြုလို့လား။ ဘာကြောင့်ခွင့်မပြုတာလဲ။

ဖြေ- ဆန်က တစ်မိသားစုကို ၅ ပြည်နှုန်းနဲ့ရောင်းပေးတာ ကုန်လို့ရှိရင် နောက်ထပ်ပြန်ဝယ်၊ စစ်နယ်မြေမှုးရဲ့ အဓိက ခွင့်ပြုချက်နဲ့ သူတို့လမ်းညွန်ချက် ဖြစ်တယ်။ သူတို့က အိတ်လိုက်ခွင့်မပြုတာက ကျွန်တော်ထင်တာက သူတို့က အိတ်က များများဆံ့ပြီး များတဲ့အခါမှာ ဟိုဖက် တောထဲရောက်မှာကို စိုးရိမ်လို့ ဖြစ်ကောင်းဖြစ်မယ်လို့ ယူဆတယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ် ဘာတွေနဲ့ ကန့်သတ်ထားသလဲဆိုတာတော့ မသိဘူး။

မေး- တစ်အိမ်ထောင်စုကို ၅ ပြည်နှုန်းနဲ့ဝယ်ခိုင်းတော့ စားဖို့သောက်ဖို့မှာ လုံလောက်ကြရဲ့လား။

ဖြေ – လုံလောက်ဖို့ကတော့ နည်းနည်းတော့ခက်ခဲ၊ တချို့ကတော့ အိတ်လိုက်ဝယ်မှ မိသားစုက များတော့၊ တချို့ဆို ရင်တော့ လူဦးရေများရင်တော့ တနပ်နဲ့ သုံးလေးပြည်ချက်တဲ့ဟာတွေရှိတော့ နေ့တိုင်းဝယ်ရတာတွေကြောင့် ခက်ခဲတော့ အိတ်လိုက်ဝယ်ချင်တယ်ဆိုပြီးတင်ပြတာတွေရှိတယ်။ အဲ့တာတွေကိုတော့ မြို့မိမြို့ဖများအနေနဲ့ ဘယ်လို ဆက်လုပ်ရ မလဲဆိုတာ တင်ပြဖို့အစီအစဉ်ရှိတယ်။

မေး – မင်းတပ်မြို့ပေါ်မှာ ဆန်က တခြားနေရာမှာ ဝယ်လို့ကိုမရတာလား။ စစ်နယ်မြေမှုးရဲ့ ခွင့်ပြုချက်နဲ့ မြို့မိမြို့ဖတွေက ရောင်းချပေးတဲ့ဟာပဲဝယ်ယူနေရတဲ့သဘောလား။

ဖြေ – ဟုတ်ပါတယ် ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ဆန်ကရောင်းလို့မရဘူးပေါ့။ မြို့မိမြို့ဖတွေက Volunteer သဘောနဲ့ အကျိုးဆောင်ပြီးမှ အဲ့လိုပဲ ကြားခံပြီးမှ လုပ်ပေးရတဲ့သဘောဖြစ်တယ်။

မေး-ခုလို အခြေခံစားသောက်ကုန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆန်တွေကို ကန့်သတ်ထိန်းချုပ်ခံရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ- တချို့ မိသားစုများတဲ့သူတွေအတွက်ကတော့ လုံလောက်မှုကတော့ နည်းပါးတယ်။ အဲ့အတွက်ကြောင့် ခါတိုင်း၊ နေ့တိုင်းနေ့တိုင်း ဝယ်ရမယ့်သဘောဖြစ်နေတယ်။ ဖြစ်နိုင်လို့ရှိရင် မိသားစု နည်းရင်းနည်းသလို၊ များရင်များသလို အဲ့လို လမ်းညွန်ချက်ရရင်တော့ ကောင်းမယ်လို့ယူဆတယ်။ အဲ့တာလည်းရနိုင်ဖို့နဲ့ ညှိနှိုင်းဖို့လည်းကျွန်တော်တု့ိ ကြိုးစားနေတယ်။

မေး- ယခုလက်ရှိမှာ ဆန်တွေကလည်း ကန့်သတ်ထားတော့ မင်းတပ်မြို့ကဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး အခြေအနေကကော် ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ- လောလောဆယ်တော့ ပိုပိုလျှံလျှံတော့ မဖြစ်ပေမယ့် ဒီအခြေအနေကတော့ ဒီနေ့အထိတော့ခက်ခဲမှုတွေကတော့ အားလုံးကိုယ်စီကိုယ်စီရုန်းကန်ကြတယ်။ ချွေတာပြီးမှ ခြိုးခြံပြီးမှ အတတ်နိုင်ဆုံးလုပ်ကြပေမယ့် အခက်အခဲကတော့ အများကြီးကြုံတွေ့ရတယ်။ ရှေ့ခရီးဆက်ဖို့ကတော့ ပိုပြီးမှ ခက်ခဲလာမယ်လို့တော့ မြင်မိတယ်၊ တွေးမိတယ်။

မေး – တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ – ကျွန်တော်တို့ ဘာသာရေးရှုထောင့်ကတော့ ဒီနှစ်ဖက်လက်နက်ကိုင်တင်းမာနေတဲ့ အချိန်ကာလကို လျော့နည်း လာပြီးမှ ဖြေလျော့ပြီးမှ နိုင်ငံတော်ကို အမြန်ဆုံးတည်ငြိမ်အေးချမ်းမှ ဒီခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာတော့ ကျွန်တော်တို့ ဆုတောင်းခြင်းပေါ့နော်။ အဲ့တာတော့ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းပါ။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here