“ပြည်နယ်အခြေပြုပါတီ တိုင်းရင်းသားပါတီအားကောင်းပြီး ညွန့်ပေါင်းဖွဲ့ရင် ဘာပဲဖြစ်ဖြစ် အစိုးရမဖြစ်ရင်တောင် အစိုးရဖွဲ့ချင်တဲ့ ပြည်မပါတီတွေက လာပြီးတော့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ရတဲ့အနေအထားမျိုးကို တွန်းပို့ရမယ်” ဒေါက်တာ ခလဲန်တူးခေါင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
292

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပါတီများနှင့် လက်တွဲသင့်သလား

နိုဝင်ဘာလ ၆ ရက်။ ၂၀၂၀ ခုနှစ်။
လာမယ် နိုဝင်ဘာလ ၈ရက်နေ့ဆိုရင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေရှိသလို ကိုယ့်ပြည်နယ်၊ ကိုယ်ဒေသအခြေပြုကာ ဖွဲ့စည်းယှဉ်ပြိုင်လာတဲ့ တိုင်းရင်းသားပါတီများလည်း ရှိပါတယ်။ အလားတူ တိုင်းရင်းသားပါတီအချင်းချင်းပူးပေါင်းကာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများလည်း ရှိပါတယ်။ ယခုစုစည်းဖော်ပြချက်မှာတော့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲသင့်သလားဆိုတဲ့ မေးခွန်းအပေါ် အမြင်သဘောထားတွေကို လေ့လာဖတ်ရှုရမှာြဖစ်ပါတယ်။

ဒေါက်တာ ခလဲန်တူးခေါင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးဆိုပြီး ညွန်းဆိုနေတာတွေရှိတယ်။ တကယ့်တကယ်ငြိမ်းချမ်ရေးက အပစ်ရပ်ဆဲရေးတစ်ခုထဲ မဟုတ်ဘူး။ အပစ်ခတ်ရပ်ဆဲရေးက ယာယီ Ceasefire သာဖြစ်တယ်။ Peace အဆင့်ရောက်ဖို့ ဆက်သွားရမယ်၊ Peace အဆင့်ရောက်ဖို့က တကယ့်တကယ် အပြောင်းအလဲလုပ်ရမယ်။ နိုင်ငံရေးအပြောင်အလဲ လုပ်နိုင်ဖို့အတွက် ဗဟိုချူပ်ကိုင်မှုစနစ်တွေအားလုံး လျော့ချဖို့ တိုင်းရင်းသားပါတီတွေ လိုအပ်တယ်။
တိုင်းရင်းသားပါတီတွေအားကောင်းရင် ဗဟိုအစိုးရကိုဝိုင်းပြီးတွန်းလို့ရတယ်။ မဟုတ်ရင် ဒီမိုကရေစီတောင်မှ ကမ္ဘောဒီးယားပုံစံလိုမျိုး ဖြစ်သွားနိုင်တယ်။ ဒီမိုကရေစီ တစ်ပါတီအာဏာရှင်စနစ်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ပြည်နယ်အခြေပြုပါတီ တိုင်းရင်းသားပါတီအားကောင်းပြီး ညွန့်ပေါင်းဖွဲ့ရင် ဘာပဲဖြစ်ဖြစ် အစိုးရမဖြစ်ရင်တောင် အစိုးရဖွဲ့ချင်တဲ့ ပြည်မပါတီတွေက လာပြီးတော့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ရတဲ့အနေအထားမျိုးကို တွန်းပို့ရမယ်။

NLD အနေနဲ့ ဒီမိုကရေစီကို စံတန်းဖိုးထားတယ်ဆိုရင် သူနဲ့ မူဝါဒတူတဲ့ ပါတီတွေအားလုံးကို သူက ညွှန့်ပေါင်းအနေနဲ့ ဖိတ်ခေါ်ရမှာဖြစ်တယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီကို NLD က ပေးမယ်ဆိုရင် ဒီမိုကရေစီ ဖယ်ဒရယ် ပြောနေစရာမလိုဘူး။ တိုင်းရင်းသားပါတီတွေ အားလုံးပြောနေတဲ့ ဖယ်ဒရယ် Principal အရ တူနေရင် လက်တွဲခေါ်ရမှာဖြစ်တယ်။ ဒီမိုကရေစီကို တကယ်တန်းဖိုးထားရင် ဒီမိုကရေစီကိုသဘောကျတဲ့ပါတီအားလုံးကို လက်တွဲခေါ်ရမယ်”။

သိက္ခာတော်ရ ဆရာဆမ်ဆွန် (KBC ဥက္ကဌ)

“ဒီနေ့ NLD ကလည်းတစ်ဖက်မှာ ဗဟိုချူပ်ကိုင်မှုစနစ်ကို အသုံးပြုနေတယ်လို့မြင်တယ်။ တကယ်တန်းဆို တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေနဲ့လက်တွဲရမှာဖြစ်တယ်။ ဒါပေမဲ့ သူ ဒီလိုမလုပ်ခဲ့ဘူး၊ ဆိုတော့ တိုင်းရင်းသားပါတီတွေအားလုံးက ၂၀၂၀ မှာကျတော့ ၂၀၁၅ ကို အတွေ့အကြုံယူပြီးတော့ ကိုယ့်ပြည်နယ် ကိုယ့်ဒေသတွေမှာ နိုင်အောင်ယှဉ်ပြိုင်မယ် ဆိုပြီးလုပ်လာကြတာတွေ့ရတယ်။ တကယ်တန်း NLD အနေနဲ့ တိုင်းရင်းသားပါတီတွေကို လက်တွဲခဲ့ရင် သူ့အနေနဲ့ အောင်ပွဲတွေအများကြီးရနိုင်မယ်လို့ ထင်တယ်။ ဒီလိုမလုပ်နိုင်ခြင်းအားဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေအားကောင်းနေတယ်လို့ မြင်ရတယ်။

USDP အနေနဲ့က သူကိုယ်တိုင် စစ်တပ်မှထွက်ပြီး ဗိုလ်ချူပ်ဟောင်းတွေဖြစ်တဲ့အတွက် သူကိုယ်တိုင်ပြင်မယ်ဆိုတာက မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီပန်းတိုင်ရောက်ဖို့ NLD နဲ့လက်တွဲဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပန်တိုင်ချင်းတူတယ်။ ဆိုတော့ NLD က တိုင်းရင်းသားပါတီအားလုံးကို ကောင်းကောင်းမွန်မွန်စည်းရုံးပြီး ဒါတွေကိုလုပ်ဆောင်ရမှာဖြစ်တယ်။ တစ်ဖက်မှာလည်း NLD နှင့် တိုင်းရင်းသားပါတီအားလုံးက စစ်အာဏာရှင်စနစ်ကို မကြိုက်ကြတာတော့ ဟုတ်တယ်။ ဒါကို သူတစ်ယောက်ထဲ မလုပ်နိုင်ဘူးဆိုတာတွေ့မြင်နေရတယ်။ ဒါကြောင့် ကျနော်တို့မြန်မာနိုင်ငံက ဘယ်လိုပဲဆိုဆို စစ်အာဏာရှင်စနစ်ကို ဦးစွာအရင်ပြောင်းလဲရမှာဖြစ်တယ်”။

ကိုစာဂျီ (KDNG)

“NLD ကိုမကြိုက်တာမဟုတ်ဘူး၊ ကြိုက်တယ်။ ကျနော်သာ အောက်ပိုင်း ရန်ကုန်တွေမှာ အိမ်ထောင်စုရှိရင် NLD ကိုပဲ မဲ ပေးမှာဖြစ်တယ်။ တိုင်းဒေသကြီးတွေမှာနိုင်အောင် လုပ်ဖို့ထောက်ခံအားပေးရမှာဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားဘက်ကို ကြည့်ရမယ်။ တိုင်းရင်းသားတွေနှင့် မဟာမိတ်လုပ်ပြီး တိုင်းရင်းသားဒေသ တိုင်းရင်းသားပါတီတွေကိုနိုင်အောင်လုပ်ခိုင်းပြီးတော့ တိုင်းရင်းသားကိုယ်စားပြုပါတီတွေကို နေရာထားပေးတယ်ဆိုရင် တိုင်းရင်းသားတွေနိုင်လိမ့်မယ်။
NLD က မဟာမိတ်ဖွဲ့ပြီဆိုရင် ဘယ်လိုမဆိုအားကောင်းလာမယ်။ အားကောင်းလာပြီဆိုရင် တိုင်းရင်းသားကိုယ်စားပြု ကချင်ဆိုရင် ကချင်တွေရဲ့ကိုယ်စားပြုတဲ့သူတွေ လွတ်တော်ထဲရောက်လာရင် ဖယ်ဒရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ဖြုတ်ဖို့ အားလုံးပိုပြီးအားကောင်းလာမယ်။ NLD တစ်ပါတီထဲနိုင်ပြီး စစ်တပ်ကို ဘယ်လိုမှ မနိုင်ဘူး။ စစ်တပ်က သူ့အပါ်မှာရှိနေတယ်။ တိုင်းရင်းသားတွေနှင့် မဟာမိတ်ဖွဲ့ရင်တော့ ဒါတွေကို တွန်းလှန်နိုင်မယ်”
နောနော် (KNG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here