ရခိုင်ဒေသ စစ်ဘေးရှောင်ကျောင်းသားများ ကျောင်းတက်နိုင်ရန် အကူညီ လိုအပ်နေ

၂၁ မေ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒေသခံများမှာ နေရပ်ကိုစွန့်ခွာကာ အဝတ်တစ်ထည် ကိုယ်တလုံးဖြင့် လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း နေ့တိုင်း တိုးလာနေသည်။

၎င်းတို့မှာ နီးစပ်ရာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရပြီး၊ စားဝတ်နေရေးအတွက် အလှူရှင်းများထံမှ ရရှိသော ပစ္စည်း၊ ထောက်ပံ့မှုများဖြင့်သာ ရှင်သန် နေထိုင်နေကြရသည်။

ထို့အတူ သူတို့မှာ အလုပ်အကိုင်မရှိသည့် အတွက်ကြောင့် ငွေကြေးသုံးစွဲမှုအပိုင်းတွင် အခက်အခဲ ဖြစ်ပေါ်နေသည်။ ယင်းနောက် သူတို့ သားသမီးများမှာ ကျောင်းသားများဖြစ်ကြသည့် အတွက်ကြောင့် လာမည့် မိုးရာသီကျောင်းဖွင့်ကာလတွင် မိမိတို့ သားသမီးများကို ပညာ ဆက်လက်သင်ကြားပေးနိုင်ရန် တွေးပူနေမှုလည်း ရှိနေသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် င/ဒက်ကျေးရွာမှ လက်ရှိ စစ်တွေမြို့ နန်းရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေသည့် ကျောင်းမိဘတစ်ဦးဖြစ်သူ ဦးညီညီနိုင်က ယခုနှစ် သားသမီးများကို ပညာသင်ကြားနိုင်ဖို့အတွက် ငွေကြေးအခက်ခဲရှိနေကြောင်း ပြောသည်။

“ ကျောင်းသားတစ်ယောက် စာသင်မယ်ဆိုရင် ငွေလိုမယ်။ သူရဲ့စားဝတ်နေရေး၊ စာအုပ်၊ ဘောပင်၊ ကျောင်းသုံး ဝတ်စုံတွေလိုမယ်။ အစစအရာရာပေါ့၊ အခုစစ်ရှောင်စခန်းမှာ ရောက်နေတော့ အခုလက်ရှိမှာ အလုပ်အကိုင်ကလည်း မရှိ ဝင်ငွေလည်း မရှိဖြစ်နေတယ်။ ” ဟု သူက ဆိုသည်။

ထုိ႔အတူ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာကနေ စစ်တွေမြို့ကို ကျောင်းသားကျောင်းသူ (၄) ဦးနှင့်အတူ စစ်ဘေးရှောင်လာသူ ဒေါ်ခင်အေးနုက ယခုနှစ် သားသမီးများ၏ ပညာရေးရပ်တန့်ခဲ့လျှင် သွားရင် မိဘဘက်က တာ၀န်မကျေဘဲဖြစ်မည်ကို စိုးရိမ်နေသည်။

“ အခု စစ်ဘေးရှောင်စခန်းမှာ သူများတွေက ပေးမှ စားနေရတာ။ ပိုက်ဆံတွေကိုလည်း သူများတွေက ပေးမှသုံးရတာ။ ကျောင်းမထားနိုင်ရင် သားသမီးတွေ အနေနဲ့ နစ်နာတယ်။ ပညာလေး တစ်ပိုင်းတစ်စနဲ့ ဆိုရင် မိဘကလည်း သားသမီးအတွက် တာဝန်မကျေဘူး” ဟု ဒေါ်ခင်အေးနုက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ စစ်တွေမြို့ နန်းရွှေဂူဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင် စခန်ကို ရောက်ရှိနေသူ (၇) တန်းကျောင်းသား မောင်နေလင်းစိုးက ကျောင်းဆက်တက်ခွင့် ရချင်ကြောင်း ပြောသည်။

“ ပညာတတ် စာတတ်ဖြစ်ချင်ပါတယ်။ ဒါကြောင့် ကျောင်းတက်ချင်ပါတယ်။ ” ဟု မောင်နေလင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းမှာ ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူတွေ ယခုနှစ် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အကူညီများလိုအပ်နေသည်။

Covid-19 ကြောင့် ယခုနှစ် ကျောင်းဖွင့်ကာလကို ပုံမှန်ထက် တစ်လနောက်ဆုပ်ထားပြီး လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ တစ်သိန်း ခြောက်သောင်း လေးထောင်ကျော် အထိရှိလာနေပြီး၊ ယင်းအထဲတွင် ကျောင်းသား၊ သူ ၃၀ ရာခိုင်နှုန်းပါဝင်ကြောင့် ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းရုံး REC ထံမှ သိရသည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

Share me now!