“နိုင်ငံရေးသမားတွေကို စကားလေးတစ်ခွန်းပြောတာနဲ့ ချိုးနှိမ်လိုက်တယ်၊ နှိပ်ကွပ်လိုက်တယ်၊ ပြစ်ဒဏ်ကြီးကြီးမားမားပေးပြီးတော့ ကန့်သတ်လိုက်တယ်” ဒေါ်အေးနုစိန် (ANP ပြောခွင့်ရသူ)

ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)

ဒေါက်တာအေးမောင် အမတ်အဖြစ်မှ ရုပ်သိမ်းခံရခြင်းအပေါ် ANP ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၂ မေ ၂၀၂၀

ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကနေ တာ၀န်ရုတ်သိမ်း လိုက်တဲ့အပြင် နောက် လာမယ့် ရွေးကောက်ပွဲတွေမှာ ပါ၀င်ယှဉ်ပြိုင်ခွင့် ပိတ်လိုက်တယ် ဆိုပြီးတော့ မေလ ၁၈ ရက်နေ့က ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ ကြေညာချက်ဟာ ဥပဒေကြောင်းအရ မှန်ကန်မှု ရှိပေမယ့်လည်း ဒေါက်တာအေးမောင်ဖြစ်စဉ် လိုပဲ အခြားနိုင်ငံရေးသမားတွေပေါ်မှာလည်း သက်ရောက်လာနိုင်တယ်လို့ ANP ပါတီ ပြောရေး ဆိုခွင့်ရှိ သူက သုံးသပ်ပါတယ်။ တစ်ဖက်မှာကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒေါက်တာအေးမောင်နဲ့ ပတ်သက်တဲ့ ထုတ် ပြန်ကြေညာချက်ဟာ NLD အစိုးရရဲ့ လက်ရှိသွားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့် မြတ်ရေးကို အဟန့်အ တားဖြစ်စေနိုင်တယ်လို့ တိုင်းရင်းသား ပါတီတစ်ချို့ကလည်း ထောက်ပြ ကြပါတယ်။

ကော်မရှင်ရဲ့ ကြေညာချက်ဟာ ရခိုင်ပြည်သူတွေအတွက် နိုင်ငံရေးအရ ထိ ခိုက်မှု တစ်စုံတစ်ရာ ဖြစ်စေသလား၊ ဒါအပြင် NLD အစိုးရ လုပ်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတားဖြစ်စေသလား။ အခုကြေ ညာ ချက်အပေါ် ANP ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ စတဲ့ အကြောင်းအရာ တွေကို ANP ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး – မေလ ၁၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာ အေးမောင်ကို လွှတ် တော်ကိုယ်စားလှယ်ကနေ ပယ်ဖျက်လိုက်တယ်။ ပြီးတော့ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ပါ၀င် ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးဆိုပြီးတော့ ကြေညာထားတာဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ၂ ပိုင်းရှိမယ်။ ပထမတစ်ပိုင်းက ပြစ်ဒဏ်ကျခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ် ယောက်ကို အဲဒီ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျတ်တယ်။ ဆိုတဲ့ အကြောင်း ချင်းရာက တစ်ပိုင်း အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်နယ် အမျိုး သား လွှတ်တော် ပြည်သူ့လွှတ်တော်တွေမှာ ရွေးကောက်ပွဲ ၀င်ပိုင်ခွင့် မရှိဘူး ဆိုပြီးတော့ အပိုင်းတစ်ပိုင်း အနေနဲ့ ရွေးကောက်ပွဲ ဥပဒေကိုညွှန်းပြီးတော့ ထုတ်ပြန်တာကတော့ တစ်ပိုင်း။ တကယ်တမ်း အား ဖြင့်တော့ ရွေးကောက်ပွဲ ဥပဒေမှာပါရှိတဲ့ အဲဒီအကြောင်းချင်းရာကတော့ ဒီထုတ်ပြန်ချက်မှာ ထည့်စရာ မလိုပါဘူးလို့တော့ ကျမတို့မြင်တယ်။ ဒီလိုဘာကြောင့်ထည့်လိုက်လည်း ဆိုတော့ ဒေါက်တာအေးမောင်နဲ့ ပတ်သက်ပြီးတော့ ပေးထားတဲ့ ပြစ်ဒဏ်တွေ နိုင်ငံရေး လောကထဲမှာ ဘယ်လောက်အထိ ဆက်စပ်ပြီး တော့ ထိခိုက်သွားနိုင်သလဲဆိုတာကို အများပြည်သူသိစေချင်တဲ့အတွက် ဒီထုတ်ပြန်ချက်မှာ ဥပဒေ ပြဌာန်းချက်ကိုပါ ထည့်ပြီးတော့ ကြေငြာတယ်လို့ ကျမမြင်တယ်။

မေး – ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို အခုလို ထုတ် ပယ်ခံ လိုက်တဲ့ အတွက် ရခိုင်လူထုတွေအတွက် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုကို ဖြစ်စေသလား။

ဖြေ – ရွေးကောက်ပွဲဆိုင်ရာနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ ထိခိုက်နိုင်တဲ့ အနေ အထားကို ထုတ်ပြန်တယ်ဆိုတာကတော့ ဒီအချိန်မှာ ဘာမှထူးခြားတဲ့ ခံစားချက်တွေတော့ မဖြစ်လာ နိုင် ဘူး။ ဘာလို့ လဲဆိုတော့ ဒီလိုဖြစ်လာနိုင်တဲ့ စစဦး အခင်းအကျင်းမှာကတည်းကကို သိနေပြီးသား။ ဒီကိစ္စဟာ ဒီ ၂၀၁၈ ခုနှစ်က ဟောပြောပွဲကို မူတည်ပြီးတော့ အဲဒီဟောပြောချက်ဟာ ဥပဒေနဲ့ ဆန့်ကျင် တယ် ဆိုပြီးမှ အမှု ၃ မှု စွဲရာကနေ ဆက်နွယ်လာတဲ့ ကိစ္စမဟုတ်လား။ ဒီအချိန်မှာ ထောင်ထဲကို ၂၂ နှစ်ပေါ့၊ ၂ မှုမှာ အဲဒါ တစ်ပေါင်းတည်း ကျခံခြင်း ဆိုပြီးတော့ ခရိုင်တရားရုံးရဲ့ အမိန့်ကို ပြည်နယ် ပြည် ထောင်စု လွှတ်တော်မှာ ၂ ဆင့် အထူးရင်ဆိုင်ပြီး တက်ရောက်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မူလချ မှတ်ထား တဲ့ ပြစ်ဒဏ်ပဲ အတည်ဖြစ်သွားတယ်။ အဲဒီပြစ်ဒဏ်ထဲမှာ နိုင်ငံတော် ပုန်ကန်မှုဆိုတာ ကြီးက ပါနေတယ်။ ဆိုတော့ ဒီလိုအနေအထားမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်အချိန်မှာ ရပ်ဆိုင်းလိုက်တယ်။ ထုတ်ပယ်လိုက်တယ် ဆိုတာတွေကတော့ ခန့်မှန်းပြီးသားပဲ။ ရှေ့မှာ ဖြစ်ကတည်းက အမှုစွဲပြီဆိုတာနဲ့ ထောင်ချပြီဆိုတာနဲ့ အယူခံဆင့်ဆင့် ပြင်ဆင်မှုတွေမှာ အရေး နိမ့်တာနဲ့ ဒီအခြေအနေကို ဆိုက်ရောက်လာတော့မယ်ဆိုတာကတော့ သိနေကြတာပဲ။

မေး – ဒေါ်အေးနုစိန် ကိုယ်တိုင်လည်း ရှေ့နေတစ်ယောက်ဆိုတော့ အခုလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ဥပဒေကြောင်းရာအရ သင့်လျော်မှုရှိသလား။ ဘယ်လို သုံးသပ် လို့ ရနိုင်ပါ သလဲ။

ဖြေ – အမှန်ကတော့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ပြဌာန်းချက် အရ လုပ်တာ ဒီအပိုင်းကို ကျမတို့ ဘာမှမပြောချင်ဘူး။ ရှေ့မှာပဲ နိုင်ငံရေးသမားတစ်ဦးကို ဒီအခြေအနေအထိ ရောက်ဖို့အတွက် လုပ်ခဲ့တဲ့ အကျင့်တွေဟာ တကယ်ပဲ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ ညီရဲ့လား ဆိုတာ ဒေါက်တာ အေးမောင်အတွက် အမှုမလိုက်ပေမယ့် ဒေါက်တာအေးမောင်နဲ့ တစ်မှုတည်းဖြစ်တဲ့ စာရေး ဆရာ ဝေဟင်အောင် ကို အမှုလိုက်ခဲ့တဲ့ရှေ့နေဆိုတော့ ဒီအနေအထားဟာ ဥပဒေနဲ့ မညီပါဘူးဆိုတာကို ကျမတို့ တစ်လျှောက်လုံး ခုခံချေပခဲ့တယ်။အယူခံပြင်ဆင် အဆင့်ဆင့်မှာ လည်း ကျမ တို့ တင်ပြခဲ့တယ်။ ဒါပေ မယ့် ကျမတို့ ကိစ္စမအောင်မြင်ခဲ့တဲ့အတွက် ဒီနောက်ဆက်တွဲ ဒီကိစ္စကို ရင်ဆိုင်တွေ့ကြုံ လာရတဲ့ အနေအထားဖြစ်တယ်။ နောက်ထပ်ရွေးကောက်ပွဲတွေကို နိုင်ငံတော် ပုန် ကန်မှု ကျူးလွန်တဲ့သူက တော့ ရွေးကောက်ပွဲ၀င်ခွင့်မရှိဘူးဆိုတာ ရွေးကောက်ပွဲ ဥပဒေထဲမှာ ရှိပြီး သား အဲဒါ လေးကိုပါ တစ်ခါတည်း ထည့်ပြီးတော့ အများပြည်သူသိအောင် ကော်မရှင်က ကြေညာပေးတာ ဆိုတာ က လည်း အများပြည်သူတွေက ထင်ထင်ရှားရှားကြီးသိသွားအောင်ပေါ့။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ် ဒီလောက် ကြီးအဆင့်ထိတောင်မှ ထိခိုက်သွား နိုင်တယ်ဆိုတာကို သိစေချင်တဲ့အတွက် ဆောင်ရွက်တယ် လို့ပဲ ကျမ ပြောချင်တယ်။

မေး – ဒီပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်က လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး တည် ဆောက်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်သလား။

ဖြေ – ထိခိုက်တာပေါ့။ တည်ဆဲဥပဒေ နိုင်ငံတော် ပုန်ကန်မှုမှာ အကြမ်းနည်းဖြင့် ဆိုတဲ့စကားလုံးပါတယ်။ အခုလည်း စကားလေးနဲ့ နှုတ်က ပြောတာလေးလောက်နဲ့ ဒီလောက်နိုင်ငံရဲ့ အကြီးလေးဆုံး ဥပဒေ အရ ပြစ်ဒဏ်အကြီးမားဆုံးကို ပေးတယ်။ ပြီးရင် တစ်နေ့တည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ယောက်တည်းက ကျူး လွန်တယ်လို့ သတ်မှတ်တဲ့ ကိစ္စတစ်ရပ်အပေါ်မှာ အမှု ၃ မှုစွဲခဲ့တယ်။ ၂ မှုနဲ့ တစ်ပြိုင်တည်း ပြစ်ဒဏ် ပေး ခဲ့တယ်။ ဒါတွေဟာ တကယ်ပဲ ဖြစ်သင့်သလား။ ကျမတို့ ရှေ့မှာ ရှိခဲ့တဲ့ ဥပဒေတွေ စီရင်ထုံး ဥပဒေ တွေနဲ့ကော ညီညွှတ်သလား။ ဒါတွေဟာ ကျမတို့ အငြင်းပွားစရာတွေဖြစ်တယ်။ ဒါပေမယ့် ကျမတို့ ရှေ့နေ တွေအနေနဲ့ တင်ပြခဲ့တာတွေ ဘာမှ အရာ မရောက်ဘဲနဲ့မအောင်မြင်ခဲ့တဲ့အတွက် အဆင့်မြင့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမယ့် အဆင့်ကို ရောက်နေကြတာ။

မေး – ဆိုတော့ အစိုးရအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ရင်ကြားစေ့ရေး မှာ ဘယ်လိုမျိုး အဟန့်အတားတွေ ဖြစ်စေနိုင်သလဲ။

ဖြေ – နိုင်ငံရေးသမားတွေကို စကားလေးတစ်ခွန်းပြောတာနဲ့ ချိုးနှိမ်လိုက်တယ်။ နှိပ်ကွပ် လိုက် တယ်။ ပြစ်ဒဏ်ကြီးကြီးမားမားပေးပြီးတော့ ကန့်သတ်လိုက်တယ်။ ဆိုတာတွေဟာ ဒီအမျိုးသား ရင်ကြား စေ့ရေး ဆိုတာနဲ့ လူတစ်ယောက်ရဲ့ လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဒါတွေကို ကန့်သတ် လိုက် တယ် ဆိုတာ အားလုံးမြင်ပြီးသား ကိစ္စပဲလေ။ အစိုးရတစ်ခုတက်လာပြီဆိုရင် ကိုယ့်နဲ့ဆန့်ကျင်ဘက် အုပ်စုတွေ ထောင်ထဲ ရောက်သွားကြတယ်။ မဟုတ်ရင် တော်ခိုသွားကြတယ်။ နှစ်ရှည်လများ ကမ္ဘာမှာလည်း ဒီအ တိုင်းရှိတယ်။ မြန်မာမှာလည်း ဒီအတိုင်းရှိတယ်။ အခုဒေါက်တာအေးမောင်က အဲဒီအနေအထားကို ကြုံခဲ့ရ တယ်ဆိုတာ မြင်သာနေတဲ့အချက်ပါပဲ။

မေး – ကျေးဇူးတင်ပါတယ်။

အားမီ(NMG)-မေးမြန်းသည်။

Share me now!