“မြန်မာ့တပ်မတော်အနေနဲ့ တပ်တိုးချဲ့မှုတွေက ဆက်လုပ်နေဦးမယ်၊ နယ်မြေသတ်မှတ်ချက် တိတိ ကျကျမလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေအုံးမှာပဲ”စောဇော်နောင် (IKO ၊ ဒု-ဥက္ကဌ – ၁)

0
264

နိုင်ငံတကာ အဖွဲ့အစည်း(IKO) ဒု-ဥက္ကဌ (၁) စောဇော်နောင်နှင့် မေးမြန်းခြင်း

၂၅ မေ ၂၀၂၀

ယခုလ ၂၂ရက်မှာ နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO)က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ အစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို သုံးသပ်တင်ပြထားတာတွ့ရပါတယ်။ အထူးသဖြင့် တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသားတဲ့ KNU ရဲ့ နယ်မြေအတွင်း တပ်စခန်းတိုးချဲ့နေမှုတွေကို အဓိက ထောက်ပြထားတာတွေ့ရပါတယ်။ IKO ဒု-ဥက္ကဌ (၁) စောဇော်နောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – လတ်တလော ကပ်ရောဂါ ကာလမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ တပ်မတော်အကြားမှာ ပဋိပက္ခတွေ ပိုဖြစ်လာတာမျိုးတွေ့ရတယ်။ ဒါဘာကြောင့်လို့ ထင်မြင်သုံးသပ်သလဲ။

ဖြေ – COVID-19 ရောဂါဖြစ်ပေါ်လာမှု အပေါ်မှာ ဗမာ့တပ်မတော်အနေနဲ့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချ လှုပ်ရှားလာတယ်လို့ တွေ့ရတယ်။ ကေအဲန်ယူ နယ်မြေထဲမှာလည်းပဲ သူတို့ (စစ်တပ်)က ကျန်းမာရေး အကြောင်းပြုပြီးတော့ သူတို့ရဲ့ သြဇာတွေ တဆ တဆ စိုက်ထူလာတာကို တွေ့ရတယ်။ ကူညီပံ့ပိုး ပေးတာ တွေ ကို အကြောင်းပြုပြီး သူတို့ တိုးချဲ့လာတာတွေ တွေ့ရတယ်။ ကရင်တွေရဲ့ ကိုဗစ် ရောဂါ ကာကွယ် မှုအပေါ်မှာလည်း သူတို့က လက်နက်တွေနဲ့ ဖိအားပေးတာမျိုးရှိတယ်။

ဥပမာ- ကေအဲန်ယူ တပ်မဟာ (၁)လို့ တပ်မဟာ (၅)တို့လို ဖြစ်စဉ်မျိုးပေါ့။ တပ်မဟာ (၅)ဘက်မှာဆိုရင် စခန်းတွေ မီးရှို့ဖျက်ဆီးတာတွေ တွေ့ရတယ်။ အဲ့လို လုပ်လာတဲ့ အခါကျတော့ KNLA ဘက်ကလည်း သူတို့မှာ သူတို့ရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ့် တာဝန်တွေရှိလာတယ်။ အဲ့လို တာဝန်တွေ ရှိလာတော့ ဒီမှာ ပဋိပက္ခ ဖြစ်ရတာပေါ့။ မြန်မာ့ တပ်မတော်ဘက်က အင်အား တိုးချဲ့လာတာတွေ များလာတယ်လို့ သိရတဲ့အခါကျတော့ ပိုပြီးတော့ ပဋိပက္ခ ကြီးလာဖို့ အခြေအနေရှိလာတယ်လို့ မြင်တယ်။

မေး – IKO ရဲ့မေလ ၂၂ရက်နေ့ သဘောထားထုတ်ပြန်ချက်မှာ NCA ထိုးပြီးတဲ့ နောက်မှာတပ်မတော်ဘက်က KNUနယ် မြေထဲမှာ တပ်အင်အား၊ တပ်စခန်း တိုးချဲ့လာတာမျိုးရှိလာတယ်လို့ ဆိုထားတယ်။ ဘာကြောင့် ဒီလို ကိစ္စရပ်တွေ ဖြစ်လာတယ်လို့ သုံးသပ်လဲ။

ဖြေ – NCAကို မြန်မာအစိုးရနဲ့ ဗမာ့တပ်မတော်တို့ ထိုးတဲ့ အချိန်လောက်ကစပြီးတော့ ဒီတကယ့်ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးတော့ လုပ်တာမဟုတ်ဘဲနဲ့ အသုံးချဖို့ လုပ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ ဒါကြောင့် သူတို့က ရတဲ့အခွင့် အရေး အပေါ်မှာ အကြောင်းပြုပြီးတော့ သူတို့ တပ်တွေ တိုးချဲ့လာတာတွေ နေရာတိုင်းလိုလိုမှာ တွေ့ရတယ်။ ဆိုလိုတာက NCA နဲ့ ပတ်သက်ပြီးတော့ သူတို့ သဘောထား မမှန်ဘူးပေါ့ဗျာ။ မမှန်လို့ ဒီကနေ့ အထိ တစ်ဆို့ နေရတာပေါ့။ သဘောထား မှန်မှန်နဲ့သွားမယ်ဆိုရင် ဒီ တပ်အင်အားတွေ တိုးချဲ့ဖို့ မလိုဘူး။ ဒီလို တပ်အင်အား တိုးချဲ့လာတော့ တိုင်းရင်းသားတွေ ဘက်က ပဋိပက္ခ မဖြစ်လိုတဲ့ အပေါ်မှာ ရှောင်တိမ်းရင်းနဲ့ သူတို့ တပ်တွေက များများလာတဲ့အခါကျတော့ ရေရှည်မှာ သံသယစိတ်တွေလည်း ပွားလာတာပေါ့။

မေး- ဒီလို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေတွေမှာ တပ်စခန်းတိုးချဲ့မှု၊ တပ်အင်အား တိုးချဲ့မှုတွေ လုပ်လာတဲ့အပေါ်မှာ နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဖြစ်လာနိုင်သလဲ။

ဖြေ – နောက်ဆက်တွဲ အနေနဲ့ လုံးဝမကောင်းပါဘူး။ ပိုပြီးတော့ ပြဿနာ ကြီးထွားစေဖို့ပဲရှိပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးလို့ ပါးစပ်က ပြောနေပေမယ့် ဒီအတိုင်း သွားနေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး နဲ့ အလှမ်း ကွာဝေးနေဆဲဖြစ်နေအုံးမှာပဲ။ အပြန်အလှန် သဘောတူညီပြီးတော့ လုပ်ကိုင်တာမျိုးဖြစ်ဖို့ လိုတာပေါ့။ အခွင့်အရေး ယူပြီးတော့ အင်အားသုံးပြီး လုပ်ကိုင်တာမျိုးတော့ အလားအလာ မကောင်း ဘူးလို့ ပြောရမှာပဲ။ ငြိမ်းချမ်းရေး အတွက်လည်း မျှော်လင့်ချက် မဲ့စေတယ်။

မေး- တပ်မတော်ဘက်က ၃ လကျော်ကြာ အပစ်ရပ်ကြေညာထားပေမယ့် ကရင်၊ ရခိုင် အပါအဝင် အခြား တိုင်းရင်း သားဒေသတွေမှာ စစ်ရေး ပဋိပက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတဲ့ အပေါ်မှာ ဘယ်လို သုံးသပ်လဲ။

ဖြေ – ခြုံပြီးပြောရရင် သူတို့(စစ်တပ်)ရဲ့ သဘောထား မမှန်ကန်တဲ့အပေါ်မှာ ဖြစ်လာတဲ့ ကိစ္စရပ်လို့ပဲ ပြောရမှာ။ တကယ်တမ်းက တပ်မတော်ထုတ်တဲ့ ကြေညာချက်က တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့ လိုတာပေါ့။ အခုက တိုင်းရင်းသား နယ်မြေတချို့ ချန်ထားပြီးတော့ တချို့အတွက်ပဲ ရေးထားတာ သွားတွေ့ရတယ်။ နောက် တစ်ခုက ကေအဲန်ယူ တို့လို NCA လက်မှတ် သဘောတူ ရေးထိုးထားတဲ့ အဖွဲ့တို့လိုအဖွဲ့တွေ ဆိုလို့ရှိရင် နောက်ထပ် အပစ်ရပ် ကြေညာချက်တစ်ခု ထုတ်ဖို့တောင်မှ မလိုဘူးထင်တယ်။ တကယ်လို့သာ သူတို့ ပထမ နှစ်ဖက် တွေ့ဆုံညှိနှိုင်းပြီးတော့ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ ဒါက လုံလောက်ရမဲ့ အနေအထား ရှိရမယ်။

အဲ့ဒါကို ကြည့်ခြင်းအားဖြင့် NCAက မထိရောက်ဘူး အရာမဝင်ဘူးလို့ ပြန်ပြီး ဖော်ပြသလိုဖြစ်နေတယ်။ နောက် အခု သူတို့(စစ်တပ်)က ထုတ်တဲ့ ကြေညာချက်အပြီးမှာလည်း တိုက်ပွဲက ဆက်ဖြစ်နေတာပဲ။ တိုက်ပွဲ တွေ ပြန်ဖြစ်တာကို ကြည့်မယ်ဆိုရင်လည်း မြန်မာ့တပ်မတော်ဘက်ကနေ မြေပြင်မှာ ပြဿနာတွေ ကြီးထွား အောင် လုပ်နေတာကို သွားတွေ့ရတယ်။ ဖိအားပေးပြီး ပြဿနာဖြေရှင်းတာတွေ၊ အင်အားသုံးပြီး ပြဿနာ ဖြေရှင်းတာတွေလုပ်တာဖြစ်တဲ့အတွက်ကြောင့် နယ်ခံ လူထုတွေလည်း ကောင်းကောင်းမနေရဘူး။ ထွက်ပြေးတိမ်းရှောင်ရတယ်။ နောက်တစ်ခုက သူတို့ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ AA(ရက္ခိုင့်တပ်တော်) ဘက်မှာဆိုရင် ပိုတောင်ဆိုးတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေ အကြောင်းမဲ့ သတ်ဖြတ်တာတွေ တွေ့နေရတာပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ICJ နဲ့ပတ်သက်ပြီးတော့ သူတို့ အစီရင်ခံရမှာတွေ ရှိတယ်။ တဖက်က ICJကို အလေးမထားရာ ရောက်တယ်လို့လည်းမြင်တယ်။ ပြောရရင် မြန်မာအစိုးရက သူ့သဘော သူဆောင် တာ၊ သိပ်မျှော်လင့်လို့မရဘူး။

မေး- တဖက်မှာ KNU ဘက်ကလည်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်ချက်တွေ ထုတ်ပြန်လာတဲ့ အပေါ်မှာ ကေအဲန်ယူနဲ့ အစိုးရ၊တပ်မတော်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလား အလာက ဘယ်လိုဖြစ်လာ နိုင်သလဲ။

ဖြေ – ကေအဲန်ယူကတော့ အတော်လေးပဲ စိတ်ရှည်သီးခံတယ်လို့ ပြောရမလိုဖြစ်နေတယ်။ မပြော မဖြစ်လို့ ပြောရမယ်အချိန်မျိုး ရောက်တဲ့ အခါကျတော့ ပြောလာပြီ။ ဒါပေမယ့် စစ်တပ်ရဲ့ တပ်စခန်း တိုးချဲ့တာတွေ အင်အား တိုးချဲ့တာတွေကို ကျနော်တို့လည်း သိတာကြာပါပြီ။ ကေအဲန်ယူက ဒီနေရာမှာ သူတို့ လည်း ထုတ်ဖော်ပြောလာတာဆိုတော့ အခြေအနေမှန်က ပိုပြီးတော့ ခိုင်မာပြီး မှန်ကန်တာပေါ့။ ပြောရရင် ဒီလို တပ်စခန်းတွေလည်း တိုးလာတယ်၊ ကေအဲန်ယူ အနေနဲ့ကလည်း ကရင့်တော်လှန်ရေးနဲ့ ကရင်တစ်မျိုးသားလုံး အတွက် ခေါင်းဆောင် အခန်းကဏ္ဍမှာ တာဝန်ရှိတဲ့ အခါကျတော့ ကရင်တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို လည်း ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရမှာပေါ့။ ဒီလို အနေအထားမှာ မြန်မာ့တပ်မတော်အနေနဲ့ တပ်တိုးချဲ့မှုတွေ ဆက်လုပ်နေဦးမယ်၊ နယ်မြေသတ်မှတ်ချက် တိတိကျကျ မလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေး နေဦးမှာပဲ။ ဒါကြောင့် ပဋိပက္ခတွေ လျှော့ချနိုင်ဖို့ဆိုရင် နှစ်ဖက် သဘောတူ နယ်မြေ သတ်မှတ်ချက်တွေ လုပ်ထားနိုင်မှသာလျှင် ဒီပြဿနာကို ဖြေလျှော့နိုင်မယ်လို့ မြင်တယ်။ အဲ့ဒါမှ ငြိမ်းချမ်းရေးကို တဆင့်တက်လှမ်း နိုင်မယ်။

မေး- ဒီ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအားလုံးအပေါ် အခြေခံပြီး ရှေ့လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဘယ်လိုခြုံငုံသုံးသပ်ပြီး အကြံပြုချင်လဲ။

ဖြေ – ကေအဲန်ယူ နဲ့ မြန်မာအစိုးရအဆက်ဆက်တို့ တွေ့ဆုံ ဆွေးနွေးတဲ့ ဖြစ်စဉ်တစ်လျှောက်လုံး အရင် ၁၉၄၉ ခုနှစ်ကနေ ဒီကနေ့အထိကို ပြန်ကြည့်မယ်ဆိုရင် ဒီတွေ့ဆုံ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်း လိုက်တာက အစိုးရနဲ့ တပ်မတော်ဘက်ကပဲဆိုတာကို သွားတွေ့ရတယ်။ အခုလည်း ဒီသဘောတွေ သွားတွေ့ရတယ်။ သူတို့ တွေ့ဆုံဆွေးနွေးရေး ခေါ်ကတည်းကိုက သူတို့ သဘောထားမမှန်ဘူးဆိုတာကို သွားတွေ့ရတယ်။

ပထမအချက်က သူတို့ အကြပ်အတည်း လွှတ်မြောက်ဖို့အတွက် ခေါ်တဲ့ သဘောရှိသလို တဖက်က တော်လှန်ရေး အင်အားစုတွေရဲ့ အကြပ်အတည်းတွေရှိတဲ့အပေါ်မှာ သူတို့ ခေါ်လိုက်တဲ့ သဘောတွေရှိတယ်။ ခေါ်လိုက်ပြီးတော့ သူတို့က ဒါကို ဖြိုခွဲဖို့ပဲ။ သူတို့ အကြပ်အတည်း တွေကို ဒီလို တွေ့ဆုံဆွေးနွေးရေး ကာလတွေမှာ တစ်စုံတစ်ရာ ပြေလည်အောင် လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ဒီတွေ့ ဆုံ ဆွေးနွေးပွဲကို ဖျက်သိမ်းဖို့ သူတို့လုပ်လာတာပါပဲ။ ဒါကြောင့်မိုလို့ သူတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထား အစစ်အမှန်က ပြန်ကြည့်မယ်ဆိုရင် ဒီကနေ့အထိ မတွေ့ရသေးဘူး။

NCA လက်မှတ်မထိုးမီ ပဏာမ ဆွေးနွေးပွဲ လုပ်တဲ့ ကာလမှာလည်း နှစ်ဖက် တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ရေးဆွဲပြီး ပထမက ဒါတွေကို အကောင်အထည်ဖော်မယ်လို့ ထင်တာ။ နောက်ပိုင်းက ဒီအဆင့်တွေကို ကျော်သွားပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို ရောက်သွား တာပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲ ကိုဆက်သွားတဲ့ အခါကျတော့ ဖြေရှင်းရမယ့် ပြဿနာက ကျန်နေသေးတဲ့ သဘောဖြစ်တာ ပေါ့။ ဒါကလည်း အစိုးရဘက်ကနေ ဆွဲယူလိုက်တဲ့ သဘောနဲ့ ပါသွားတဲ့ ပုံစံဖြစ်သွားတာပေါ့။ ဒီလို ဆွဲယူတာကလည်း သဘောရိုးနဲ့ မဟုတ်ဘဲနဲ့ ကျန်ခဲ့တဲ့ ဟာကို သူတို့ ပြဿနာ ဖန်တီးနိုင်အောင် လုပ်ထားတဲ့ ပုံစံမျိုးလို့ သွားတွေ့ရတယ်။ ဒါကြောင့် အပြုသဘော အနေနဲ့ ပြောရမယ်ဆိုရင် Code of Conduct ( နှစ်ဖက်လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်း) နဲ့ နယ်မြေပိုင်းခြားမှုကို အတိအကျလုပ်ပါ။ အတိအကျလုပ်ပြီးမှသာလျှင် နိုင်ငံရေး ဆွေးနွေးမှုကိုလည်း သွားပါ။ အဲ့လို သွားမယ်ဆိုရင်တော့ ဒီမြေပြင်က အခက်အခဲတွေက အများကြီးပြေလည် သွားနိုင်တယ်။ နိုင်ငံရေး ဆွေးနွေး ပွဲလည်း တိုးတက်သွားနိုင်တာပေါ့။ အာမခံချက်အနေနဲ့ အပစ်အခတ်ရပ်စဲ ရေးကို ခိုင်မာအောင် အရင်လုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲကို သွားနိုင်မယ်ဆိုရင် အခက်အခဲ အားလုံးပြေ လည်သွားမယ်လို့ မြင်တယ်။

ကျေးဇူးတင်ပါတယ်။

စအိုင်ဆူး (ကေအိုင်စီ) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here