တပ်မတော်အတွင်း အကျိုးစီးပွား ပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှုအပေါ် စစ်ဆေးပေးရန် Justice For Myanmar တောင်းဆို

0
472

မြန်မာ့စီးပွားရေးဦးပိုင် (၂၉)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အ စည်းအဝေးကျင်းပစဉ် (http://cincds.gov.mm/sites/default/files/S1.jpg)

၁၇ ဇွန်၂၀၂၀

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ၌ ဦးဆောင်သည့်ပုဂ္ဂိုလ်များအနေဖြင့် လက်ရှိ မြန်မာစစ်တပ်တွင် အဓိက ကျသော ရာထူးနေရာများ ဆက်လက်ရယူထားခြင်းသည် ကြီးမားသည့် အကျင့်ပျက်ခြစားမှု အန္တရာယ်နှင့် ဆိုးရွားသည့် အကျိုးစီးပွား ပဋိပက္ခများဖြစ်ပေါ် စေပြီး ၎င်းအပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ရန် ဇွန်လ ၁၇ရက်နေ့တွင် Justice for Myanmar အဖွဲ့မှ တောင်းဆိုလိုက်သည်။

တပ်မတော်သားအစုရှယ်ယာများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လို ကုမ္ပဏီများ၏ ဦးဆောင်မှု အခန်းကဏ္႑များ၌ လက်ရှိ မြန်မာစစ်တပ်တွင် အုပ်ချုပ်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ထောက်ပံ့ရေး နှင့် တရားရေး ဆိုင်ရာ ကဏ္႑များတွင် တာဝန်ရှိသည့် ထိပ်တန်းအကြီးအကဲ အရာရှိများက လွှမ်းမိုးထားကြောင်း Justice for Myanmar ဖွဲ့က ဆိုသည်။

ထိုသို့ တပ်ပိုင်ကုမ္ပဏီများ၏ ဦးဆောင်မှုတွင်ပါဝင်နေသည့် အဆိုပါ ပုဂ္ဂိုလ်များသည် အရပ် ဖက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ပြည်သူ့ဘဏ္ဍာ သုံးစွဲမှုတွင်ပါဝင်ရသည့် စစ်တပ်အတွင်း အဆင့်မြင့် ရာထူးတာဝန်များ ရယူ ထားခြင်းကြောင့် ၎င်းတို့၏ စီးပွားရေး ဆက်စပ်မှုများမှတဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်များရနေကြ ကြောင်း Justice for Myanmar ၏ ပြောခွင့်ရ မရတနာမောင်က ယခုလိုပြောသည်။

၎င်းက “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် ခင်မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ ဝန်ထမ်း တွေ ဖြစ်ရမှာဖြစ်ပြီး အရပ်ဘက် ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါ တယ်။ အခုတော့ ဒီမိုကရေစီ နည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ ဝန်ထမ်းရာထူးတွေက တဆင့် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေ ရရှိ ခံစားနေကြတယ်” ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ထို့အပြင် စစ်တပ်လက်ဝါးကြီးအုပ် ခေါင်းဆောင်များ၏ အကျိုးအမြတ်အတွက် စစ်တပ်၏ ဘဏ္ဍာရေးကို စီးပွား ရေး လုပ်ငန်းသဖွယ် စီမံခန့်ခွဲနေသည့်အပေါ် အစိုးရ အနေဖြင့် မည်သည့်အတွက် ဆက်လက်ခွင့်ပြုနေသလဲ ဆိုသည့်အပေါ် ပြည်သူများအနေဖြင့် မေခွန်းထုတ်ရမည့်အချိန်ဖြစ်သလို စစ်တပ် အကျိုးစီးပွား ဖြစ်ထွန်းမှုသည် စနစ်တကျဖြစ်နေပြီး ၎င်း အပေါ်လျင်မြန်စွာ စုံစမ်းစစ်ဆေးပြီး ဒီမိုကရေစီ နည်းကျ လုပ်ဟန် ပြောင်းလဲရန် လိုအပ် ကြောင်းလည်း မရတနာမောင်က ဆက်လက်ပြောဆိုထားသည်။

လက်ရှိ မြန်မာ့စီးပွားရေး ဦးပိုင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာသည် ဗိုလ်ချုပ် ခင်မောင်သန်းဖြစ်ပြီး ၎င်းသည် တပ်မ တော်၏ စစ်လက်နက်များအပါအဝင် ပစ္စည်းများဝယ်ယူရေးတွင် တာဝန်ယူရသည့် တပ်မတော် ပစ္စည်းဝယ် ယူရေး ဌာန ညွန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်သလို Myanmar Five Star Line Co. Ltd. ၊ Kayah State Mineral Production Co. Ltd. ၊ Myanmar Land and Development Ltd. ၊ Myanmar Imperial Jade (Gems & Jewellery) ၊ Myanmar Ruby Enterprise (Gems & Jewelry) Co. Ltd. ၊ Myawaddy Trading Ltd. ၊ Adipati Agricultural Produce Trading Ltd. နှင့် Gandamar International Trading Ltd. အပါအဝင် ပုဂ္ဂလိကပိုင်နှင့် အများပိုင် ကုမ္ပဏီ ၁၉ ခုတွင် ညွန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ လက်ရှိ မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့စီးပွားရေး ဦးပိုင်၏ ဦးဆောင် နာယကဖြစ်ပြီး ၎င်းအပြင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်် အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များသည် မြန်မာ့စီးပွားရေး ဦးပိုင်၏ အစုရှယ်ယာရှင်များ အဖြစ် အကျိုးအမြတ်ရရှိနေကြကာ စစ်တပ်၏ အောက်ခြေနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များမှာ ဆိုးရွားသော အခြေအ နေတွင်း အနည်းဆုံးလစာဖြင့် တာဝန်ထမ်းဆောင်နေကြရသည်ဟု Justice for Myanmar က ဆို သည်။

အဆိုပါ မြန်မာ့စီးပွားရေး ဦးပိုင်သည် စစ်တပ်၏ လုပ်ငန်းစုကြီးဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်း အဖွဲ့အစည်းများ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နှင့် စစ်မှုထမ်းဟောင်းများသာလျှင် အစုရှယ်ယာ ပိုင်ဆိုင်နိုင် ပြီး မြန်မာစစ်တပ်အနေဖြင့်လည်း မြန်မာ့စီးပွားရေး ဦးပိုင် စီးပွားရေး လုပ်ငန်းများထံမှ ထောက်ပံ့ရေး ပစ္စည်း များ နှင့် ဝန်ဆောင်မှုများကို ဝယ်ယူနေသည်ဟု ဆိုသည်။

” အာဏာကို ထိန်းချုပ်ထားဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ပိတ်ဆို့ဖို့ ကြောင်းကျိုး ပြချက်ပေးနေတဲ့ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေဖို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေမှာ ဘဏ္႑ာရေး ဆိုင်ရာ မက်လုံးတစ်ခုလဲ ရှိနေတယ်။ အဲ့ဒီ လိုမှ သူတို့ အကျိုးအမြတ်ဆက်လက်ရရှိမယ်။ ဒီလိုလုပ်ရင်းနဲ့ တိုင်းရင်းသား ဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ နဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန် နေကြတယ်။ ဒီ အကျင့်ပျက်ခြစားမှုတွေ က ရာဇဝတ်မှုဘဲ၊ ဒါမျိုးကို အရေးယူရမည်” ဟု မရတနာမောင် က ဆက်လက် ပြောဆိုထားသည်။

ထို့အပြင် စစ်တပ်၏ ဥပဒေပိုင်းဆိုင်ရာ အဓိကအရာရှိကြီးနှစ်ဦးဖြစ်သည့် တပ်မတော် စုံစမ်းစစ်ဆေးရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အေးဝင်း နှင့် စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့သည် မြန်မာ့ စီးပွား ရေး ဦးပိုင်၏ ဘုတ်အဖွဲ့ဝင်များဖြစ်ကြသည်။ ၎င်းစုံစမ်းစစ်ဆေးရေး အရာရှိချုပ်သည် ဌာနတွင်း စာရင်းစစ်ဆေးမှု များနှင့် စုံစမ်းစစ်ဆေးမှုများအတွက် အဓိက တာဝန်ရှိသလို စစ်ဥပဒေချုပ်အနေဖြင့်လည်း စစ်ဘက် ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရသူ ဥပဒေ အရာရှိ အကြီးအကဲဖြစ်ခြင်းကြောင့် မြန်မာ့ စီးပွားရေး ဦးပိုင်၏ လုပ်ပိုင်ခွင့်အာဏာမှာ စစ်ဆေးခံရခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု မရှိ လည်ပတ် နေကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်၌ ထောက်ပြထားသည်။

အလားတူ အခြားစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ် ထွန်းအောင်( စစ်ဦးစီးအရာရှိချုပ်-လေ)၊ ဗိုလ်ချုပ် မိုးအောင် ( စစ်ဦးစီးအရာရှိချုပ်-ရေ) နှင့် ဗိုလ်ချုပ် မိုးမြင့်ထွန်း (နေပြည်တော် အခြေစိုက် ကာကွယ် ရေး ဌာန စစ်ဆင်ရေး အထူးအဖွဲ့ အမှတ်(၆) အကြီးအကဲ) စသည်တို့လည်း မြန်မာ့စီးပွားရေး ဦးပိုင်၏ ဒါရိုက်တာများ ဖြစ်ကြကြောင်း Justice for Myanmar က ဆိုထားသလို ကုလသမဂ္ဂ အချက်အလက် ရှာဖွေ ရေးမစ်ရှင်၏ အစီရင်ခံစာ၌လည်း ဖော်ပြထားသည်။

Justice for Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုက ရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ကို ရှေးရှု့၍ စစ်တပ်စီးပွားရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်း ရန် တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်ဟုသိရသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here