“မပြေးနိုင်တော့ဘူး။ အသက်လည်း ကြီးနေပြီ။ မပြေးချင်တော့ဘူး။ ပုန်းလည်း မပုန်းချင်တော့ဘူး။ ပြန်ပြီး မတိုက်ခိုက်ကြပါနဲ့တော့” ဒေါ်မိမယ် – (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)

တိုက်ပွဲဖြစ်ပွားရာ ရှားတောနယ်မှ ပြည်သူ့အသံများ စုစည်းချက်
၂၂ ဇွန် ၂၀၂၀

ပြီးခဲ့တဲ့ မေလ အတွင်းမှာ ကယားပြည်နယ် ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စုအတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) နဲ့ စစ်တပ်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့ ကျေးရွာဒေသခံတချို့ရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။

ဦးဌေးရယ် – (ရှားတောမြို့နယ်၊ ဒေါကလော်လဲ ကျေးရွာ)

“ဒီလိုမျိုး ပြန်ဖြစ်လာမယ်ဆိုရင် ကျတော်တို့ တောင်ယာထဲ အလုပ်လုပ်ဖို့လည်း အဆင်မပြေတော့ဘူး။ ကျတော်တို့ တောင်ယာထဲ သွားမယ်ဆိုရင်လည်း အိမ်အတွက် စိုးရိမ်တယ်။ ဘာမှ ပဋိပက္ခတွေ မဖြစ်တော့ဘူးဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် ပိုပြီးတော့ အဆင်ပြေတယ်လေ။ ကျတော်တို့ ရွာထဲမှာတော့ ပဋိပက္ခတွေ ဖြစ်တာတော့ မရှိတော့ဘူး။ ဒါပေမယ့် ရွာပတ်ဝန်းကျင်မှာတော့ မကြာခဏ ကြားတယ်။ ဖြစ်လာပြီဆိုရင် ကျတော်တို့လည်း စိုးရိမ်တယ်လေ။ သတိနဲ့ နေကြရတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို ကျတော်တို့ အမျိုးသားတွေထက် ပိုပြီးတော့ ကြောက်တယ်။ တောင်ယာထဲလည်း မသွားရဲကြတော့ဘူး”

ဒေါ်မိမယ် – (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)

“ပင်ပန်းတယ်။ ကျမက ပြန်ပြီး မတိုက်စေချင်တော့ဘူး။ မပြေးနိုင်တော့ဘူး။ အသက်လည်း ကြီးနေပြီ။ တောထဲမှာလည်း သွားပုန်းနေခဲ့ရတယ်။ မပြေးချင်တော့ဘူး။ ပုန်းလည်း မပုန်းချင်တော့ဘူး။ အခုတော့ မပစ်ကြတော့ဘူးဆိုတော့ နည်းနည်း သက်သာပါတယ်။ ပြန်ပြီး မတိုက်ခိုက်ကြပါနဲ့တော့”


ဦးစေရယ် – (ရှားတောမြို့နယ်၊ သီရိဒါးကျေးရွာ)

“ကျတော်တို့ကတော့ တွေးပြီး စိုးရိမ်တာပေါ့။ ကျတော်တို့ ပြန်လာနေတာ အိမ်ရှိပြီ၊ ခြံရှိပြီလေနော်။ အလုပ်လည်း လုပ်တယ်။ ဆိုတော့ ပြန်ပြီး ပစ်ခတ်ကြမယ်ဆိုရင် ဆက်ပြီးတော့ တိုက်ကြမလား၊ ဘယ်လို ဖြစ်လာမလဲဆိုတာ တွေးပူပြီး ကြောက်နေရတယ်။ အရင်ကလို ပြန်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တွေးမိရင် အားလုံးက စိုးရိမ်နေရတယ်”


ဦးမူးရယ် – (ရှားတောမြို့နယ်၊ ဒေါတနောကျေးရွာ)

“ကျတော်တို့ရွာနားမှာလည်း နယ်ခြားစောင့်တပ် ရှိတယ်။ သူတို့က ဒီမှာပဲ နေမယ်။ မရွေ့တော့ဘူးဆိုရင် ဘယ်အချိန် ပြန်ပြီး ပစ်ခတ်ကြမလဲဆိုတာက ကျတော်တို့ စိတ်ထဲမှာ အမြဲတမ်း တွေးကြောက်နေရတယ်။ ကျတော်တို့ ရွာလူကြီးတွေကိုဆိုရင်လည်း သူတို့( နယ်ခြားစောင့်တပ်) က အမြဲတမ်း အပြောခံရတာတွေ ရှိတယ်။ သူတို့ အချင်းချင်း ပြောလို့ မရတော့ဘူးဆိုရင် ကျတော်တို့ ရွာလူကြီးတွေ၊ ရွာသူ၊ရွာသားတွေကို လာပြောတယ်။ အဲ့လို အမြဲလုပ်တယ်”


ဦးတော်ရယ် – (ရှားတောမြို့နယ်၊ ဒေါမူလဲကျေးရွာ)

“သူတို့ ပစ်ကြတယ်ကြားတော့ ကျတော်တို့က ကြောက်တယ်။ ရွာနဲ့ နည်းနည်းဝေးပေမယ့် ပစ်တယ်ကြားရင် ပြေးဖို့ပဲ တွေးတော့တယ်လေ။ အရင်ကလို ပြန်ဖြစ်လို့ရှိရင် ဘယ်သူမှ မခံနိုင်တော့ဘူး။ ပြေးဖို့တော့ ကြိုတွေးရတာပေါ့”


ဒေါ်ခိမို – (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)

“ကျမက မိန်းကလေးလေ။ မုဆိုးမလည်း ဖြစ်တယ်။ သူတို့ ပြန်ပြီး တိုက်ကြမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျမ သား၊သမီးတွေကို ဘယ်လိုလုပ်ရမလဲ။ ဘာကျွေးရမလဲ ဆိုတာတွေ အမြဲတမ်း တွေးတယ်။ အရမ်း ပင်ပန်းတယ်။ စိတ်လည်း ဆင်းရဲတယ်။ ပြေးလွတ်ပါ့မလား၊ မလွတ်ဘူးလားဆိုတာလည်း အမြဲတွေးမိတယ်။ ကြောက်တယ်လေ။ ဘာမှ မကြားရင်တော့ စိတ်သက်သာတယ်။ တခုခု ကြားပြီဆိုရင် အမြဲတမ်း တွေးကြောက်နေရတယ်”

ဦးချာရယ် - (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)
ဦးချာရယ် – (ရှားတောမြို့နယ်၊ တနော်ကလုကျေးရွာ)

“ဒေါလယ်ခူနားမှာ ပစ်ကြတယ်ဆိုတဲ့ ကိစ္စပေါ့။ ကျတော်တို့ ကြားတော့ ကြောက်ရတယ်။ ကျတော်တို့နဲ့ ဝေးတယ်။ ဒါပေမယ့် သူများပြောတာ ကြားတာနဲ့တင် ကြောက်ရတယ်။ တိုက်ကြရင် အရင်ကထက် ပိုပြီး အထိနစ်လိမ့်မယ်ဆိုတဲ့ စိတ်က ရှိနေတယ်လေ။ အခုတော့ နည်းနည်းတော့ ပြန်ငြိမ်သွားတော့ ဆက်မဖြစ်တော့ပါဘူးဆိုပြီး ပြောကြတာလည်း ကြားရတော့ နည်းနည်းတော့ ပြန်ပြီး စိတ်သက်သာရာ ရတာပေါ့။

မောဦးမြာ(ကန္တာရဝတီတိုင်းမ်) – စုစည်းမေးမြန်းသည်။

Share me now!