“ဘာမှ လက်နက်မရှိတဲ့ မြေဇာပင်ပြည်သူတွေက တကယ် အခက်အခဲကြုံတွေ့နေရကြတာကို နိုင်ငံတော်ကလည်း ဝိုင်း၀န်းပြီးတော့ ဖြေရှင်းပေးစေချင်တယ်” ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ်)

0
227

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် ဆက်သွယ်မေးမြန်းခြင်း

၃၀ ဇွန် ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ထဲမှာရှိတဲ့ ကျောက်တန်းနှင့် အနီးအနား ကျေးရွာများအတွင်း နယ်မြေ ရှင်းလင်းရေးလုပ်မှာ ဖြစ်တဲ့အတွက် ရွာသားတွေ အနေနဲ့ ခေတ္တတိမ်းရှောင် ပေးဖို့ နယ်လုံ၀န်ကြီးက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြား ထားပါတယ်။ အဲဒီစာကို ရသေ့ တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီကို နယ်လုံ၀န်ကြီးက အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

စာထဲမှာ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့တွေ ဖြန့်ကျက်လှုပ် ရှားနေတဲ့ သတင်းတွေ ရရှိထာကြောင်း ဒါကြောင့် AA နဲ့ ပတ်သက်ဆက်နွယ်သူတွေကို လက်မခံထားဖို့နဲ့ အဲဒီ ဒေသ ကို တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်တဲ့အတွက် ခေတ္တတိမ်းရှောင်ပေးဖို့ ပြောဆို ထားပါတယ်။ အဲဒီအခြေအနေ အသေးစိတ်ကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – ရသေ့တောင်မြို့နယ် ကျောက်တန်းဖက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုပြီးတော့ ရွာသားတွေကို ရွာကနေ ရှောင်ခိုင်းထားတယ်လို့ကြားတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုကြား ထားလဲ အတည်ပြုလို့ရပါသလား။

ဖြေ – အဲဒါကတော့ ကျမတို့ ရခိုင်ပြည်နယ် နယ်လုံ၀န်ကြီးဆီက ပို့တာပေါ့။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဆီကို အသိပေးတာပါ။ အဲတော့ အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အဲဒီကျေးရွာမှာ ကျောက်တန်းတိုက်နယ်မှာ ရှိတဲ့ ကျေးရွာတွေကိုပေါ့နော။ သူ့အနေနဲ့ အသိပေးရတာပါ။ အဲတော့ ဒါကတော့ ဟုတ်ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ လုပ်မယ်ဆိုတာကိုတော့ သူတို့ဖော်ပြထားတာတော့ မရှိပါဘူး။ အဲဒီစာထဲမှာ။

မေး – ကျောက်တန်းဆိုတာက ရွာအကုန်လုံးလား ဘယ်နှစ်ရွာလောက်ပါလဲ။

ဖြေ – အဲဒါကိုလည်း အတိအကျ မပါပါဘူးရှင့်။ သူတို့ကတော့ အဲဒီကျောက်တန်းနား က ကျေး ရွာတွေမှာပဲ ပြောထားတယ်။ အဲဒီအတွက်ကြောင့် ကျောက်တန်းဆိုတာကတော့ ရွာပေါင်း လေးဆယ်နဲ့ သုံးရွာလောက် ရှိပါမယ်။ ကျောက်တန်း အဲဒီအတွက်ကြောင့် အဲဒီကျေက်တန်းတစ်ခုလုံး ဆိုပေမယ့်လည်း ဘယ်နေရာမှာ ဘယ်လောက်အထိ ဘယ်ကျေးရွာအထိဆိုတာကိုတော့ သူတို့တိတိ ကျကျပေါ့နော်။ အဲလို ဖော်ပြထားတာလဲ မရှိပါဘူးရှင့်။

မေး – အခုလိုမျိုး အနေအထားမှာ ကျောက်တန်းမှာရှိတဲ့ ဒေသခံတွေ အနေနဲ့ ဘယ်လို အခက်အခဲမျိုး တွေ့ကြုံလာနိုင်သလဲ။

ဖြေ – ပထမကတည်းက ဒီနယ်မြေတွေမှာ ခဏခဏ တိုက်ပွဲတွေဖြစ်ပါတယ်။ အဲဒီတော့ ဒီတိုက် ပွဲ တွေဖြစ်တာလဲ ရှိတယ်။ နောက်ပြီးတော့ စစ်ကြောင်းတွေ လာလို့ရှိရင်လည်း အဲဒီအနီးအနားရွာတွေ က တော်တော်များများက သူတို့ ဘေးကင်းရာကို ပြောင်းရွေ့နေကြပါတယ်။ အဲတော့ ကျမတို့ ရသေ့တောင်မြို့ ထဲမှာလည်း ရှိသလို တစ်ခြား စေတီပြင် ရသေ့တောင် မြို့နယ်ထဲမှာပါတဲ့ စေတီကျေးရွာတို့မှာလည်း ရှိပါ တယ်။ နောက်စစ်တွေမှာလည်း သွားနေတာလည်း ရှိပါတယ်။ ဆိုတော့ စစ်ဘေးရှောင်အဖြစ်နေသလို တစ်ချို့ လည်း အိမ်ငှားပြီးနေတာတွေရှိသလို တစ်ချို့လည်း ဆွေမျိုးအိမ်မှာ နေတာတွေရှိပါတယ်။ အဲတော့ သူတို့ ထုတ်ထားတဲ့ဟာမှာတော့လေ ကျောက်တန်းကျေးရွာပေါ့နော်။ DT 745770 ဆိုတာ ကျမတို့တော့ အဲဒါကိုတော့ သဘောမပေါက်ဘူးပေါ့နော်။ ဆိုတော့ သူတို့ ဘယ်လောက်အပိုင်းအထိကို သူတို့သတ်မှတ် ထားသလဲ ဆိုတာ ကိုတော့ ကျမတို့က တိတိကျကျ မသိပါဘူးရှင့်။ ဆိုတော့ ရွာပေါင်း အများကြီးကနေ လာမယ်ဆိုရင် ရသေ့တောင်မြို့ ပေါ်တစ်ခုလုံးမှာ နေလို့ရမယ် မထင်ဘူး။ အနီးအနား လုံခြုံတဲ့နေရာတွေမှာ သူတို့နေမှာဖြစ်တယ်။ အဲဒီတော့ ပထမစစ်ဘေးရှောင်တွေ အနေနဲ့တော့ သူတို့တွေ စာရင်းကောက် ထားတဲ့အတွက် ICRC တို့ပေါ့နော် နောက်တစ်ခါ ပြည်ပတို့ ပြည်တွင်းကပေါ့ အလှူရှင်တွေ လာရောက်ပြီး လှူတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တလော အဲလိုလာရောက်မယ့် လူတွေအတွက်တော့ နေဖို့အခက် အခဲရော စားဖို့အခက် အခဲရော တွေ့ ကြုံ ကြရမှာပါ။

မေး – ဒီလိုအခြေအေနေမျိုးမှာ ထွက်ပြေးလာမယ့် ရွာသားတွေ အတွက် အစိုးရကို ဘာတာင်းဆိုချင်သလဲ။

ဖြေ – သူတို့က ဒီကြောင်းကြား စာမှာ ဆိုလို့ရှိရင် သူတို့ခေတ္တတိမ်းရှောင်နေထိုင်ကြရန် အသိပေး တယ်ပေါ့။ တိုက်ပွဲတွေ ဖြစ်လာရင် သူတို့ ဒဏ်ရာတွေရမယ်ပေါ့ အဲဒါကြောင့် ဒီလိုနယ် မြေရှင်းလင်း တဲ့အခါမှာ ဒဏ်ရာ မရဖို့အတွက် သူတို့တွေ တစ်နေရာမှာ နေဖို့ဆိုပြီး တိုက်တွန်းထားတဲ့ အခြေအနေကို တွေ့ ရပါတယ်။ ဆိုတဲ့ အခါ သူတို့အတွက်ကတော့ တစ်နိုင်တစ်ပိုင် ရက်မကြာရင်တော့ ကျမတို့ CSO တွေနဲ့ အလှူငွေတွေနဲ့တော့ ကျမတို့ တစ်နိုင် တစ်ပိုင် လုပ်ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် ရက်တွေ ကြာလာ ပြီဆိုရင်တော့ ကျမတို့ဖက်ကလည်း နိုင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စသည်လည်း တကယ့်ကို ကျမတို့ရဲ့ မြေဇာပင်ပြည် သူတွေ ဖြစ်တဲ့အတွက် အစိုးရမှာလည်း တာ၀န်ရှိတယ်လို့ ကျမပြောချင်ပါတယ်။ အဲတော့ အစိုးရအနေနဲ့က လည်း ဒါကို ကူညီ ထောက်ပံ့ ပေးဖို့လို တယ်လို့ မြင်ပါတယ်။ ဘာလဲဆိုတော့ အရင်တုန်းက တိုက်ပွဲဖြစ်လို့ ထွက်ပြေးကြတယ်။ အခုတော့ အစိုးရ တပ်ဖက်က နယ်မြေရှင်းလင်းဖို့ဆိုတဲ့ စာထုတ်ထား တဲ့အတွက် ခေတ္တ ရှောင်ရမှာ ဖြစ်တဲ့အတွက်ကတော့ အစိုးရမှာလည်း တာ၀န်ရှိတယ်လို့ ကျမတို့ အနေနဲ့က ခံစားမိပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေ အခက်အခဲကိုပေါ့နော် ပြည်သူတွေ အဖို့တော့ အစိုးရဖက်ကလည်း ကူညီသင့်တယ်လို့ ပြောချင်ပါတယ်ရှင့်။

မေး – ကျောက်တန်းတိုက်နယ်မှာက ရွာပေါင်း ၄၀ ကျော်ဆိုတော့ လူဦးရေ ဘယ်လောက်ရှိနိုင်သလဲ။

ဖြေ – လူဦးရေက ဥပမာ ကျောက်တန်းမှာဆိုရင် လူဦးရေ သုံးထောင်ကျော်တောင် နောက်ပြီး တော့ ကျေးရွာတွေမှာကျလည်း အိမ်ခြေတစ်ရာ ရှိတာရှိတယ်။ နှစ်ရာရှိတာရှိတယ်။ အဲဒီအတွက် ကျမထင် ပါတယ်။ သောင်းကျော်လိမ့်မယ်။ အတိအကျတော့ ကျမလည်း ပြောလို့ မရဘူးပေါ့နော။ အဲတော့ တော် တော်တော့ များတယ်။ တစ်ချို့ကလည်း ဒီကျောက်တန်းတိုက်နယ်မှာရှိတဲ့ ၁၀ ရွာနီးပါးလောက်ကတော့ သူတို့က ကျောက်တန်းနဲ့ တကယ်နီးတဲ့နေရာ အဲဒီအနီးအနားက ရွာတွေဆိုရင်လည်း တစ်ချို့တွေက လည်း စစ်ဘေးရှောင်မှာ ရှိနေကြပါပြီ။ ရှာမှာ ရှိတဲ့သူတွေက တော်တော်နည်းနေကြပါတယ်။ ၁၀ ရွာ လောက်က ပေါ့နော်။ အဲဒီတော့ ကျန်တဲ့ ဒီတိုက်ပွဲတွေမဖြစ်သေးတဲ့ နေရာက ကျေးရွာက လူတွေကလည်း ကြောက် လန့် ပြီးတော့ပေါ့နော ဒီလိုလာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် တော်တော် အနည်းဆုံး သောင်း ဂဏာန်း ကတော့ ကျော်မှာပါပဲ။

မေး – အခုရက်ပိုင်းအတွင်း အဲဒီဖက်က တိုက်ပွဲအခြေအနေကရော ဘယ်လိုရှိ နေလဲ။

ဖြေ – တိုက်ပွဲ အခြေအနေကတော့ တစ်ခါတစ်လေ စစ်ကြောင်းတွေ အခုလိုဆိုလို့ရှိရင် ကျောက် တန်းတိုက်နယ်က ထီးစွဲ ကျောက်တန်းတို့မှာတော့ တပ်မတော်က နေရာ၀င်ယူထားတာရှိတယ်။ အဲဒါ ကြောင့် ရွာသားတွေက မနေရဲတဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် သူတို့ရသေ့ တောင် မြို့ပေါ်မှာ တိမ်းရှောင်နေတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ ဒီတစ်ရက် နှစ်ရက်မှာတော့ တိုက် ပွဲတွေ မရှိဘူး။ ဒါပေမယ့် ရသေ့တောင် တစ်ဝိုက်ပေါ့ ပုဏ္ဏားကျွန်း ရသေ့တောင် လမ်းမကြီး ပြားချောင်း ကြီးဖက်မှာတော့ မိုင်းထိတာတွေ ရှိတယ်လို့ သိရပါတယ်ရှင့်။

မေး – နယ်မြေရှင်းရေးလုပ်မယ့်ကိစ္စန့ဲ ပတ်သက်ပြီး တခြားရော ဘာများဖြည့် စွတ် ပြောစရာများ ရှိသေးလဲ။

ဖြေ – ကျမတို့ ရခိုင်ပြည်သူလူထုကတော့ တကယ့်ကို အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ မြို့ကြီးပြကြီးဖက်မှာတော့ COVID- 19 ကို တစ်ခါတည်း ကာကွယ်စောင့်ရှောင့်မူတွေကို လုပ်နေကြတဲ့ အချိန်မှာ ကျမတို့မှာက တိုက်ပွဲရော COVID- 19 ၂ ခုစလုံးကို ကြုံတွေ့ခံစားနေကြရတဲ့ အချိန်ဖြစ်တယ်။ ဆိုတော့ ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာတွေကလည်း COVID- 19 အရေးကို ဘယ်သူမှလည်း ထဲထဲ၀င်၀င် လက်တွေ့ကို မလုပ်နိုင်ပါဘူး။ တိုက်ပွဲကြားထဲမှာပဲ ဘယ်လိုရုန်းကန်ရမလဲ ဆိုတဲ့ အတွေးတွေနဲ့ပဲ လှုပ်ရှား နေကြရပါတယ်။ နောက်တစ်ခုကလည်း ကျမတို့ဖက်မှာ မိုးရွာသီမှာ ဆိုလို့ရှိရင် လယ်ထွန်တဲ့ အချိန် လည်း ဖြစ်နေပြီ စပါးစိုက်ရမယ့် အချိန်တွေဖြစ်နေပါတယ်။ အခုအချိန်အထိ သူတို့အနေနဲ့ပေါ့ ဒီတစ်ဝိုက် လုံး၀စပါး စိုက်ဖို့ပေါ့နော်။ သူတို့အခွင့်အရေးလည်း မရသေးဘူး။ အဲဒီအတွက်ကြောင့် စား၀တ်နေရေးသည် ကျမတို့ ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ နောက်ပိုင်းမှာ အခက်အခဲကြုံလာနိုင်စရာ ရှိပါတယ်။ အဲတော့ ကျမတို့က တိုက်ပွဲဆိုတာကတော့ လက်နက်ကိုင် အချင်းချင်း ဖြစ်တဲ့အတွက် ဒါမပြောလိုပါဘူး။ ဒါပေမယ့် ဒီကြားထဲမှာပေါ့နော် ဘာမှ လက်နက်မရှိတဲ့ မြေဇာပင်ပြည်သူတွေက တကယ်အခက်အ ခဲကြုံတွေ့နေရကြတာကို နိုင်ငံတော်ကလည်း ဝိုင်း၀န်းပြီးတော့ ဖြေရှင်းပေးစေချင်တယ်လို့ ကျမ ပြောချင်ပါတယ်ရှင့်။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here