မြစ်ကြီးနား စီးပွားရေးဇုန်စီမံကိန်းအတွက် အစိုးရနှင့် တရုတ်ကုမ္ပဏီအကြား သဘောတူညီချက်များ ပွင့်လင်းမြင်သာမှုအားနည်းနေဟုဆို

0
235

၃၀ ဇွန် ၂၀၂၀
ကချင်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်-ထိန်ချုံးက ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော်ကြမည့် မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ သဘောတူညီမှု အဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှု အားနည်း နေသလို တရုတ်ကုမ္ပဏီ၏ အချက်အလက်များမှာလည်း ခိုင်မာမှု မရှိဘူးဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

မြစ်ကြီးနားမြို့ ၊ နန်ကျင်ကျေးရွာအတွင်း လုပ်ဆောင်မည့် အဆိုပါ နန်ကျင်စီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြရေး ပြည်နယ်အစိုးရထံ အကြိမ်ကြိမ်စာပေးပို့ တောင်းဆိုခဲ့သော် လည်း ယနေ့အချိန်ထိ ချပြခြင်းမရှိဘူးဟု ဒေသခံများက ပြောသည်။

နန်ကျင်ကျေးရွာမှ ဦးမာနာဆီ က “စာလည်းတင်ထားတယ်၊ အကြောင်းမပြန်ဘူး။ အခုထိလည်း ဘာဆက်လုပ် မယ်ဆိုတာ မပြောဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ မှာ မြေလာတိုင်းတယ်၊ နောက်ပြီး ဒီ နိုဝင်ဘာလား အဲ့ချိန် ဒု-သမ္မတ လား လာတော့လည်း တွေ့ ခွင့်မရဘူးလေ။ အခုတလောလည်း ဒီစီမံကိန်းလုပ်မယ့် ကုမ္ပဏီက အာမခံချက် ဘာမှ မရှိဘူးလို့ပြန်ကြားတော့ ကျနော်တို့က ပိုပြီးစိတ်ပူတယ်။ အစတော့ ဒီနှစ် မတ်လမှာပဲ လျော်ကြေးလာ ပေးမလိုလို ဘာလိုလိုပေါ့၊ ဒါလည်း ကျနော်တို့ ရွာသားတွေကို ဒါရိုက်ဘယ်သူကမှတော့ လာပြောတာမဟုတ် ဘူး။ အခုလိုမျိုး တဆင့်ပေါ့နော်။ ဘာမှ ပွင့်ပွင့်လင်းလင်းမသိရတော့ လုံးဝမလုပ်စေချင်ဘူးဗျ” ဟု ပြောသည်။

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သန္ဓိအဖွဲ့က ဇွန်လ ၉ ရက်နေ့က အွန်းလိုင်းကနေ မီဒီယာတွေ့ဆုံပွဲ တခုလုပ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန််ခဲ့သည်။
နန်ကျင်ကျေးရွာမှ ဦးဂွမ်ဂျာ က “ဦးလေးတို့က ဒီမှာ တိုင်းရင်းဆေးပင်တွေနဲ့ နှစ်ရှည်ပင်တွေစိုက်တယ်။ နှစ် ရှည်ကတော့ ဒညှင်း၊ ကျွန်း ရော်ဘာ၊ သစ်မွှေးတို့ပေါ့နော်။ ဒညှင်းတို့ဆိုရင်လည်း ဇူလိုင်ပေါ့ မိုးတွင်း ငွေရှာ ခက်တဲ့အချိန်မှာ ရတာဆိုတော့ မိသားစု အတွက် အဆင်ပြေတယ်လေ။ အခုတော့ မိသားစုက တော်တော် ခက်သွားနိုင်တယ်။ အခု ဦးလေးတို့ ဆွေးနွေး ထားတာတော့ တစ်ဦးတစ်ယောက်ထဲ ခြံကိုအပ်ရမယ်ဆိုရင် ဘယ်သူမှ လက်မှတ်မထိုးဘူး။ အားလုံးထိုးမှ အတူတူ ထိုးမယ်။ အစိုးရကလည်း သေသေချာချာ လာရှင်း ပြ ဆွေးနွေးဖို့လိုတယ်။ ဒါကိုလည်း အားလုံးလက်မှတ်ထိုးပြီးတောင်းဆိုထားတယ်” ဟု ပြောသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Governance Institute)၏ အစီရင်ခံစာထဲတွင် နန်ကျင်စီးပွားရေးဇုန် စီမံကိန်း သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးနစ်နာနို်င်မှု အန္တရာယ်၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှု အန္တရာယ်၊ ဘဏ္႑ာရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်မှု အန္တရာယ်၊ ဥပဒေ ရေးရာ၊ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆုံးရှုံးနစ်နာနိုင်မှု အန္တရာယ်များ ရှိသည်ဟု ထောက်ပြ ထားသည်။

ထို့အပြင် စီမံကိန်းကို လုပ်ဆောင်မည့် တရုတ်နိုင်ငံ၏ ယူနန်-ထိန်ချုံးဟန်ရန်း ရင်းနှီးမြုပ်နံှမှု ကုမ္ပဏီ (YTHIC) သည် တိကျသည့် စာရင်းဇယားမရှိခြင်းနှင့် စီမံကိန်း ငွေကြေး ဖွဲ့စည်းပုံမရှိခြင်း စသည့် ကိစ္စရပ်များကိုလည်း အဓိက ထောက်ပြထားသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Governance Institute) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဝင်း က “စပြီး ဒီစီမံ ကိန်းကို ဘယ်လိုလုပ်သင့်တယ်၊ ငွေဘယ်လောက်ထည့် မယ်၊ ဘယ်လို plans တွေ ဆွဲမယ်။ ဆိုတဲ့စပြီးတော့ developer ပေါ့၊ Developer ကုမ္ပဏီကိုလည်း ကျနော်တို့ ကြည့်ဖို့လိုတယ်။ သူ့မှာ record ရှိရလား၊ သူ့မှာ တကယ်လုပ်ဖူးတဲ့ဟာမျိုးရှိရဲ့လား ဆိုပြီးတော့ ကြည့်ဖို့လိုတယ်။ စပြီးတော့ တည်ဆောက် ချိန်ငွေက ဘယ် လောက်ယူလာမှာလဲ၊ ငွေရော လုံလုံလောက်လောက်ရှိရဲ့လား၊ သူ့နောက်မှာ ဘယ်လောက် ဘယ်ဘဏ်က သူ့ကို ကျောထောက်နောက်ခံလုပ်ပေးမှာလဲဆိုတဲ့ အချက်တွေက ထည့်ပြီးစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ယူနန်-ထိန်ချုံးဟန်ရန်း ရင်းနှီးမြုပ်နံှမှု ကုမ္ပဏီ (YTHIC) ၏ နှင့် ပတ်သက်၍ “ကြည့်တော့ လာပြီးကမ်းလှမ်းတဲ့ YPHIC ရဲ့ record ကိုကြည့်တဲ့အခါမှာ အင်တာနက်ထဲမှာတောင်မှ သေသေချာချာ ကုမ္ပဏီရဲ့ဟာကို မတွေ့ရဘူးဖြစ်နေတယ်။ YPHIC က သတင်းဌာတွေမှာ MoU လက်မှတ်ထိုးတာ၊ နေပြည် တော်မှာ ဘဏ္ဍာရေးဝန်ကြီးနဲ့ အရင်ဝန်ကြီးပေါ့ ဦးကျော်ဝင်းနဲ့ တွေ့ တဲ့ဟာ၊ ကချင်ပြည်နယ် အစိုးရနဲ့တွေ့တဲ့ ဟာမျိုးတွေ တွေ့ရတယ်။ သူ့ရဲ့ website ဘာညာ ကောင်းကောင်းကို မတွေ့ရဘူးဖြစ်နေတယ်။ သူတို့မှာ ဘယ်လိုမျိုး အရည်အချင်းရှိလဲ၊ developer လုပ်နိုင်တဲ့ အရည်အချင်းရှိ သလားဆိုတာ ကျနော်တို့ စိုးရိမ် ပူပန်စရာ ရှိနေတယ်” ဟု ဦးခိုင်ဝင်းက ပြောသည်။

နန်ကျင် စီးပွားရေးဇုန်စီမံကိန်းအတွက် မြန်မာအစိုးရနှင့် တရုတ် ကုမ္ပဏီတို့ရေးထိုးထားသည့် နားလည်မှု စာချွန် လွှာ ပါ အချက်များသည်လည်း တရုတ်ကုမ္ပဏီဘက်က အသားစီးရယူကာချုပ်ဆိုထားကြောင်း တွေ့ ရှိရသည် ဟု သန္ဓိအုပ်ချုပ်မှုအဖွဲ့ က ပြောသည်။

“အရွယ်အစားကလည်း ဧက ၄၇၀၀ ဆိုတော့ ကြီးတယ်။ ဟတ်ကာပေါင်း ၂၀၀၀ လောက်ရှိတယ်။ ရန်ကုန်မှာ သီလဝါတို့ ဘာတို့လုပ်တဲ့ဟာတောင်မှ ၄၀၀ လောက်ပဲရှိတယ်။ ဆိုတော့ ဒီကုမ္ပဏီက လုပ်နိုင်ပါ့မလားပေါ့။ ဒီလောက်ကြီး ကြီးကြီးမားမားကြီးကို။ ဆိုတဲ့ဟာမျိုး သံသယဖြစ်စရာရှိနေတယ်။ ဘာမှ သူတို့ရဲ့ ကုမ္ပဏီရဲ့ financial statements ဒါမျိုးတွေကို ပြတာလည်း မတွေ့ရဘူးဖြစ်နေတယ်။ နောက်တစ်ခုက construction လုပ်မယ်ဆိုတဲ့အတွက် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့အတွက် ဟိုဘက်ကနေ ပစ္စည်းတွေယူ လာမယ် ဆိုရင် အလုပ်သမားတွေ ဝင်လာတော့မယ်။ တရုတ်နိုင်ငံသားတွေ ဝင်လာကြပြီဆိုရင်ပေါ့ အခုဆိုရင် ပိုပြီးတော့ တောင် ကြောက်စရာကောင်းနေတယ်။ COVID ဖြစ်နေတဲ့အတွက် ဒါမျိုးတွေဆိုရင်ရော ရောဂါထိန်းချုပ်ရေး ကို လုပ်နိုင်ပါ့မလား။ တရားမဝင်တွေလည်း လာတော့မယ်လေ။”

မြစ်ကြီးနားမြို့ နန်ကျင်ဒေသရှိ မြေဧက ၄၇၀၀ ကျော် ပေါ်တွင် အကောင်အထည်ဖော်မည့် အဆိုပါ စီးပွားရေးဇုန် စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၄၀၀ အကုန်အကျခံကာ တည်ဆောက်ရန် သဘောတူထားပြီး စက်ရုံ ပေါင်း ၅၀၀ ကျော်နှင့် အဆောက်အဦပေါင်း ၅၀၀၀ ခန့်ပါဝင်မည်ဟု သတင်းအချက်အလက်များ ရရှိထားသည် ဟု ဆိုသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြ (CMCE)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သည့် နန်ကျင်စီမံကိန်း ရင်းနှီးမြုပ်နှံမှုက ရရှိ လာမည့် အကျိုးအမြတ်၊ စီးပွားရေးအခွင့်အရေးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံများ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူနေမှုဘဝများ၊ မြေယာများနှင့် ရိုးရာဓလေ့ထုံးတမ်းများလည်း ပျက်စီး သွားနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြထားသည်။

ထို့အပြင် ပြည််နယ်အစိုးရအတွက်လည်း ဘဏ္႑ာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ်လည်း မြင့်မားနိုင်သည်ဟု သန္ဓိ အဖွဲ့ က ထောက်ပြထားသည်။ ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်-ထိန်ချုံးက ဟန်ရန်း ကုမ္ပဏီတို့က စီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလက (MoU) နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ နန်ကျင်စီးပွားရေးဇုန်စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ (CMEC) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here