“စစ်လည်း မပြီး၊ ငြိမ်းချမ်းရေးလည်းမရဆိုတဲ့ အနေအထားကို ကျွန်တော်တို့ တိုင်းပြည်က ရောက်နေတာပါ” ဆရာသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
359

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ သိန်းစိုးနိုင်နှင့် မေးမြန်းခြင်း

၃၀ ဇွန် ၂၀၂၀

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ထင်သလောက်ခရီးမရောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံအရွေ့တိုင်းကို စဉ်ဆက်မပျက်လေ့လာသုံးသပ်နေတဲ့ စာရေးဆရာဦးသန်းစိုးနိုင်နှင့် ဆက်သွက်မေးမြန်းထားပါတယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိ ဘယ်လို အခြေအနေ ရှိနေပါသလဲခင်ဗျား။

ဖြေ။ ။ လက်ရှိငြိမ်းချမ်းရေး အခြေအနေကတော့ သောင်မတင်ရေမကျပဲဗျ၊ ခြုံပြောရရင်တော့နော် တချို့အဖွဲ့တွေက လက်မှတ်ထိုး၊ တစ်ချို့အဖွဲ့တွေက လက်မှတ်မထိုး တစ်ချို့အဖွဲ့တွေက စစ်ရပ်ဆဲ၊ တစ်ချို့အဖွဲ့တွေက စစ်တိုက်ဆဲပေါ့ဗျာ။ တစ်ဖက်ကလည်း ၂၁ ရာစုပင်လုံ စတုတ္ထအကျော့ကလည်း ခုကိုဗစ်ကာလကြားထဲမှာဆိုတော့ သိပ်ပြီးတော့ အလုပ်ဖြစ်မယ် မထင်ပါဘူးဗျာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းကျမှ ဒီလုပ်ငန်းတွေကို အသေအချာ ဖိဖိစီးစီးပြန်လုပ်နိုင်မဲ့ အနေအထား ရောက်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျား။

မေး။ ။ တပ်မတော်ကာကွယ်ရေးဦးစီးရုံးက အကြမ်းဖက်သောင်းကြမ်းသူ ရှိတဲ့ဒေသက လွဲလို့ ကျန်ဒေသကို မေလ ၉ ရက်နေ့ကနေ ၃ လ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားတာပေါ့လေ၊ ဒီကြားထဲမှာလည်း KIA, TNLA, KNU တပ်မဟာ ၅၊ RCSS တို့နဲ့ တိုက်ပွဲက ဖြစ်နေဆဲ ဒီအပေါ်မှာကျတော့ ဘယ်လို သုံးသပ်မိပါလဲ။

ဖြေ။ ။ အဲဒီကိစ္စတွေကတော့ RCSS နဲ့ ဖြစ်တယ်တို့ KNU တို့နဲ့ ဖြစ်တာတို့ကျတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပဲဗျ။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်တယ်ဆိုတာကျတော့ နယ်မြေချင်း ရှုတ်ထွေးတဲ့ ဆက်ဆံရေးတွေကြောင့် ရံဖန်ရံခါ တိုးတိုက်မှု ဖြစ်တာပေါ့ဗျာ။ ဆိုတာကတော့ အစီစဉ်ရှိရှိတိုက်နေကြတဲ့ အနေအထားမဟုတ်ဘူးလို့ ပြောချင်တာပါ။ ဒါပေမဲ့ TNLA တို့၊ AA ကတော့ နေ့စဉ်ဖြစ်နေတာလေ သူတို့ကတော့ ငြိမ်းချမ်းရေး ရပ်ဆိုင်းထားတယ်ဆိုတာ သူတို့လည်း ကြေညာတယ်၊ တပ်မတော်ကလည်း ကြေညာပါတယ်၊ ဒါပေမဲ့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ယုံကြည်မှု မရှိဘူးဗျ၊ အပြန်အလှန် စွပ်စွဲနေကြတာပေါ့ဗျာ တပ်မတော်က စစ်ရေးလုပ်ရှားမှုတွေ လုပ်တယ် ဟိုက မိုင်းထောင်တယ် တိုက်တယ် ဘာညာပေါ့ဗျာ၊ အပြန်အလှန်စွပ်စွဲနေတာပဲ၊ အမှန်တရားဘယ်မှာလဲ ဆိုတာကတော့ ပြည်သူလူထုက သိပ်သိခွင့်မရှိပါဘူးဗျာ၊ အဲတော့ ဆိုလိုတာက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်တာကတော့ JMC မှာ အဲကိစ္စတွေ မထိန်းသိမ်းနိုင်လို့ ဖြစ်တာ၊ ဟိုဖက်က TNLA တို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဖြစ်နေတဲ့ ကိစ္စကတော့ သူတို့က NCA လည်းလက်မှတ်ထိုးမထားဘူး၊ နောက်တစ်ခုက Bilateral နှစ်ဖွဲ့ခြင်း ညှိကြဖို့ ကိစ္စကလည်း လက်တွေ့တော့ အလုပ်မဖြစ်ဘူးပေါ့ဗျာ၊ အဲတော့ ဆက်တိုက်နေကြဦးမှာပေါ့၊ အဲတော့ စစ်လည်း မပြီး၊ ငြိမ်းချမ်းရေးလည်း မရဆိုတဲ့ အနေအထားကို ကျွန်တော်တို့ တိုင်းပြည်က ရောက်နေတာပါ၊

မေး။ ။ မြောက်ပိုင်းလေးဖွဲ့နဲ့ ကျတော့ Bilateral ထိုးဖို့ ဒီ ၂၀၂၀ မှာ မဖြစ်နိုင်တော့ဘူးလား။

ဖြေ။ ။ ကျွန်တော်ကတော့ ဖြစ်မယ်မထင်ပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ နှစ်ဦးနှစ်ဖက်က အပြန်အလှန်ယုံ ကြည်မှုမရှိဘူးလေ၊ အဲတော့ နေရာရွေးချယ်တာ၊ ဘာညာ နောက်ဆုံးဗျာ Video Conference လုပ်ဖို့ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တောင်မှ ကျွန်တော်တို့ ညှိနှိုင်းလို့မရဘူးပေါ့ဗျာ၊ အဲတော့ နေရာတို့ ဘာတို့က အကြောင်းပြချက်တွေပါ အဓိကတော့ တွေ့ဆုံဆွေးနွေးမှု၊ အသင့်မဖြစ်သေးဘူး၊ သဘောထား မရှိသေးဘူးလို့ ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်။

မေး။ ။ ၂၁ ရာစုပင်လုံကို ဩဂုတ်လ ဒုတိယအပတ်လောက် ကျင်းပမယ်လို့ ကြားသိရတာပေါ့လေ ဒီအပေါ်မှာရော ဆရာတို့ ဘယ်လို မြင်မိသလဲဗျ။

ဖြေ။ ။ အဲတာကလည်း အခုက ပင်လုံလုပ်ငန်းစဉ်၊ NCA လုပ်ငန်းစဉ်အရ ပြောရလို့ရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ အဲက တက်လာတဲ့အဖွဲ့တွေကို အချက်အလက်တွေကို ဆွေးနွေးရမှာဗျ၊ ဒါပေမဲ့လက်တွေ့ကတော့ အခုကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း မလုပ်နိုင်တဲ့အခါကျ တော့ UPDJC ထဲမှာ ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ လုပ်ကြလိမ့်မယ်ထင်ပါတယ်၊ အဲအခါကြတော့ အရေးကြီးပြီးတော့ ဆုံးဖြတ်ကြတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိတဲ့ အချက်အလက်တွေ ကျွန်တော်ထင်တာ သိပ်ပါမယ် မထင်ပါဘူး အဖြစ်သဘောလောက်ပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်၊

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ KIA, AA, TNLA, MNDAA တို့ ပါဝင်လာဖို့ဆိုရင် ဘာတွေလုပ်ဆောင်ဖို့လိုအပ်သလဲ။

ဖြေ။ ။ အဲတာတော့ သူတို့က ထုံးစံအတိုင်းပေါ့ သူတို့ကို ဧည့်သည်အဖြစ် ဖိတ်ကြားတာလောက် အဆင့်ပဲရောက်မှာပေါ့ သူတို့ကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားတဲ့အဆင့်ထိတော့ ရောက်မှာ မဟုတ်ပါဘူး။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး အကြုံပြုပေးပါဦး။

ဖြေ။ ။ အခုကတော့ ကျွန်တော်တို့က ကိုဗစ်ကာလအတွင်းလည်းဖြစ်၊ ရွေးကောက်ပွဲလည်းနီး၊ အဲဟာလွန်မှပဲ ကျွန်တော်တို့ ၂၀၂၀ အစိုးရသစ် ဖြစ်လာတဲ့ အချိန်မှာပဲ အဲကိစ္စတွေ ပြန်သုံးသပ်၊ ပြန်ပြီးလုပ်ရမယ်လို့ ထင်ပါတယ်ခင်ဗျား။

မေး-ကျေးဇူးတင်ပါတယ်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here