28 March 2024 /

See today's Peace Related News

ပုဏ္ဏားကျွန်း၊ နတ်တောင်ကျေးရွာသားတစ်ဦး ကျည်ထိမှန်သေဆုံး

၃၀ ဇွန် ၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာသားတစ်ဦးမှာ ဇွန် ၂၉ ရက်နေ့ နံနက် ၉ နာရီ ကျော်အချိန်ခန့်က သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။

နတ်တောင်ကျေးရွာတွင်နေထိုင်သည့် ဦးစိုးထွန်း ၅၁ နှစ်သည် ဇနီးဖြစ်သူအား ကျေးရွာအနီးရှိ စမ္မတီးချောင်း တစ်ဖက်ကမ်းသို့ လှေဖြင့်ပို့ဆောင်ပြီးပြန်လာရာတွင် အနီးရှိ အိုးသည်မတောင်ပေါ်မှ ပစ်ခတ်သဖြင့် ကျည်ထိမှန် သွားခဲ့ခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးစိုးထွန်း၏လည်ပင်းတွင် ကျည်ဖောက်ဝင်သွားခဲ့ကာ လှေပေါ်၌ သေဆုံးသွားခဲ့ သည်ဟု နတ်တောင်ကျေးရွာမှ ဒေါ်မစိုးက DMG သို့ ပြောသည်။

“သူကဇနီးသည် ကြာညိုဘက်ကျေးရွာဘက်ကမ်းသို့ သွားတာကို ကုတိုးသွားတိုက်ရာမှာ ချောင်းအလယ်မှာ အိုးသည်မတောင်ပေါ်က ပစ်ခတ်ခံလိုက်ရတာ။ ချောင်းတစ်ဘက်ကမ်းကိုတောင် မရောက်ခဲ့ဘူး”ဟု ဒေါ်မစိုးက ပြောသည်။

ထိုသို့ပစ်ခတ်ခံရ၍ သေဆုံးသွားသူ၏ရုပ်အလောင်းအား ယူဆောင်ရန်မသွားရဲကြဘဲ သေဆုံးသူ၏ညီဖြစ်သူမှ ရေကူးကာ လှေကိုဆွဲယူခဲ့ရကြောင်း သိရသည်။

အိုးသည်မတောင်သည် နတ်တော်ကျေးရွာ၏ တဘက်ကမ်းတွင်တည်ရှိပြီး ကျေးရွာသားများ၏ပြောကြားချက် အရ ၎င်းတောင်ပေါ်တွင် တပ်မတော်သားများ တပ်စွဲနေထိုင်နေသည်မှာ (၆)လကျော်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

နတ်တောင်ကျေးရွာတွင် ယခင်ကလည်း ရွာသားများအပြင်ထွက်လျှင် ပစ်ခတ်ခံရမှုများရှိသဖြင့် ရွာသားများ စိုးရိမ်ကြောက်လန့်နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။

“သူတို့ရွာသားတွေက ကြောက်ရွံ့နေကြတယ်။ တပ်မတော် ဘယ်တပ်မဆိုတာကိုတော့ တိတိကျကျမသိရဘူး။ တပ်မတော်သားတွေဟာ အဲဒီချောင်းကြောင်းတစ်လျှောက် လက်ဝဲစာတိုက်၊ ကမ်းထောင်းကြီး စတဲ့နေရာတွေ မှာလည်းရှိတယ်။ အဲဒီကျေးရွာသားတွေက စားသောက်ရေးအတွက် ဈေးသွားဝယ်မယ်ဆိုရင်တောင် အခက် အခဲတွေရှိတယ်။ ရွာသားတွေကို ရွာပြင်ထွက်ရင်ပစ်တယ်လို့ပြောတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ တပ်မတော်သားများ တပ်စွဲထားသည့်တောင်ပေါ်မှ ပစ်ခတ်မှုရှိနေသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်သူတစ်ဦးက “ဗိုလ်ချုပ် အစည်းဝေးဝင်နေတယ်”ဟုပြောသဖြင့် တပ်မတော်၏ တုန့်ပြန်ချက်ကို မရရှိသေးပေ။

ယခုကဲ့သို့ အရပ်သားများ မိမိဒေသတွင်နေထိုင်ရင်း ပစ်ခတ်ခံရမှုများကို အစိုးရအနေဖြင့် အရေးယူပေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။

“အခုလို ဒေသခံတွေအလုပ်လုပ်ရင်းနဲ့ ထိခိုက်သေဆုံးမှုတွေဟာ လက်နက်ကိုင်ထားတဲ့လူတွေမှာ တာဝန်ရှိတယ်။ အစိုးရမှာလည်းတာဝန်ရှိတယ်။ အစိုးရက စုံစမ်းစစ်ဆေးတာတွေ။ ပြစ်မှုကျူးလွန်တာတွေကို အရေးယူတာတွေ မရှိဘူးဆိုတော့ အစိုးရဘက်ကဂရုမစိုက်သရွှေ့ ဒီထက်ဆိုးလာမယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

လက်ရှိမှာ ပွင့်လင်းမြင်သာမှုမရှိသကဲ့သို့ အင်တာနက်လည်းမရှိသဖြင့် ပိုမိုခက်ခဲနေကြောင်းလည်း ၎င်းက ဆက်၍ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း နတ်တောင်ကျေးရွာ၏အနောက်တောင်ဘက် တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားရာမှ ကျေးရွာအတွင်းသို့ လက်နက်ငယ်ကျည်များကျရောက်သဖြင့် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းကျေးရွာမှ ဒေသခံ ၄ ဦးသည် ဇွန်လ ၂၅ ရက်နေ့က လေးမြို့မြစ် ကမ်းစပ်တွင်ငါးရှာနေစဉ် မြစ်တစ်ဘက်ကမ်းရှိ မင်းပြားမြို့နယ် အောင်မင်္ဂလာတောင်ပေါ်မှ သေနတ်ဖြင့် လှမ်းပစ်ခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးသွားခဲ့သည်။

ခိုင်ရိုးလ (DMG)- ပေးပို့သည်။