ကယားပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့် မရောက်သေးကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ပြောဆို

0
378

၃၀ ဇွန် ၂၀၂၀

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့် မရောက်သေးဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) အတွင်းရေးမှုးအဖွဲ့ ဦးမာကုအီ ချစ်ထွန်းက ၎င်းတို့ အဖွဲ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့မှာ ပြောပါတယ်။

“ကျနော်တို့ပြည်နယ် ငြိမ်းချမ်းပြီလား မေးလိုက်ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ကြည့်ရမှာ ဖြစ်တယ်။ ကျနော်တို့ပြည်သူလူထုတွေက ငြိမ်းချမ်းတယ်လို့ ထင်တယ်။ ကျနော်တို့ညီအစ်ကိုအချင်းချင်း ရန်ဖြစ်တာက မငြိမ်းချမ်းဘူးလို့ခေါ်တယ်။ ဒီကနေ့ကျနော်တို့အဖွဲ့အစည်း လေးငါးဖွဲ့ KNPP ကအစ အပစ််အခတ်ရပ်စဲရေး လုပ်တဲ့အခါကျတော့ ငြိမ်းချမ်းရေးလို့ သူတို့(ပြည်သူ)ခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ ဒါတစ်စုံတစ်ရာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအဆင့်ထိ မရောက်ဘူးဆိုတာ ကျနော်တို့ခံစားနေရတယ်” လို့ ဦးမာကုအီ ချစ်ထွန်းက ပြောပါတယ်။

(က.လ.လ.တ)အဖွဲ့ရဲ့ ၄၂ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဖရူဆိုမြို့နယ် ကေကောအုပ်စု ပရယ်ဒို ကျေးရွာမှာ အကျဉ်းချုပ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၎င်းအခန်းအနားမှာ ပြည်သူအပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့လည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအတွေးအမြင် ကွဲလွဲခဲ့ရာမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ KNPP အဖွဲ့အစည်းအပြင် ပြည်နယ်ထဲမှာရှိတဲ့ တခြား ညီအစ်ကို လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ပြန်လည်သင့်မြတ်နေခြင်းဟာလည်း အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ ဦးမာကုအီ ချစ်ထွန်း ကပြောပါတယ်။

က.လ.လ.တ ရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီကိုအခြေခံပြီး ပြည်သူ့ဒီမိုကရေစီကို ချီတက်သောတပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ တိုက်ပွဲဆိုတော့ အရင်ကပေါ့ နိုင်ငံရေးအခြေအနေအရပဲလေး ကျနော်တို့ဒီဒေသဖြစ်ဖြစ် အရင်ကဆိုရင် တိုက်ပွဲတော့ တစ်ခါတစ်လေဖြစ်တယ်။ အခုလောလောဆယ်တော့မရှိတော့ပါဘူး ကျနော်တို့ဒီငြမ်းချမ်းရေး ဒီမိုကရေစီလမ်းစဉ်ကို ကျနော်တို့ကျင့်သုံးနေပါတယ်။ ပြည်သူလူထုနှင့်တစ်ကွ ကျနော်တို့လုပ်နေပါတယ် “ လို့ အမှတ်(၄)မြို့နယ် ပရဲ့ဒေသ ဒုနယ်မြေမှုး ဦးရာဘီး က ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲကြောင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်ရရှိပါက ယခုထက်တိုးတက်သော တပ်မတော်အဖြစ် ရပ်တည်နိုင်ရန်အတွက်လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

၁၉၇၈ ခုနှစ်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ကနေ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ် မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ နယ်ခြားစောင့်တပ်အဖြစ် မြို့နယ် ၈ မြို့နယ်အတွင်းမှာ တာဝန် ထမ်းဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်း(မ်))-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here