ကချင် စစ်ရှောင်အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ မလုံလောက်တော့ဟုဆို 

၃၀ ဇွန် ၂၀၂၀

ကချင်စစ်ရှောင်စခန်းက အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းနှင့် လစဉ်သုံးပစ္စည်းများလုံလောက်မှုမရှိခြင်းစသည့် အခက်အခဲများဖြင့် ရင်ဆိုင်နေသည်ဟု စစ်ရှောင်စခန်းမှ အမျိုးသမီးများက ပြောသည်။

ယခင် ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကလည်း စစ်ရှောင်စခန်းအတွင်း အမျိုးသမီးများ၏ လုံခြုံမှုနှင့် အသုံးအဆောင်ပစ္စည်းများ လုံလောက်စွာ မရရှိခဲ့သည့်အတွက် ယခုကာလတွင် ပို၍အခက်အခဲများပြားလာသည်ဟု ဆိုသည်။

“ကျွန်မတို့တွေက အပျိုစင်ဝင်လာပြီဆိုတာနဲ့ လစဉ် ဓမ္မတာလာချိန်တွေဆို ၉ ပေ အခန်းကျဉ်းကျဉ်းထဲမှာဆိုတော့ အစ်ကိုတွေလည်း ရှိမယ်။ အဖေ လည်းရှိမယ်။ ဒီလိုချိန်မျိုးမှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ဖြစ်ခါစ မိန်းကလေးငယ်တွေအတွက် ဆိုလည်း ပြောပြလို့မရဲတဲ့ ခက်ခဲမှုတွေကြုံတွေ့ ခံစားရတယ်။ လစဉ်သုံးဆိုရင်လည်း လုံလုံလောက်လောက် မသုံးနိုင်ဘူး။ ကိုယ်ဝယ်သုံးရတာပိုများတာဆိုတော့ ဈေးပေါတာပိုသုံးသွားတဲ့ချိန်မှာ ကျန်းမာရေးနှင့်လည်း ညီညွတ်ခြင်းမရှိဘူး” ဟု မိုင်းနားစစ်ရှောင်စခန်းမှ မအင်ဒရွယ်ဆိုင်း က ပြောသည်။

ယခုကဲ့သို့ စစ်ရှောင်စခန်းမှ အမျိုးသမီးများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် အခြားလိုအပ်သော အသုံးအဆောင်ပစ္စည်းများလိုအပ်မှုသည် သာမန်မမြင်နိုင်သော ခက်ခဲမှုဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်စခန်းရှိအမျိုးသမီးများ၏လိုအပ်သည်မှုသည် ပွင့်လင်းစွာထုတ်ဖော်ပြောဆိုရန် ရှက်စရာအဖြစ်ရှုမြင်မှုများရှိနေသဖြင့် ရေရှည်တွင် ကျန်းမာရေးထိခိုက်မှုများလည်းရှိလာနိုင်ကြောင်း ထွယ်ဂျဲန်ဒါဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်ပူက သုံးသပ်ပြောဆိုသည်။

 

“စစ်ရှောင်စခန်းမှာနေကြတဲ့သူတွေမှာ စားသောက်ဖို့ တစ်လ ၁၁၀၀၀ လေးရဖို့တောင် အနိုင်နိုင်ရှာယူနေရတဲ့ အချိန်မှာ အမျိုးသမီးများရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ ခက်ခဲသွားတယ်။ ဒီလိုချိန်မှာ အမျိုးသမီးတွေကလည်း ခက်ခဲမှုတွေကို ပြောဖို့ ရှက်စရာလည်းဖြစ်တယ်ဆိုတဲ့အသိေကြာင့် သူတို့လိုအပ်ချက်တွေကို မပြောပြရဲဘူး။ ပြောမယ်ဆိုလည်း ဘယ်မှာသွားပြောရမှန်း မသိတာတွေ ပြောပြနိုင်ဖို့ လုပ်ပေးနိုင်မဲ့ အဖွဲ့အစည်းတွေလည်း မရှိဘူး။ ဖြစ်သလိုဘဲဖြတ်ကျော်ခဲ့ရတာတွေေကြာင့် ကြာလာရင်ကျန်းမာရေး ထိခိုက်လာနိုင်မယ်” ဟုပြောသည်။

စစ်ရှောင်စခန်းရှိ အခန်းကျဉ်းတွင် မိသားစုအလိုက်နေထိုင်ရမှုနှင့် စခန်းအတွင်း ရေချိုးခန်း မလောက်ငှမှု စသည့်အချက်များကြောင့် အရွယ်ရောက်လာသည့် မိန်းကလေးများအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုများ လိုအပ်နေသည်ဟုဆိုသည်။

“တစ်ချို့တွေဆို အဖေနှင့်ဘဲနေတဲ့သူတွေရှိတယ်။ ပြောရမလို မပြောရမလို နှင့် ပြောမယ်ဆိုလည်း ရှက်စရာလို့ပြန်ထင်။ ဖခင်ဆိုတာ ဒီလိုအချိန်မှာ ကိုယ့်သမီး ဘာလိုအပ်တာလဲဆိုတာ မိခင်တွေလောက် အသေးစိတ်မသိဘူး။ ကိုယ့်အဖေနှင့်ပဲနေတယ်ဆိုတော့ အတွင်းခံဘောင်းဘီကိုလည်း မပြောရဲ၊ အတွင်းခံအကျီကိုလည်း လည်းမပြောရဲ၊ သူတို့ကိုယ်တိုင်လည်း မရှာတတ်သေးဆိုတော့။ သူတို့အတွက်ခံစားချက်တွေရှိတယ်။ ကျွန်မတို့ အိမ်ရှင်မတွေဆိုလည်း ကလေးကများဆိုရင် လစဉ်သုံးဘဲဝယ်ပြီး မွဲတော့မလိုလို။ ဒီလို အခက်ခဲတွေကိုဖြေရှင်းပေးစေချင်တယ်” ဟု ဇီးလွန်စစ်ရှောင်စခန်းမှ ဒေါ်ကရောန် မာဂျွယ် က ပြောသည်။

ကချင်စစ်ရှောင်စခန်းများတွင် ယခုကိုးဗစ်ကာလအတွင်း ထောက်ပံ့ကူညီမှုများ ရှားပါးလာသည်နှင့်အညီ အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းပင် လုံလုံလောက်လောက် မရှိတော့ကြောင်း ပြောဆိုနေကြသည်။

၂၀၁၁ ခုနှစ်တွင်ပြန်လည်စတင်ခဲ့သော ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေဆဲဖြစ်ပြီး ထိုအထဲအများစုမှာ အမျိုးသမီးနှင့်ကလေးများဖြစ်သည်။

KNG မှ ပေးပို့သည်။

Share me now!