ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံနှင့် စစ်ရှောင်များ လုပ်ကိုင်စားသောက်ရေး အခက်ကြုံနေ

0
280

၃၀ ဇွန် ၂၀၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ရှောင်စခန်းများအနီးတွင် တပ်မတော် ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများနှင့် စစ်ရှောင်များမှာ စားဝတ် နေရေးအတွက် လုပ်ကိုင်စား သောက် ရန် အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် နာချမ်းဒေသအတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးခန့်နှင့် ဂါလဲန်-ဇွပ်အောင် စစ်ရှောင်စခန်း ဝန်း ကျင်တလျှောက်တွင် တပ်မတော်မှ စစ်ကြောင်းလှုပ်ရှားမှုများနှင့်အတူ လမ်းများပေါ်တွင် ဒေသခံများအား စစ် ဆေးမေး မြန်းခြင်း၊ ရွာထဲ၀င်ရောက်ကာ ရှာဖွေစစ်ဆေးခြင်းနှင့် ရွာသားများ၏ လယ်ယာ၊ တောင်ယာ များထဲ အထိ လိုက်လံရှာဖွေခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများမှာ သွားလာ လုပ်ကိုင်စားသောက်ရန် ခက်ခဲ နေခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမာနော်က ပြော သည်။

“ရွာသားတွေရဲ့ စား၀တ်နေရေးက တောင်ယာ လယ်လုပ်နဲ့ ပြောင်းဖူးစိုက်ခင်းတွေ ဖြစ်တယ်။ ဒါပေမယ့် အခု လို ဘေးပတ်၀န်းကျင်မှာ စစ်ကြောင်းတွေက လှုပ်ရှားနေတော့ မသွားရဲ မလာရဲကြတော့ဘူး။ အခုချိန်က ပြောင်းဖူး ပင်တွေ စထွက်လာပြီဆိုတော့ သေချာဂရုစိုက်ရတဲ့အချိန်ဖြစ်တယ်။ မိုးတွင်းကာလမှာဆိုရင် စစ်ရှောင် တွေနဲ့ ရွာသားတွေရဲ့ အဓိက စား၀တ်နေရေးက မှိုရှာရောင်းရတာလည်း ပါတယ်။ အခုရွာသားတွေက အဲဒါတွေ ရှာ ရောင်းချင်လည်း အပြင်လည်း မထွက်ရဲကြတော့ဘူး။ အိမ်ထဲမှာပဲ နေနေရတယ်။ နောက်ပြီး တောင်ယာလည်း မသွားရကြဘူး” ဟု ပြောသည်။

အဆိုပါဒေသသို့ တပ်မတော်စစ်ကြောင်းများ ဝင်လာရောက်သည်မှာ သုံးပတ်နီးပါးခန့် ရှိပြီဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။

နားချမ်းဒေသ ၀န်းကျင်တွင် ဇွန်လဆန်းမှ ပြန်လည်ဖြစ်ပွားလာခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြားက တိုက်ပွဲများကြောင့် အဆိုပါဒေသသို့ တပ်မတော်ဘက်မှ တပ်အင်အားတိုး ချဲ့ခြင်း၊ စစ်ကြောင်းများ ကျေးရွာများအတွင်းသို့ နေ့စဉ်ရက်ဆက် ဝင်ရောက်လာနေသည့်အတွက် စိုးရိမ်နေရ သည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။

ဇွပ်အောင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ဒေါ်အယန်းက “ကျမတို့က ဒီ COVID ကြောင့် ကပ်ရောဂါ ကြောင့် အပြင်ထွက်ပြီး မရှာစားနိုင်သလို အနီးအနားက ရွာတွေမှာလည်း ရှာစား လုပ်ကိုင်စား သောက်မယ် ဆိုလည်း အခုက တိုက်ပွဲတွေကြောင့် ဘာမှမလုပ်နိုင်ဘူး။ အပြင်တောင် မထွက်ရဲဘူး အခုဆိုရင်။ အဲ့ကြောင့် စားဝတ်နေ ရေး အရမ်း အခက်အခဲဖြစ်နေပါတယ်” ဟု ပြောသည်။

ဂါလဲန်-ဇွပ်အောင် စစ်ရှောင်စခန်းသည် နာချမ်းကျေးရွာနှင့် ၂ မိုင်ခန့် သာကွာဝေးပြီး လက်ရှိအချိန်တွင် ထိုစခန်း ရှိ စစ်ရှောင်မိသားစု ၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ အခက်အခဲများရှိနေသည်ဟု စစ်ရှောင်များက ဆိုသည်။

ထို့အပြင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်အချို့မှာ ယခုအခါ စစ်ရှောင်စခန်းထဲတွင် မနေရဲကြတော့ သည့်အ တွက် အနီးအနားရှိ ရှမ်းရွာတစ်ရွာတွင် သွားရောက်နေထိုင်နေကြသည်ဟု စစ်ဘေးရှောင် တစ်ဦးက ပြော သည်။

“သူတို့နေရာနဲ့ တစ်ရွာပဲ ခြားတဲ့ ညီနှောင် ရှမ်းရွာမှာ ခိုလှုံနေကြတယ်။ ရှမ်းရွာကလဲ သူတို့ကို ဧည့်ခံပြီး သူတို့ကပဲ ကျေွးမွေးထားကြတယ်။ ဇွပ်အောင်စခန်းကို ပြန်ချင်ပေမယ့် ပြန်လို့မရသေးဘူး။ ဇွပ်အောင်စခန်း အနီးမှာရှိတဲ့ တပ်မတော် စစ်သားတွေ ရှိနေတယ်။”

နားချမ်းဒေသအတွင်းရှိ ဒေသခံရွာသားများ၏ တစ်နှစ်တာအတွက် အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း မှာ ပြောင်းစိုက်ပျိုးခြင်းဖြစ်သော်လည်း ယခုခါ ပြောင်းဖူးခြံများထဲသို့ပင် မသွားရဲပဲ ဖြစ်နေရသည်ဟု ပြောသည်။

ထိုကြောင့် ဒေသခံများမှာ မိသားစု ဝင်ငွေလျော့နည်းလာနိုင်သောကြောင့် လက်ရှိ အချိန် အတွက်သာမကပဲ တစ်နှစ်တာလုံးအတွက် အခက်အခဲ ရှိလာနိုင်သည်ဟု ဒေသခံများက ဆိုသည်။

နာချမ်းဒေသအတွင်း ဇွန်လဆန်းမှ စတင်၍ ၁၇ ရက်နေ့အထိ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ် ပွားခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်သည်ဟု သိရ သည်။

တပ်မတော်မှ တပ်အင်အား တိုးချဲ့မှုများကြောင့် အဆိုပါဒေသအတွင်းတွင် တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင် သည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA သတင်း နှင့် ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇွန် လ ဒုတိယ အပတ်က သတင်းနှင့် မီဒီယာကွန်ရက်အား ပြောဆိုထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “အားလုံးပေါ့ KIA ရော တပ်မတော်ပါ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာမဟုတ်ဘူး။ အခုအချိန်မှာ အချင်းချုင်းက နား လည်မှုနဲ့ ကိုယ့်ရဲ့ အဖွဲ့တွေ စစ်ကြောင်းတွေကို စစ်တပ်တွေ စစ်သားတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းထား ဖို့တော့ လိုမယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ တဖက်ဖက်က လှုပ်ရှားရင်တော့ တိုက်ပွဲက အချိ်န်မရွေး ဖြစ်လာနို်င်တဲ့ အနေအထားတွေဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးက ကိုယ့်ရဲ့ တပ်တွေကို ထိန်း သိမ််းဖို့ အရေးကြီးတယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ပြောသည်။

နားချမ်းဒေသတွင်း တပ်မတော်စစ်ကြောင်း အနည်းဆုံး ၄ ခုခန့် ရှိနေပြီး၊ ဒေသအတွင်းက ပလောင်ရွာနှင့် တုံး ခမ်းရွာထဲတွင်လည်း စစ်သားများ ဝင်ရောက် နေထိုင်နေသည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် တုံးခမ်းကျေးရွာအတွင်းမှ ရွာသား ၅ ဦး ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်က တပ်မတော်စစ်ကြောင်း တစ်ခုက ပေါ်တာထမ်းရန်အတွက် ခေတ္တခေါ်ဆောင်သွားခြင်းများရှိခဲ့သည် ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ဖက်ကာ၊ ကွတ်ခို်င်မြို့နယ်များအတွင်း တပ်မတော်နှင့် KIA တို့အ ကြား ဇွန်လအစောပိုင်းကစတင်ကာ တိုက်ပွဲများ စစ်ရေးတင်းမာမှုများ ရှိနေသကဲ့သို့ ညီနောင်မဟာမိတ် အဖွဲ့၀င် များ ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDA တို့နှင့်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သိရသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here