မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထပ်မံတွေ့ရှိ

0
262

၃၀ ဇွန် ၂၀၂၀

ထိုင်း-မြန်မာ နယ်စပ် ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ထိုင်းအာဏာပိုင် များမှ မူးယစ်ဆေးဝါး ရှောင်တခင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးရမိမှုအပြီး ဇွန်လ ၂၇ ရက်နေ့က စိတ်ကြွ ဆေးပြားများ ထပ်မံ ဖမ်းဆီးရမိပြီး လက်သည် တရားခံပြေးကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စခန်းတာ ဝန်ရှိသူများထံမှသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ထိုင်းစစ်တပ်၊ရဲ နှင့် စခန်း လုံခြုံရေးများသည် မယ်လဒုက္ခသည် စခန်း၏ ဇုန် (B-5B) ရှိ အိမ်နံ ပါတ်(၉၂)ကို အနံ့ခံခွေးများဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ စိတ်ကြွ ဆေးပြား သုံးထောင်ကျော်ဖမ်းဆီးရမိခဲ့ပြီး ဇွန်လ ၂၇ရက်နေ့က ၎င်းနေအိမ်၌ စိတ်ကြွဆေးပြားအလုံးရေ (၁,၆၀၀) ကျော် ထပ်မံတွေ့ရှိခဲ့သည်ဟု စခန်း ဥက္ကဌ စောအောနက်က ပြောသည်။

၎င်းက “ဖြစ်စဉ်က တရားခံရဲ့ အပေါင်းအသင်းတွေကော အမျိုးသမီး နဲ့ သမီးကို ခေါ်စစ်လိုက်တယ်။ ပြီးတော့ ထိုင်းစခန်းလုံခြုံရေးရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကို စခန်းမှာပေးမနေတော့ဘူး ဆိုပြီးတော့ သူတို့အိမ်ကို သွားဖြိုလိုက်တဲ့အခါမှာ ထပ်ပြီးတော့ အလုံးရေ (၁,၆၀၀)ကျော်လောက် သွားတွေ့တယ်လို့ သိရတယ်။ တရားခံ ပြေးကိုတော့ အခုထိ မဖမ်းမိသေးဘူး။ ဘယ်နေရာ ရောက်နေမှန်းလည်းမသိဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားသူမှာ လက်ရှိ တရားခံပြေးနှင့် ဦးလေးတော်စပ်သူ နှစ်ဦးဖြစ်ပြီး လက်ရှိ ဦးလေးတော်စပ်သူကို ဖမ်းဆီးရမိထားကာ တရားခံ၏ မိသားစု ဝင်များ ကိုလည်း ထိုင်း အာဏာပိုင်များမှ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး ပါဝင်ပတ်သက်မှုများရှိပါက ထိုင်းဥပဒေ အရ အရေးယူ ဆောင်ရွက်သွားနိုင်ကြောင်းလည်း စောအောနက်က ဆက်ပြော သည်။

လက်ရှိ ထွက်ပြေးလွှတ်မြောက်သူ တရားခံပြေးမှာ အသက် (၂၇) နှစ်အရွယ် စောအဲငဲဆိုသူဖြစ်ပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လတ်တလော အချိန်ကာလတွင်လည်း စခန်းတွင်း ဝင်ထွက် သွားလာ မှုများကို တင်းကြပ်ထားကြောင်း စခန်းတွင်းနေထိုင်သူများက ဆိုသည်။

အဆိုပါ ဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးဝါး စစ်ဆေးမှုကို ထိုင်းအာဏာပိုင်များမှ တစ်လတစ်ခါ စစ်ဆေး ဆောင်ရွက်မှုများ ပြုလျက်ရှိကာ မကြာခဏ ဖမ်းဆီးရမိမှုများရှိပြီး ၎င်းဖမ်းဆီရမှုသည် သတင်းအရ လာရောက်ဖမ်းဆီးသည့် ပုံစံဖြစ်သလို ပမာဏ အများဆုံး ဖမ်းဆီးရမှုလည်း ဖြစ်ကြောင်း သိရသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here