“ ရခိုင်အမျိုးသားတွေရဲ့ နိုင်ငံရေးရေချိန်၊ အမျိုးသားရေး စိတ်ဓာတ်ခိုင် မြဲနေသမျှ ကာလပတ်လုံး ရခိုင်ဒေသမှာ ရခိုင်ပါတီကပဲ အနိုင်ရမယ်လို့ ယုံကြည်တယ် ” ဒေါ်အေးနုစိန်(ANP ပြောရေးဆိုခွင့်ရှိသူ)

0
301

ရခိုင်အမျိုးသားပါတီ ANP ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်နှင့် အင်တာဗျူး

၁ ဇူလိုင် ၂၀၂၀

မြန်မာနိုင်ငံအတွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောဆိုထားသည်။

လက်ရှိတွင် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ချို့တွင် မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုများပြုလုပ်နေကြသည်။ ယင်းသို့လာမည့် ရွေးကောက်ပွဲအတွက် ရခိုင္ အင္အားႀကီးပါတီတစ္ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ သဘောထား၊ ပြင်ဆင်နေမှု၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုတို့ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်အား မေးမြန်းထားသည်။

ANP ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေလုပ်ဆောင်နေလဲ။

လာမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ “ ဝ ” ဒေသနဲ့ ရခိုင်ပြည်နယ်ဟာ ချွင်းချက်လိုမျိုး သတင်းမျိုး ထွက်ပေါ်နေတဲ့ အတွက် ပထမဆုံးတော့ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ တရားဝင် ရပ်တည်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေထဲမှာ ပါတီကနေပြီးတော့ သုံးနေရာကို ပါဝင်ယှဉ်ပြိုင်သွားမယ် ဆိုတဲ့ ပထမအဆင့် ဆုံးဖြတ်ချက်ရှိပါတယ်။

လက်ရှိအချိန်ထိ လူရွေးချယ်မှု အခြေအနေက ဘယ်လိုရှိလဲ။

အခုတော့ မြို့နယ်တွေအားလုံးကို လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်တဲ့ ကော်မတီတွေ ဖွဲ့ဖို့ဆိုပြီးတော့ ဇွန်လ(၂၅) ရက် နေ့ကို နောက်ဆုံးထားပြီး (ဗဟို) ဌာနချုပ်ကို ပေးပို့ဆိုပြီးတော့ ညွှန်ကြားစာတွေ ထုတ်ထားတယ်။ မြို့နယ်တွေမှာ အဲဒီ ကော်မတီတွေဖွဲ့ပြီးတော့ ဌာနချုပ်ကို ပေးပို့ကြလိမ့်မယ်။ စိစစ်တဲ့အဆင့် ကနေ ရွေးချယ်တဲ့ အဆင့်ရောက်လိမ့်မယ်။ ပြီးမှပဲ အတည်ပြုတဲ့ အဆင့်ကိုရောက်လာမယ်။

ရခိုင်ပြည်က ဒေသ တည်ငြိမ်မှု မရှိသေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့မယ်ဆိုရင် ANP ပါတီအနေနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိလား။

ဒါကတော့ ပါတီရပ်တည်ဖို့ အတွက် ရခိုင်ပြည်နယ်တွင်းမှာ မဖြစ်ရင်တောင်မှ သုံးနေရာ ဝင်မယ်လို့ဆုံးဖြတ်ပြီး နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲ ဖြစ်တဲ့နေရာတွေမှာ ဝင်ပြိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိပြီးသား။ ဒါပေမယ့် ပါတီအနေနဲ့ ဆောင်ရွက်ရတာကတော့ ကသိကအေက်တော့ ကျတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ရခိုင်လူထုတွေဟာ ရခိုင်အမျိုးသားပါတီပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲ ဖြစ်ဖြစ် တရားဝင် နိုင်ငံရေးအခင်းအကျင်းမှာ လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍကို တော်တော်လေး မကျေမနပ်၊ အားမလိုအားမရ၊ စိတ်မဝင်စားတဲ့ အနေအထားတွေ ရှိနေတဲ့အချိန်မှာ ရခိုင်တစ်ပြည်လုံးသာ မဖြစ်ဘဲ နေရာ ကွက်ပြီးသာ ဖြစ်လို့ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုရင်တော့ တော်တော်လေးကို လုပ်ရကိုင်ရတာတွေက သိကအောက် ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနိုင်တယ်။

ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေတယ်ဆိုတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ အရင်ကနဲ့ မတူတဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။

ဒါကို ပြောဖို့ကတော့ လုပ်ငန်းစဉ် အနေနဲ့ ထည့်သွင်းပြီးတော့ ပြောရမယ်။ တကယ်တမ်း လက်တွေ့ မြေပြင်အခြေနေအရကတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ အမ်းတစ်ဝက် လောက်ထိပေါ့နော်။ စစ်တွေတောင်မှ မငြိမ်တဲ့ အဆင့် ရောက်နေပြီဆိုတော့ ရဲစခန်းတွေလည်း မရှိဘူး။ အမြဲတမ်းတိုက်ပွဲတွေရှိတယ်။ မြို့တွင်းတွေမှာတောင် လုံခြုံမှု ကင်းမဲ့နေတဲ့ အဆင့်ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးက အစပေါ့။ ဒီလိုဖြစ်နေတဲ့ အနေအထားတွေမှာ မဲထည့်မယ့် မဲဆန္ဒရှင်တွေရဲ့ ရွာတွေ၊ ရပ်ကွက်တွေကော တည်ငြိမ်မှု၊ လုံခြံုမှုရှိပါ့မလား။ နောက်မဲရုံတွေကို ဘယ်လိုဆောက်ကြမလဲ။ ဒါတွေဟာ ပကတိ မြေပြင်အနေထား အရလက်တွေ့ ကျကျစဉ်းစားမယ်ဆိုရင် ရွေးကောက်ပွဲတစ်ခုကို လုံလုံခြုံခြုံနဲ့ ကျင်းပနိုင်မယ့် အနေအထားက အားနည်းနေတယ်လို့ ယတိပြတ်ပြောလို့ ရတယ်။ ဒါပေမယ့် အချိန်ကာလ အခြေအနေ ဆိုတာက လျှပ်တစ်ပြက်အတွင်းမှာ ပြောင်းလဲသွားနိုင်တဲ့ အနေအထားရှိတယ်။ ဆိုတော့ ဒီလို ဒုက္ခသည်နဲ့ ရင်းပြီးတော့ ဖြစ်ရတဲ့ အနေအထားမှာ အခုဆို covid က ဇွန်(၃၀) ထိ လူမစုရဘူးဆိုတဲ့ ကန့်သတ်တွေကြားမှာ ပြွတ်သိပ်ကျပ်တည်းပြီးတော့ နေရတာက စစ်ဘေးရှာင်စခန်းတွေ။ ရခိုင်ပြည်အနေထားမှာ အခု ဘူးသီးတောင်၊ မောင်တော positive ဖြစ်တာ (၇) ယောက်ရှိပြီ။ အဲဒီ positive ဖြစ်တဲ့သူတွေက ခိုးဝင်လာတဲ့သူတွေဖြစ်တယ်။ အဲဒီ ခိုးဝင်တွေဟာ ဘယ်နေရာတွေကို ခိုးဝင်ပြီးတော့ အဲဒီ ရောဂါပိုး ဖြန့်ဖြူးအောင် လုပ်နေတဲ့ အနေအထားတွေရှိတယ်။ တကယ်တမ်း သူတို့ဖြန့်ဖြူးမှုဟာ လူမျိုး၊ ဘာသာမရွေး အထူးသဖြင့် စစ်ဘေးရှောင်တွေနဲ့ မိုးတွင်းကာလမှာ ကျပ်ကျပ်တည်းတည်းနေရတယ်။ ဒီရောဂါအတွက် ဆေးမရှိသေးတော့ မကာကွယ်နိုင်တော့ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သတင်း အချက်တွေကပဲ ဒီရွေးကောက်ပွဲ ကာလမှာ စစ်ဘေး ကိစ္စတစ်ခုကနေ ဆက်နွယ်ပြီးတော့ တစ်ကမ္ဘာလုံးနဲ့ အမျိုးသားရေး covid ရောဂါ အန္တရာယ်တွေရှိတယ်။

ဟိုတုန်းက ရွေးကောက်ပွဲ ဝင်ကြတယ်ဆိုရင် မျော်လင့်ချက်ကတော့ (၂၀၀၈)ဖွဲစည်းပုံကို ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ရှိနိုင်တဲ့မျော်လင့်ချက်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၊ တန်းတူရေး၊ ကိုယ်ကံကြမ္မာ ဖန်းတီးရေးတို့၊ ဖွံ့ဖြိုးရေးတိုးတက်ရေး၊ ဒီမိုကရေစီအရေး စတဲ့ မျှော်လင့် ချက်တွေ၊ ဂတိကဝတ်တွေပေးပြီးတော့ လုပ်ကြတယ်။ အခုက အစိုးရ နှစ်ဆက် ဆယ်နှစ်တာ ကာလကို လွှတ်တော်ထဲမှာ ဖြတ်သန်းလိုက်ပြီ။ အလွန်ပြင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံဆိုတာနဲ့ အညီ ပြင်ဆင်ရေးအချက်ကို မရောက်နိုင်ခဲ့ဘူး။ မသန်မစွမ်းကို အသန်စွမ်းလို့ပဲ လုပ်မယ်၊ အိုးမင်းမစွမ်းတွေကို သက်ကြီး ရွယ်အို လို့လုပ်မယ်။ ဘာမဟုတ်တာတွေနဲ့ အချိန်ကုန်၊ လူပန်း ခဲ့ရတော့ တော်တော် သိက္ခာကျစရာ၊ လူရယ်စရာ ဖြစ်သွားတယ်။ လွှတ်တော်တွေဟာ ဥပဒေကို ပြင်ဆင်တယ်ဆိုတာ ဒီအဆင့်လောက်နဲ့ အချိန်ကုန်ခံကြလား။

တကယ်တမ်း လိုချင်တာက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ချဲ့ကားနိုင်နိုင်ဖို့။ ဘာလို့လဲဆိုတော့ (၂၀၁၅) မှာ ရခိုင်အမျိုးသားပါတီဟာ အများဆုံး အနိုင်ရရှိတဲ့ ပါတီဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီကမှ ဝန်ကြီးချုပ်လုပ်ရမယ်လို့ မရှိဘူး။ ဒီမိုကရေစီ စည်းမျဉ်းကျကျဆိုရင် အဲဒီဒေသမှာ အများဆုံးထောက်ခံတဲ့ ပါတီတစ်ရပ်က အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် ဖြစ်ခွင့်ရမယ်။ ဒါပေမယ့် မပါတဲ့ပြဌန်းချက် (၂၀၀၈) ကိုညွှန်းပြီးတော့ တစ်ပြည်လုံးသာ အာဏာရတဲ့ ပါတီကပဲ (ရခိုင် NLD ဝင်၊ ကရင် NLD ဝင်၊ ချင်း NLD ဝင် အစသင့်ဖြင့်ပေါ့) ဖြစ်ခဲ့တယ်။ တစ်ပါတီအာဏာရှင် စနစ်ကို မကြိုက်ဘူး ဆိုလိုတာက တစ်ပါတီတည်းက လွှမ်းမိုးတဲ့ အနေအထား လွှတ်တော်ထဲမှာခံရတယ်။ ဘာလို့ဆိုတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး (၄၅) ဦး ကော်မတီမှာ မဲပေးခွင့်နဲ့ ပတ်သက်ပြီးတော့ မညီမျှမှု ကိစ္စ ဖြစ်တယ် ဆိုပြီးတော့ သူတို့ရဲ ANP ပါတီက အဖွဲ့ဝင်တစ်ယောက် နှုတ်ထွက်ရတဲ့ အထိဖြစ်သွားတယ်။ နောက်ပြီးတော့ (၂၁)ပင်လုံ ညီလာခံဆိုပြီးတော့ အာဘောင်အာရင်းသံနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြပေမယ့် တကယ် ပြင်ဆင်မယ့် အချိန်ရောက်တဲ့အခါ မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးရဲ့ သည်းခြေကြိုက် စကားလုံးဖြစ်တဲ့ ဖယ်ဒရယ်ဆိုတဲ့ စကားလုံး တစ်လုံးလေးကိုတောင် မသုံးနိုင်တဲ့ အဆင့်ဖြစ်ခဲ့တယ်။ (၇၅) ရာခိုင်နှုန်းက (၂၅) ရာခိုင်နှုန်းကို မလွှမ်းမိုးနိုင်၊ မကျော်လွှားနိုင်တဲ့ အဆင့်ကို မြင်ရတယ်။ ဆိုတော့ ပြည်သူတွေဟာ လွှတ်တော် အခင်းအကျင်းကို တနည်းအားဖြင့် ရွေးကောက်တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာ အယုံအကြည် ကင်းမဲ့ပြီးတော့ မျော်လင့်ချက်တွေ ကင်းမဲ့သွားတယ်ဆိုတာ ဒီအချက်တွေနဲ့ ဆိုင်တယ်။ အဲဒါနဲ့ ရခိုင်ပြည်သူတွေဟာ စစ်ပွဲတွေကြောင့် လွှတ်တော်အခင်းအကျင်းတွေကို စိတ်မဝင်းစားဘူး။ ရွေးကောက်ပွဲကို စိတ်မဝင်းစားဘူးဆိုတာက တစ်ပိုင်း၊ တစ်ဖက်ကတော့ တရားဝင် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုတွေကြားက ဘာမှ မလူးသာ မလွန့်သာ မလုပ်ပေးနိုင်တဲ့ အနေထားပေါ်မှာ အားမလို အားမရနဲ့ ယုံကြည်မှု ကင်းမဲ့သွားကြတယ်။

ပြီးခဲ့တဲ့နှစ်က ပါတီတွေက ဖက်ဒရယ်၊ ဖွဲ့စည်းပုံ စတဲ့ဟာတွေနဲ့ မဲဆွယ်ကြတာရှိတယ်။ ဒီနှစ်မှာ ANP ပါတီအနေနဲ့ ဘယ်လိုမှုဝါဒတွေ၊ ကတိကဝတ်တွေနဲ့ မဲဆွယ် စည်းရုံးသွားဖို့ရှိလဲ။

ကတိကဝတ် ဆိုတာကလေ ပြည်သူတွေအပေါ်မှာ မလိမ်ဖို့၊ မညာဖို့၊ ရိုးသားမှုရှိဖို့လိုတယ်။ ဒီပြည်ထောင်စုထဲမှာ ဒီနေ့ဒီအချိန်ခါ ရခိုင်ပြည်သူတွေအတွက် တရားဝင်နိုင်ငံရေး အခင်းအကျင်း တစ်ရပ်က လိုအပ်သေးတယ်။ မရှိတာထက် ဆိုရင် ရှိတာကကောင်းတယ်။ ဘာလို့လည်းဆိုတော့ မျော်မှန်းထားသလောက် မလုပ်နိုင်ခဲ့ပေမယ့် တရားဝင် နိုင်ငံရေးပါတီ တစ်ခုရှိလို့သာ ဒီနေ့ပြည်သူတွေ ဖြစ်နေတဲ့ အနေအထားတွေကို အရာမရောက်တောင်မှ အသံထွက်အောင် ပြောဆိုနိုင်ခဲ့ကြတယ်၊ အရာရောက်တဲ့အပိုင်းတွေလည်းရှိတယ်။ အဲဒီတော့ တရားဝင် အမျိုးသားနိုင်ငံရေးရပ်တည်ဖို့ တစ်ခု လိုအပ်တယ်ဆိုတဲ့ မူကိုတည်ပြီးတော့ ဆောင်ရွက်သွားမယ့် အနေအထားရှိတယ်။

ANP က လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဝင်ပြိုင်မလား။ သို့မဟုတ် အပြောင်းအလဲလုပ်မယ့် အခြေနေတွေရော ရှိလား။

ဒါကတော့ လျောက်လွှာခေါ်တဲ့ အခါမှဘဲ သိရမှာပါ။ ဒါပေမယ့် လျှောက်လွှာမတင်သမျှတော့ ဒါကို ယတိပြတ်ပြောဖို့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီးတာမို့လို့ လျှောက်လွှာမတင်ရဘူးဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ ဆိုတော့ လျှောက်လွှာ တင်တဲ့အခါမှဘဲ အခုလက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်သူတွေ ကျန်ခဲ့လည်း အားလုံးပဲ ပါလားဆိုတာ ပြောနိုင်မယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲက ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အစိုးရဖြစ်ခွင့် တောင်းခဲ့ပေမယ့်လည်း မဖွဲ့နိုင်ခဲ့ဘူး။ ယခု နှစ်မှာတော့ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင် အစိုးရဖွဲ့ခွင့် တောင်းဆိုသွားဖို့ ရှိလား။

ဒါကတော့ နိုင်ငံရေးဆိုတာ ကိုယ့်လိုအပ်ချက်ကို မရမချင်းတော့ တိုက်ပွဲဝင် ဆောင်ရွက် ကြရတာပါပဲ။ ဒါတော့ ကိုယ်တို့လိုချင်တဲ့ မျှော်မှန်းတဲ့ပန်းတိုင်တွေအတွက် မဆုတ်မနစ်တဲ့ ဇွဲတွေနဲ့ ဆောင်ရွက်သွားကြမှာဖြစ်တယ်။ (၂၀၀၈) ကို ဘယ်လောက်ပဲထိုးပြနေပါစေ ဒီမိုကရေစီစံနုန်းအရဆိုရင် အများက ထောက်ခံတဲ့ ပါတီကို အဲဒီဒေသမှာ ဦးစားပေးရမယ်။ ဒါမှပဲ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ အဆောင်အရွက်တွေ ဖြစ်လာမယ်။

ပါတီအနေနဲ့ လာမယ့်ရွေးကောင်ပွဲ အောင်နိုင်ရေးကို ဘယ်လိုမျော်မှန်းချက်နဲ့၊ ပြိုင်ဖက်ပါတီက ဘယ်သူဖြစ်လာနိုင်မလဲ။

ယေဘုယျအားဖြင့် ပြိုင်ဖက် ပါတီကတော့ ဒီဖက်မှာ NLD၊ USDP တို့ရှိပါတယ်။ ပါတီအနေနဲ့ လာမယ့်ရွေးကောင်ပွဲ အောင်နိုင်ရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားတွေရဲ့ နိုင်ငံရေးရေချိန်၊ အမျိုးသားရေး စိတ်ဓာတ်ခိုင် မြဲနေသမျှ ကာလပတ်လုံး ရခိုင်ဒေသမှာ ရခိုင်ပါတီကပဲ အနိုင်ရမယ်လို့ ယုံကြည်တယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင်။ တခြား ရန်ကုန်၊ ဧရာဝတီ၊ ဖားကန့်တို့ ဘက်ကို အားဖြည့်ယှဉ်ပြိုင်သွားဖို့ရှိလား။

ဧရာဝတီ တိုင်းရင်းသား ဝန်ကြီးတစ်နေရာရှိမယ်။ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ တိုင်းရင်းသား ဝန်ကြီးတစ်နေရာ ရှိမယ်။ တခြားလိုအပ်တဲ့နေရာတွေမှာ အရင်ကတွေ ဝင်ပြိုင်ခဲ့ဘူးကြတာရှိတယ်။ ဒါတွေကတော့ ဝင်ပြိုင်ကြပါတယ်။ ဖားကန့်ကတော့ အစီအစဉ်မရှိဘူး။ (၂၀၁၀) မှာတော့ ဧရာဝတီတိုင်း ပုသိမ်ကို မဝင်ခဲ့ပါဘူး။

က ANP ပါတီက တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေမရှိခဲ့ ဘူး။ ဒီနှစ်မှာတော့ အဲဒီဒေသတွေကို ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။

ရွေးကောက်ပွဲကတော့ရှုံးတာ နိုင်တာက တစ်ပိုင်း။ အားသွန်ခွန်စိုက်လုပ်တာကတော့ ဘယ်နေရာကိုမှ အားမလျော့ခဲ့ပါဘူး။ အားလုံးကို တပြေးညီအောင်နိုင်ရေး ကိစ္စမှာ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့ မဲအရေအတွက် အရှုံးအနိုင်ပေါ်မှာပဲ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ပါတီ အခင်းအကျင်းကတော့ ဘယ်နေရာကိုမှ အားမလျော့ခဲ့ပါဘူး။ တပြေးညီပဲ ကျွန်မတို့ဆောင်ရွက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြည့်စွက် ဘာပြောချင်ပါသလဲ။

ရွေးကောက်ပွဲကတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် မလွဲမသွေ ဖြတ်ကျော်ရမယ့် တာဝန်ရှိတဲ့အတွက် ဆောင်ရွက် နေကြတာပဲ ဖြစ်တယ်။ တကယ်တမ်းကျတော့ ရခိုင်ပြည်သူ မဲဆန္ဒရှင်တွေကိုတော့ မဲမထည့်ရသေးတဲ့သူ တွေကိုပါ အလွန်တရာကို အားနာမိတယ်။ ကိုယ်ချင်းစာမိတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်ခက်ခဲပင်ပန်း၊ ဒုက္ခတွေ ပြွတ်သိပ်ကျပ်တည်းနေတဲ့ အနေအထားမှာ ကိုယ်စားပြုပြီး ဒီလို ဆောင်ရွက်ပေးပါမယ်လို့ ပြောတဲ့အချိန်မှာ သူတို့ရဲ့ ဒုက္ခတွေကို ဘယ်အတိုင်းအတာထိ ကူညီဖြေရှင်းပေးနိုင်ပါ့မလဲ။ ရှေ့မှာရှိခဲ့တဲ့ နိုင်ငံရေး ရာသီဥတု သာယာခဲ့တဲ့ အနေအထားတွေတောင် ပြည်သူတွေရဲ့အလို မပြည့်ခဲ့တာ။ ဒီလို ဒုက္ခတွေနဲ့ ရင်းပြီးတော့ ဒုက္ခသည်တွေအပေါ်မှာ တက်နင်းပြီးတော့ မဲဆွယ် စည်းရုံးရမှာ လွှတ်တော်ကိုယ်စားလှယ် လုပ်ရမှာတော့ တကယ့်ကို ကျွန်မတို့ ရခိုင်ပြည်သူတစ်ရပ်လုံးပေါ်မှာ တော်တော်လေးကို အားနာစရာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မတို့ မလွှဲသာမရှောင်သာ နိုင်ငံရေးရပ်တည်မှု၊ အမျိုးသားရေး အသံတစ်ခု ရှိရမယ်ဆိုတဲ့ အနေအထားနဲ့ပဲ ကျွန်မတို့ ရိုးသားပွင့်လင်းစွာနဲ့ ပြည်သူတွေကို ချပြပြီးတော့ ကျွန်မတို့ရဲ့ တရားဝင် နိုင်ငံရေး အခင်းအကျင်း တစ်ခုကို ဖြတ်သန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ခိုင်ရိုးလ (DMG)- မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here