19 March 2024 /

See today's Peace Related News

“အပစ်အခတ်ရပ်စဲမှု ကြေညာမှုကို စစ်တိုင်းအလိုက် မသတ်မှတ်ဘဲနဲ့ တစ်ပြည်လုံး မှာ အပစ်အခတ်ရပ်စဲရေးတွေ ကြေညာပြီး လုပ်သွားရင် ပိုကောင်းတယ်” ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)

ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဗဟိုဦးဆောင်ကော်မတီဝင် ဦးမြအေးနှင့် ဆက်သွယ်မေးမြန်းခြင်း

၁ ဇူလိုင် ၂၀၂၀

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအခြေအနေမှာ ရှိနေပါသလဲ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပြွဲဖစ်ပွားနေမှုများက ဆက်လက်ဖြစ်ပွားနေဆဲပါ။ အထွေထွေရေးကောက်ပွဲကြီးကလည်း မကြာခင် ကျင်းပဖို့ ရှိနေသည်။ ထို့မတိုင်ခင် ၂၁ရာစု ပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး တစ်ခုလည်း ကျင်းပရန် လျာထားသသေးသည်။ အရပ်ဖက် အင်အားစုတစ်ခု ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်အင်အား စု ဗဟိုဦးဆောင်ကော်မတီ ဝင် ဦးမြအေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဘယ်လိုအခြေအနေ ရှိနေပါလဲ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ လက်ရှိအစိုးရလက်ထက်မှာ ၂၁ ပင်လုံ ညီလာခံ ၃ ကြိမ်လုပ်ခဲ့တယ်။ လက်ရှိအခြေအနေအရ အချက် ၅၁ ချက်ထွက်တယ် ရွေးကောက်ပွဲမတိုင်မီ တစ်ကြိမ်လုပ်ဖို့ ကြိုးစားနေဆဲ အဆင့်ပဲ ရှိနေဆဲအခါကျတော့ ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်က သောင်မတင်ရေမကျ အခြေအနေလို့ပဲ ရှိသေးတယ်လို့ မြင်တယ် ပီပီပြင်ပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရုပ်လုံးပေါ်လာတဲ့ အခြေအနေမျိုး မမြင်မိသေးဘူး။

မေး။ ။ တပ်မတော်ကာကွယ်ရေးဦးစီးရုံးက အကြမ်းဖက်သောင်းကြမ်းသူ ရှိတဲ့ဒေသက လွဲလို့ ကျန်ဒေသကို မေလ ၉ ရက်နေ့ကနေ ၃ လ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားတာပေါ့လေ၊ ဒီကြားထဲမှာလည်း KIA. TNLA. KNU တပ်မဟာ ၅၊ RCSS တို့နဲ့ တိုက်ပွဲက ဖြစ်နေဆဲ ဒီအပေါ်မှာကျတော့ ဘယ်လို သုံးသပ်မိပါလဲ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ နှစ်ပိုင်းပေါ့ဗျာ။ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ သဘောထားကတော့ တစ်ပြည်လုံးမှာ ပစ်ခတ်တိုက်ခိုက်မှု တွေ ရပ်စဲသွားစေချင် တဲ့ ဆန္ဒရှိ တော့ အပစ်အခတ်ရပ်စဲမှု ကြေညာမှုကို စစ်တိုင်းအလိုက် မသတ်မှတ်ဘဲနဲ့ တစ်ပြည်လုံး မှာ အပစ်အခတ်ရပ်စဲရေးတွေ ကြေညာပြီးတော့ လုပ်သွားရင် ပိုကောင်းတယ်လို့ မြင်တယ် ၊ အဲလိုလည်း ကျွန်တော်တို့ ဖြစ်စေချင်တယ်ပေါ့နော်။ ဒါတစ်ပိုင်း နောက်ထပ်တစ်ပိုင်းကတော့ KNU တို့ RCSS တို့ ဆိုတာကတော့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကျတော့ အသေးစိတ်ညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းလိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ Bilateral ထိုးဖို့ ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဘာတွေလိုအပ်နေသလဲဆိုတာ ကျွန်တော်က ဘေးကနေ ဖြေတာထက်လေ သက်ဆိုင်တဲ့ အဖွဲ့အ စည်းတွေ ဖြေတာကိုပိုကောင်းတယ်၊ ကျွန်တော်တို့ ပြောလို့ ပေါ်လစီ အတိမ်းအစောင့်ဖြစ်ရင် မကောင်းဘူး၊ အဓိကတော့ ကျွန်တော်တို့မြင်တာ မြန်မာနိုင်ငံကို တိုင်းရင်းသားတွေ လိုချင်တဲ့ အားလုံးတန်းတူညီမျှမှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြင့် အသွင် သဏ္ဍာန်မကူးပြောင်းနိုင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ သက်ဆိုးရှည်နေအုံးမှာပဲလို့ ကျွန်တော်မြင်တယ်။ နိုင်ငံရေးထွက်ပေါက်တစ်ခုက သေချာတယ်ဗျာ၊ ပြည်ထောင်စု တည်ဆောက်ဖို့လိုမယ်၊ ဒီမိုကရေစီရှင်သန်တဲ့ ပြည်ထောင်စုဖြစ်ရမယ်၊ အဲနှစ်ချက်ကို ကျွန်တော်တို့ သွားနိုင်မှသာလျှင် ရလိမ့်မယ်လို့မြင်တယ်။ အဲတော့ မြောက်ပိုင်းအဖွဲ့တွေ ပါလာအောင်လို့ ဆိုတဲ့နေရာမှာ ရှိပြီးသား NCA နဲ့ပတ်သက်ပြီး သုံးသပ်သင့်တာ သုံးသပ်၊ ရှေ့ကို ဘယ်လိုသွားမလဲဆိုတဲ့ ဒီငြိမ်းချမ်းရေး ဒီဇိုင်းကို ကျွန်တော်တို့ ရေးဆွဲနိုင်ဖို့ကတော့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်လေ။

မေး။ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၀၂၀ အတွင်းမှာ Bilateral ထိုးဖို့ အလားလာ နည်းပါးသွားပြီလား။

ဖြေ။ ။ ၂၀၂၀ ထဲမှာ ကျွန်တော်ထင်တယ် မဖြစ်နိုင်တော့ဘူးဆိုတာ၊ လတ်တလောအခြေအနေ တိုးတက်လာဖို့က အခုဟာက ငြိမ်းချမ်းရေးညီလာခံက ခေါ်မယ်ပေါ့နော် ။ နောက်အစိုးရ အတွက် လုပ်ကိုင်ဆောင်ရွက် နိုင်မယ့်အခွင့်အလမ်းကို ဒီဖက်ခေတ်အစိုးရမှာ ရွေးကောက်ပွဲ ပြီးရင် အစိုးရက ပြောင်းသွားတတ်တယ်လေ၊ ဒီထဲမှာ ရှိနေတဲ့အစိုးရက နောက်အစိုးရလက်ထက်မှာ ဆက်ပြီးသွားရနိုင်အောင် Ticket (လက်မှတ်) ထိုးဖို့တော့ လုပ်နေကြတယ်လို့ ကျွန်တော်နားလည်တယ်၊ အဲဒီဟာက ၂၀၂၀ အတွင်းမှာ စောစောကပြောထားသလို မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲတာ မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်မှသာလျှင် ငြိမ်းချမ်းမှာဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး အခြေခံမှုတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ခိုင်ခိုင်မာမာ ထွက်ပေါ်လာတဲ့ အခင်းအကျင်းကို ရွေးကောက်ပွဲနဲ့ ဘာမှကို လုပ်လို့ မလွယ်တော့ဘူး။ ရွေးကောက်ပွဲပြီးနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းကျမှပဲ ဒီကိစ္စတွေကို ဆက်သွားလိုက်ရမယ်လို့ထင်ပါတယ် ဒီကြားထဲလုပ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ ဘာတွေချမှတ်မယ်ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။

မေး။ ။ ၂၁ ရာစုပင်လုံကို ဩဂုတ်လ ဒုတိယအပတ်လောက် ကျင်းပမယ်လို့ ကြားသိရတာပေါ့လေ ဒီအပေါ် မှာရော ဆရာတို့ ဘယ်လို မြင်မိသလဲဗျ။

ဖြေ။ ။ နောက်အစိုးရမှာ ဆက်လက်လုပ်ကိုင်သွားနိုင်ဖို့အတွက်ကို အခုကတဲ့က သဘောတူညီချက်တချို့ကို ရယူနိုင်ဖို့အတွက် ဒီညီလာခံကို လုပ်မှာလေ အဲလိုနားလည်ထားတယ်၊ လုပ်မယ်ဆိုတဲ့အခါကျတော့ ဒီညီလာခံကို ကျင်းပပြီးတော့မှ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေတယ်လို့ ကျွန်တော်တို့ သိထားတယ်၊ မြင်ထားတယ်၊ အဲဆွေးနွေးပွဲတွေရဲ့ သဘောတူညီချက်ကို ညီလာခံမှာ တင်သွင်းပြီးတော့မှ ညီလာခံကနေ အတည်ပြုဆုံးဖြတ်တဲ့ အခြေအနေတစ်ရပ်ကိုတော့ ဖန်တီးယူလိမ့်မယ်လို့တော့ မြင်တယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး အကြုံပြုပေးပါဦး။

ဖြေ။ ။ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း ၇၀ ကျော်ကြာပြီ၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အချိန်ဆွဲလို့ သိပ်မကောင်းဘူး လို့ ကျွန်တော်မြင် တယ်၊ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်ကို ချက်ချင်းလက်ငင်း ဖြေရှင်းလို့မရဘူးဆိုတာတော့ နား လည်တယ်၊ သို့သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်က လေးကန် ထိုင်းမှိုင်းနေမယ်ဆိုလို့ရှိရင်၊ တိုင်းရင်းသားတွေ လိုချင်တဲ့ လိုလတောင်းတချက်တွေကို ပုံဖော်ပေးနိုင်စွမ်းမရှိဘူးလို့ တိုင်းရင်းသားတွေ မြင်လာမယ်။တစ်နည်းအားဖြင့် တိုင်းရင်းသားတွေ နိုင်ငံရေး Space အရ တိုင်းရင်းသားတွေ ဖွင့်မပေးနိုင်ဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့လည်း ဆက်စပ်တယ်၊ သိပ်အရေးကြီးပါ တယ်၊ တိုင်းရင်းသား တွေရဲ့ Political Space မဖွင့်ပေးနိုင်ဘူးဆိုရင် တော့ ကျွန်တော်ထင်တယ် ဒီငြိမ်းချမ်းရေး ဖြစ်စဉ် က အလုပ်ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက အချိန်သိပ်မဆွဲစေချင်ဘူး၊ နောက် ၅ နှစ်ကာလမှာ ဖြစ်နိုင်လို့ရှိရင် ဖက်ဒရယ်ပြည် ထောင်စုစစ်စစ်ကို ပုံဖော်ချင်တယ်၊ မြင်ချင်တယ်၊ အဲလိုမျိုး ကျွန်တော်တို့ သွားနိုင်ဖို့လိုတယ်။နောက်မျိုးဆက်ကို ပြည်တွင်းစစ်အမွေ မပေးချင်ပါဘူး ၊နိုင်ငံရေးအရ ထွက်ပေါက်တွေ ရှာဖို့လိုပါတယ်၊ နိုင်ငံရေးအရ သဘောတူညီမှုတွေ ရှာဖို့လိုပါတယ်၊ အချိန်ကန့်သတ်ချက်တွေ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။

MNA – ပေးပို့သည်။