19 March 2024 /

See today's Peace Related News

“ငြိမ်းချမ်းရေးဆိုတာက ထိလွယ် ရှလွယ်တယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတစ်ဆင့် ညွှန်ကြားထားမယ်ဆိုလို့ရှိရင်လည်း ဘယ်လိုလုပ်ပိုင်ခွင့် ပေးထားတယ်ဆိုတာတော့ ရှိမှာလေ” ဦးပဲ့ဒူ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်‌ဆောင်မှုကော်မတီ အဖွဲ့ဝင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂ ဇူလိုင် ၂၀၂၀

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူဟာ လွှတ်တော်အတွင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်‌ဆောင်မှုကော်မတီမှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူရဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုရှုပ်မြင်သုံးသပ်သလဲ၊ ကယားပြည်နယ်အတွင်းက KNPPနဲ့ တပ်မတော်အကြား တိုက်ပွဲအ‌ခြေအနေ၊ KNPP နဲ့ ပြည်နယ်အစိုးရအကြား ဆက်ဆံရေးစတဲ့ ကိစ္စရပ်တွေအပေါ်မှာ အောက်ပါအတိုင်း ဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှာလည်း ပါတယ်ဆိုတော့ ဒီပြည်နယ်ငြိမ်းချမ်းရေးအတွက် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် အားရကျေနပ်မှုရှိသလားဆိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးပေမယ့်လို့ သေနတ်သံ ဗုံးသံတွေ မကြားတာက အင်မတန်မှပဲ အားရတာပေါ့။ KNPP ဘက်ကလည်း သူတို့က ပြည်သူတွေကို လုံး၀ကို ညှာတာတဲ့အတွက် အဲဒီသေနတ်သံ ဗုံးသံတွေ မထွက်အောင်လည်းပဲ ထိန်းတယ်၊ ဒီတော့ တပ်မတော်ဘက်ကနေ သူတို့နဲ့တစ်ခါတစ်လေ ပူးမိ၊ ရှမိတာလည်း ရှိတယ်။ ဒါပေမယ့်လို့ မကြီးကျယ်ဘူး၊ သူ့ဟာနဲ့သူ ထိန်းနေကျလို့ ပေါ့။ ဒီလိုဆိုလို့ရှိရင် တကယ် အခု NCA လက်မှတ် မထိုးတာတောင်မှ တော်တော်လေး အားရကျေနပ်မှု ရှိတယ်လို့ ပြောရမှာဖြစ်တယ်။ NCA ထိုးခဲ့လို့ရှိရင် ဒီထက်ပိုတောင်မှ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီထက် ၀မ်းသာကျမှာပဲ။

မေး။ ။ အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးပြီ၊ လစဉ်အစည်းအဝေးမှာ ပြည်နယ်အစိုးရအနေနှင့် ပြည်နယ်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်က ဆုံးဖြတ်ခွင့်ရှိတဲ့လူက လာမတက်ဘူးလို့ ကြားသိရတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ တကယ်တမ်းကတော့ ပြည်နယ်မှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ပြည်နယ်အဆင့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်နိုင်လားဆိုတာ သွားပြီးစဉ်းစားကြည့်တယ်။ ငြိမ်းချမ်းရေးဆိုတာက ခုနက ထိလွယ်ရှလွယ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ တစ်ဆင့် ညွှန်ကြားထားမယ်ဆိုလို့ရှိရင် သူ့ကို ဘယ်လိုလုပ်ပိုင်ခွင့် ပေးထားတယ်ဆိုတာတော့ ရှိမှာလေ။ ဒါတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အတွက် သူက လာပြီးမတက်ရောက်သလား၊ ဒီတော့ တကယ်တမ်း ဒီလိုလုပ်မယ်ဆိုရင် ပြည်နယ်အစိုးရတစ်ခုတည်းနဲ့ ပြီးနိုင်မှာလား၊ မပြီးဘူးထင်တယ်။ ဒီတော့ အချင်းချင်း တစ်ဖက်နှင့် တစ်ဖက်နားလည်မှုနဲ့သာ ဒီလောက်တော့ငြိမ်နေတာကိုပဲ ကျေးဇူးတင်တာကိုပဲ ပြောရမယ်။

မေး။ ။ ဒါဆိုရင် ဗဟိုအစိုးရက ပြည်နယ်အစိုးရကို ထိန်းချုပ်ထားတယ်လို့ ယူဆလို့ ရမလား။

ဖြေ။ ။ ဗဟိုချုပ်ကိုင်မှုစနစ် များနေတယ်ဆိုတဲ့ သဘောဖြစ်သွားမှာပေါ့။ ဒါပေမယ့်လို့ မထိန်းချုပ်လို့လည်း မရဘူးထင်တယ်။ အာဏာရှင်စနစ်လိုပဲ ဖြစ်နေတယ်လို့တော့ သွားမြင်လို့မရဘူးထင်တယ်နော်။ ဘာဖြစ်လဲ ကျနော်တို့က ထိန်းပေးနေတယ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်းပဲ ဒိုင်းဒိုင်းဒိုင်းဆိုပြီးတော့ မလုပ်ဘူး၊ NCA လက်မှတ်ထိုးတဲ့ကိစ္စတွေလည်းပဲ စောလျှင်စွာလည်း လုပ်စရာမလိုဘူး နည်းနည်းပါးပါးစဉ်းစားရမယ်ဆိုပြီး စပြောထားတာရှိတယ်လေ။ အလျင်စလိုမလုပ်ပါနဲ့ဆိုပြီးတော့ အဲကိစ္စတွေလည်း ရှိတယ်။ ဒီတော့ သူ့ဟာနဲ့သူ အချိန်ပေးရမယ်ဆိုတဲ့ အတိုင်းအတာတစ်ခုအပေါ် မူတည်ပြီးတော့မှ နည်းနည်းလေးထိန်းနေသလားလို့ ကျနော်တို့ ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဆိုတာက ပညာရှိ ပညာရှင်တွေ အများကြီးနဲ့ စုဖွဲ့ထားတာပဲ။

မေး။ ။ (၆)လတစ်ကြိမ်လုပ်မယ်ဆိုတဲ့ ၂၁ရာစုပင်လုံပုံမှန်မလုပ်ဖြစ်တော့ ဘာကြောင့် ပုံမှန်မလုပ်ဖြစ် တော့တာလဲ၊ ဆရာအနေနဲ့ ဘယ်လိုမြင်လ။

ဖြေ။ ။ ပင်လုံညီလာခံက သတ်မှတ်ထားတဲ့အချိန်မှာ မလုပ်တော့ အားမရဘူး။ သို့သော်လည်းပဲ ဘာကြောင့်လဲဆိုတဲ့အကြောင်းတရားတစ်ခုခု ဝင်လာလို့ပဲပေါ့၊ ဒါပေမယ့် ဘာကြောင့်လဲဆိုတာ ပွင့်လင်းမြင်သာစွာ ပြောရမယ့်အကြောင်းရာလား၊ မပြောရမယ့်အကြောင်းအရာမို့လို့ထိန်းထားတာလား ဆိုတာလည်းပဲ ကျွန်တော်တို့စဉ်းစားပေးရဦးမယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်တို့ ခုထိ သိခွင့်မရှိပါဘူး။ သိခွင့်မရှိဘူးဆိုတာထက် ကျွန်တော်တို့ကလည်း နေရာတကာတိုင်းမှာ သွားစပ်စုလို့လည်း မရဘူး၊ သူအလုပ်နဲ့သူလုပ်နေကြတယ်လို့လည်း ကျွန်တော်တို့ကမြင်တယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-ရေးသည်။