29 March 2024 /

See today's Peace Related News

တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ထားသဖြင့် အမ်းမြို့နယ်အတွင်း ဒေသ ကျေးရွာ (၄၀) ကျော် ဆန်ပြတ်လပ်နေဟုဆို

၆ ဇူလိုင် ၂၀၂၀

မြန်မာ့တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ချင်းလူမျိူးအများစုနေထိုင်ကြေသာ ကျေးရွာပေါင်း (၄၀) ကျော်မှဒေ သခံပြည်သူများ ဆန်ပြတ်လပ်နေပြီဟုသိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော(AA) အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် တပ်မတော်က အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၂) ရွာနှင့် ဆက်သွယ်သော ရေလမ်း ကုန်လမ်းများအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီလဆန်းကတည်းက ယနေ့ချိန်ထိ ပိတ်ဆို့နေသည့်အတွက် ဒေသခံပြည်သူများ ဆန်ပြတ်လပ်နေကြခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အဖွဲ့ (CHRO) မှပြောရေးဆိုခွင့်ရှိသူဆလိုင်းလျန်ကပြောသည်။

“အသွားလာပိတ်တာက ဇန်နဝါရီလကတည်းက ရိက္ခာပြတ်လပ်တာကတော့ ဇွန်လ ၁၆ လောက်ကနေပြတ်တယ် သူတို့စားစရာမရှိတော့ဘူး သူတို့ကျေးရွာ (၄၂) ရွာလောက်မှာအခက်အခဲကြုံနေရတာ ချင်းအနည်းဆုံးလူဦးရေ တစ်သောင်းကျော်ကျော်က စားနပ်ရိက္ခာပြတ်လပ်နေတယ်၊ သူတို့ပြောပြချက်အရ ငှက်ပျောသီးတို့ ပိန္နဲသီးတို့ သူတို့အသီးတွေပဲစားပြီးတော့ နေတယ်လို့သူတို့ဘက်ကနေပြောလာတယ်၊ ဒီလိုမျိုး တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူတွေကို ခက်ခဲစေတဲ့ဟာက နိုင်ငံတကာ စံချိန်စံနှုန်းဖြစ်တဲ့ Geneva Convention နဲ့ သူတို့သွားညှိနိုင်တယ်၊ တဖက်နဲ့ပြောရမယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုနဲ့ ပြည်သူတွေကိုထိခိုက်စေတယ် ပြည်သူတွေကိုအစားအသောက် ငတ်ပြတ်စေတယ်ဆိုတာက ဒါကတော့ သူတို့ရဲ့ ပေါ်လစီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာစံချိန်စံနှုန်းကို မလိုက်နာတာဖြစ်တဲ့အတွက် သူတို့အတွက် တပ်မတော်ဖြစ်ဖြစ် AA တို့အတွက်ဖြစ်ဖြစ် မကောင်းဘူး” ဟု ဆလိုင်းလျန်ကပြောသည်။

ဒလက်ချောင်းအုပ်စုအတွင်း ကျေးရွာများသည် ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်များကို အမ်းမြို့သို့ ကုန်းလမ်းဖြင့်သော်လည်း မြေပုံမြို့နယ် ကံတောင်ကြီးဖက်သို့ ရေလမ်းကြောင်းတို့ဖြင့် သယ်ယူလေ့ရှိကြသော်လည်း ရက္ခိုင့်တပ်တော်(AA) ထံ စားနပ်ရိက္ခာများရောက်ရှိသွား မည်ကို စိုးရိမ်သည့်အတွက် တပ်မတော်ဘက်က လမ်းကြောင်းများအားလုံး ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းလူသားချင်းစာနာထောက်ထားမှု ကူညီရေးအဖွဲ့ (ရခိုင်ပြည်နယ်) မှ ဆလိုင်းဝင်းမောင်က ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ရှမ်းကုန်းနှင့် မင်္ဂလာဒုံကျေးရွာသို့ ပြောင်းရွှေ့လာကြပြီး ဆန်ပြတ်လပ်သည့်အတွက် အသီးအနှံများကို စားသောက်နေရသည့် အနေအထားဟုဆိုပါသည်။

“အခုက ကျနော်တို့က ပိုက်ဆံရှိရင်တောင်မှ ဆန်ဝယ်လို့မရတဲ့အနေအထားမှာဖြစ်ေနတယ် ဆန်အိတ်ကိုကလုံးဝမရှိဘူး၊ အခုလောလောဆယ်က ကျနော်တို့ ပြည်သူတွေက ဒလက်ချောင်းကြားမှာရှိတဲ့သူတွေက ရှမ်းကုန်းကျေးရွာနဲ့ မင်္ဂကုန်ကျေးရွာကိုအကုန်လုံးနီးပါး ပြောင်းရွှေ့လာကြပြီ ဆိုတော့ လောလောဆယ်က ကျနော်တို့စုပုံနေကြတာပေါ့ စုပုံနေတဲ့ခါကျတော့ အကုန်လုံးကအစားအသောက်တွေက ပြတ်နေတဲ့အခါကျတော့ စားစရာဆန်မရှိတဲ့အခါကျတော့ လောလောဆယ်အသီးအနှံ ပိန္နဲသီးတို့ စားပြီးတော့မှနေနေရတယ်” ဟု ဆလိုင်းဝင်းမောင်ကပြောသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်သည့် ဒေသခံပြည်သူများကို Relief and Rehabilitation Committee Chin IDPs-RRCCI အဖွဲ့နှင့် ပူးပေါင်းကာ ဆန်အိတ် (၅၀) ပေးပို့ရန်စီစဉ်သော်လည်း ပို့ဆောင်၍မရသည့်အနေအထားဖြစ်ေနသည်ဟု ဆလိုင်းဝင်းမောင်ကပြောသည်။

အမ်းမြို့မှ အနောက်ဖက်(၂၅)မိုင်ခန့်အကွာ ဒလက်ချောင်းအုပ်စုအတွင်း ဒါးလက်ကျေးရွာ အထက်နှင့် ရှမ်းကုန်းကျေးရွာအနားတွင် တပ်စခန်းများရှိတည်ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များဖြစ်ကြကြောင်း သိရပါသည်။

လက်ရှိ ရိက္ခာဆန်ပြတ်လပ်နေသည့် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာ(၄၂) ရွာအနက် (၃၇) ရွာမှာ ချင်းလူမျိူးများနေထိုင်ကြပြီး ကျန်(၅) ရွာမှာ ရခိုင်လူမျိူးများနေထိုင်ကြကြောင်းသိရသည်။

လားနွန် (ခိုနူမ်းသုန်) – ပေးပို့သည်။