19 March 2024 /

See today's Peace Related News

ဖားကန့် ကျောက်စိမ်းမှော်အတွင်း ရေကန်ပြိုကျမှုကြောင့် သေဆုံးသူ ၁၇၄ဦးနှင့် ဒဏ်ရာရသူ ၅၄ဦးအထိ ရှိလာ

၆ ဇူလိုင် ၂၀၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရှိ ဝှေ့ခါကျောက်စိမ်းမှော်တွင် ဖြစ်ပွားခဲ့သည့် ရေကန်ပြိုကျမှုကြောင့် ယနေ့ အချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၁၇၄ လောင်းရှာဖွေတွေ့ ရှိထားပြီး၊ ရှာဖွေရေးလုပ်ငန်းများအတွက် အန္တရာယ်များ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၁၇၄ လောင်းရရှိထားပြီဟု ဒေသခံများ က ပြောသည်။

ဖားကန့်ဒေသခံ ဦးနောင်လတ်က “ဒီနေ့အခုအချိိန်ထိတော့ ထပ်တွေ့တာမရှိသေးဘူး။ မနေ့ကတော့ အထိ တော့ ၂ လောင်းထပ်ရတယ်။ ဆိုတော့ အားလုံး ၁၇၄ လောင်းရှိသွားပြီ။ ရှာဖွေရေးတော့ ဆက်လုပ် နေတယ်။ ရှာဖွေ ရေးဆိုတာထက် စောင့့်ကြည့်နေကြတာပေါ့။ အလောင်းတွေပေါ်လာမလာလေနော်။ တချို့ လည်း အုပ် ချုပ်ရေးရုံးမှာ အလောင်းမရသေးဘူးဆိုတာမျိုး လာပြောတဲ့လူတွေလည်းရှိတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း မိုးများ ဆက်တိုက်ရွာသွန်းထားသည့်အတွက် ရှာဖွေရေးလုပ်ဆောင်နေသူများအတွက် လည်း အန္တရာယ်များရှိသည်ဟု ဒေသခံများက ပြောသည်။

“အခုက ဝှေ့ခါက ဆက်ပြီး မြေပြိုမယ့်အနေအထားလည်းရှိနေတယ်။ ဒါကို အခြေအနေကြည့်ပြီး အလောင်းရှာ ရတာ။ အဲ့လိုလုပ်နေရတာ။ ဒီမှာက သူက ရေပဲမဟုတ်ပဲနဲ့ ရွှံ့ နွံတွေဖြစ်သွားဆိုတော့ ရှာဖွေရေးလည်း ခက် တယ်။ အန္တရာယ်လည်းရှိနေတယ်။ အထဲကို ရောက်သွားတဲ့ မြုပ်သွားတဲ့ အလောင်းတွေက ပုပ်ပြီးပေါ်လာမှ ရမယ့် အနေအထားလည်းရှိတယ်။ ဒါလည်း စောင့်ရမယ့် အခြေအနေမျိုးပေါ့။ သတိထားရမှာက မိုးထပ်ရွာရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး မြေကလည်း ပြိုမယ့်ဟာမျိုးတွေဆိုတော့လေ။ မိုးရွာရင် ရပ်လိုက်၊ မိုးရပ်ရင် ရှာလိုက်နဲ့ လုပ်နေရတာပါ။” ဟု ဖားကန့်အခြေဆိုက် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့့ အတွင်းရေးမှူး ဦးဒါရှီနော်လွမ် က ပြောသည်။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများအား ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ ဒေသခံများ၊ အရပ်ဘက် အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင်များက သဂြိုလ်ပေးနေသည်ဟု သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ဦးဒါရှီနော်လွမ် က “ဒီနေ့ အလောင်းတွေ့ တာ ၁၇၀ ကျော်ပြီ။ ထပ်လည်း ရှာနေတုန်းပဲ၊ ဆိုတော့ အားလုံး ၂၀၀ ကျော် ၃၀၀ တော့ရှိမယ်ထင်တယ်။ မနေ့ကစပြီး ရှာနေကြတုန်းပဲ၊ မနေ့က တွေ့တဲ့ ၁၀၀ ကျော်ကတော့ မြှုပ်လိုက်ပြီ၊ သဂြိုလ်နေကြပြီ။ အလောင်းပိုင်ရှင်ရှိတဲ့ ရုပ်အလောင်းတွေကို ဒီနေ့က စပြီးသဂြိုလ်နေတာပေါ့။ ပိုင်ရှင်မရှိ သေးတဲ့ အလောင်းတွေ တော့ ဒီအတိုင်းပဲ ထားထားသေးတယ်” ဟု ဇူလိုင်လ ၃ ရက်နေ့က ပြောသည်။

ယနေ့ (ဇူလိုင်လ ၆) ရက်နေ့ အထိ ရုပ်အလောင်း ၁၇၄ တွေ့ ရှိထားပြီ၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိသည်ဟု ဒေသခံ များ က ပြောသည်။ ဒဏ်ရာရရှိသူများကို ဖားကန့်ဆေးရုံနှင့် ဝှေ့ခါ တိုက်နယ်ဆေးရုံတို့တွင် ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသည့် ဖားကန့်ဒေသခံ ဦးနောင်လတ် က ရှာဖွေရေးလုပ်ငန်းများ လုပ်နေစဉ် ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အခုက မိုးလည်း ရက် ၂၀ ကျော်ရွာထားတယ်ဆိုတော့ အခုဒီမြေဇာက ဖရောင်းမြေဇာ ဖြစ်တဲ့အတွက် ပြိုကျဖို့ လည်း အရမ်းလွယ်တယ်၊ ကျနော်တို့မှာတော့ ကယ်ဆယ်ဖို့အတွက် စက်လှေလည်း မရှိဘူး။ လောလော ဆယ်တော့ ကျနော်တို့ တတ်တဲ့နည်းနဲ့ပဲလုပ်နေတယ်၊ ဆီပေပါပုံးတွေကို လှေလုပ်ပြီးရှာတယ်၊ တချို့ တော့ ကားကျွတ်တွေနဲ့ ရှာပြီးတော့ ကျွတ်၊ ဆီပေပါပုံးတွေမှာပဲ အလောင်းတွေသယ်ပြီး ပြန်ယူလာတယ်။ ကယ် ဆယ်ရေး လုပ်နေတဲ့ လူတွေများနေပေမယ့်လည်း အခုခေတ်ပေါ် ကယ်ဆယ်ရေး စက်ပစ္စည်းတွေ မရှိတဲ့ အတွက် အခက်အခဲရှိတယ်၊ ကယ်ဆယ်ရေးလုပ်နေရင်းနဲ့ မြေပြန်ပြိုကျလာလို့ အသက်အန္တရာယ် ရှိိလာနိုင် တယ်၊ ဒါကြောင့် ကျနော်တို့လည်း မိုးလေဝသ အခြေအနေကိုကြည့် ပြီးလုပ်နေတယ်။”

ဖားကန့်ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းများ၊ မီးသတ်အဖွဲ့ ဝင်များ၊ ဒေသခံများနှင့် ဘာသာရေးအဖွဲ့များက ရှာဖွေရေးလုပ်ငန်းများကို စုပေါင်းလုပ်ဆောင်နေကြရသည်ဟု သိရသည်။

ယခုဖားကန့်မြေပြိုမှုသည် ၂၀၁၅ နှင့် ၂၀၁၈ က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များထက် လူအသေအပျောက်များ သည် ဟု ဖားကန့် ဒေသခံများက ပြောသည်။

“ဒီတစ်ခါသေတာက ဖားကန့်မှာ အများဆုံးဖြစ်တယ်။ သေတာလည်းများသလို အလောင်းပြန်ရှာတွေ့တာလည်း အရင်နှစ်တွေကထက်စာရင် အများဆုံးပဲ။ အရင်နှစ်တွေတုန်းက ၁၁၁ ယောက်ရတာရှိတယ်။ လုံခင်း မဟာ ကုမ္ပဏီမှာတုန်းက ၈၀ ကျော် အလောင်းရှိခဲ့တယ်။ ဒီတစ်ခါကတော့ ဖားကန့်မှာ ကြုံဖူးသမျှထဲမှာ အများဆုံးလို့ ပြောလို့ရတယ်” ဟု ဦးဒါရှီနော်လွမ် က ဆက်ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လည်း မြေပြိုခဲ့သည့် နေရာသို့ ရောက်ရှိ နေသည်ဟု သိရသည်။

ပြည်နယ်အစိုးရ အဖွဲ့ ၊ ကျောက်မျက်အသင်းနှင့် ဒေသခံအတွင်းက အလှူရှင်အချို့က အသက်သေဆုံး သူများ နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ပေးရန်လည်း စီစဉ်နေသည်ဟု ဦးဒါရှီနော်လွမ် က ဆက်ပြော သည်။

“နောက်ပြီး ဒီနေ့မှာပဲ ပြည်နယ်အစိုးရတွေ၊ နောက်ပြီးတိုင်းမှူး တေဇကျော်တို့ ဟက်စကီးနဲ့ လာကြတယ်။ အကူအညီပေးမယ်လို့ပြောတယ်။ ဒီနေ့တော့ သယံဇာဝန်ကြီး ဦးဒါရှီလဆိုင်းကတော့ စုပေါင်းရုံးမှာ အစည်း အဝေး လုပ်ပြီး အဲ့မှာ ပြည်နယ်အစိုးရအဖွဲ့တွေက သိန်း ၅၀၀၊ ကျောက်မျက်အသင်းက သိန်း ၅၀၀၊ နောက်ပြီး ကျောက်သူဌေးတချို့လည်း သိန်း ၁၀၀ ပေါ့ မတည်ကူညီတာရှိတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ပေါ့နော်။”

ဖားကန့်ဒေသခံများနှင့် အောက်ခြေရေမဆေးကျောက်တူးသမားများ အနေဖြင့် ဒေသအတွင်းက သဘာဝ သယံဇာတအကျိုးစီးပွားကို ခံစားခွင့်ထက် စိတ်ပိုင်းရုပ်ပိုင်းဆို်င်ရာ အန္တရာယ်များ၊ မြေစာပုံပြိုကျခြင်းများကြောင့် နှစ်စဉ်လူပေါင်း ရာချီ အသက်ဆုံးရှုံးနေရခြင်းများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

သဘာဝသယံဇာတူးဖော်ခြင်းလုပ်ငန်းများကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံတူးဖော်နေခြင်း၊ ဥပဒေခိုင်မာစွာ ချ မှတ်ခြင်း၊ အရေးယူခြင်းများနှင့် စနစ်တကျဖြေရှင်းဆောင်ရွက်ခြင်းများ အစိုးရအဆက်ဆက် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပေါ်လည်း ဝေဖန်မှုများ မြှင့်တက်နေသည်။

အားမီ(NMG) – ရေးသည်။