19 March 2024 /

See today's Peace Related News

“စစ်ဘောင်တွေကြားထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကြားထဲမှာ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်နေမယ့် အစိုးရတစ်ရပ်ပေါ်ထွန်းလာမယ်လို့ ထင်ခဲ့ပေမယ့် အခုကတော့ ကျမတို့ သဲထဲ ရေသွန်သလိုပဲ တွေ့နေရတယ်” ဒေါ်ညိုအေး (ဥက္ကဌ – ရခိုင်အမျိုးသမီး ကွန်ယက်)

၆ ဇူလိုင် ၂၀၂၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဦးဆောင်တဲ့ အစိုးရ သက်တမ်း (၅) နှစ်နီးပါး ကာလအတွင်း ရခိုင်ပြည်နယ်မှာ ဘာတွေ ပြောင်းသွားလဲ။ လက်ရှိတွင် ရခိုင်ပြည်နယ်ဟာ လက်ရှိစစ်ရေးပဋိပက္ခ တွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြီးခဲ့တဲ့နှစ်တွေကလည်း မောင်တောဒေသအတွင်း ARSA အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး NLD အစိုရအနေဖြင့် နိုင်ငံတကာမှာ စောင့်ကြည့်ခံခဲ့ရ ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဘာတွေအပြောင်းအလဲ ဆိုတာကို ရခိုင်ဒေသရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်အချို့ရဲ့အမြင်သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။

ဦးထွန်းအောင်ကျော် (မှုဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ (ANP)

“အမှန်အတိုင်းပြောရရင် တစ်နိုင်ငံလုံးက အားကိုးယုံကြည့်ခဲ့တဲ့ ဒီမိုကရေစီကို ဖော်ဆောင် မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့အညီ တိုးတက်ပြောင်းလဲတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီမိုကရေစီခေါင်းဆောင်က ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ အားထားမျှော်လင့်ခဲ့တာ အမှန်ပဲ။ အားထားမျှော်လင့်တယ် ဆိုတဲ့နေရာမှာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူ အားလုံး ပြောင်းလဲချင်တယ်၊ တိုးတက်ချင်တယ်။ တိုင်းရင်းသားတွေကလည်း အရမ်း အားကိုးခဲ့တယ်။ ဒါပေမယ့် အခုဖြတ်သန်းလာခဲ့တဲ့ ငါးနှစ်နီးပါးအတွင်းမှာ မိမိတို့ထင်သလို ကောင်းတဲ့ ပြောင်းလဲမှုတွေ လုံးဝနီးပါးလောက် မတွေ့ရဘူး။

နောက်တစ်ခုက ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဆိုရင် ပိုပြီးတော့ ဆိုးသွားပြီ။ နှစ်ငါးဆယ်နီးပါး လုံးဝမရှိခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲ၊ ရင်ထဲမှာ ဖော်ပြလို့မရ နိုင်လောက်အောင် ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ၊ ရခိုင်ပြည်နယ်ဟာ ဖဆပလ ခေတ်တုန်းက ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဒီလို အတွေ့အကြုံ ရှိခဲ့တယ်။ ဒါပေမယ့် ၂၀၁၅ နောက်ပိုင်း ၂၀၁၇ ၊၂၀၁၈၊၂၀၁၉ ခုနှစ်တွေမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေ ဘင်္ဂလီပဋိပက္ခတွေ၊ နောက်တစ်ခုက ရခိုင်လက်နက်ကိုင် တစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေကြောင့် ရပ်ရွာတွေ မီးလောင် ပျက်စီးပြီးတော့ မီးရှို့ခံရတာတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေ ကလေးသူငယ်တွေ အပါအဝင် သက်ကြီးရွယ်အို လူ ၂၅၀ ကျော်လောက် စစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေ ရပ်ရွာတွေမီးရှို့လို့ မနေနိုင် ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ အခုဆိုရင် နှစ်သိန်း နီးပါးဖြစ်နေပြီ။ အဖက်ဖက်က အင်မတန် ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ ကောင်းလောက်အောင် ဒီငါးနှစ်အတွင်း ရင်လေးမဆန့် တပြည်လုံး ခံစားရတာတော့ အမှန်ပဲ။ အဖက်ဖက်က လိုအပ်သလို အရင်တုန်းက ဂတိပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖော်ဆောင်နိုင်တာမရှိဘူး။ အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပြည်နယ်အစိုးရဟာ ပြည်နယ်ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ မဟုတ်ပဲနဲ့ သူတစ်ပါး ညွန်ကြားမှသာ လိုက်နာဆောင်ရွတ်နေတဲ့ နိုင်ငံရေး ဝန်ထမ်းတွေ အနေနဲ့ပဲ ကျနော်တို့ မြင်ရတယ်။ ခြုံပြီး ပြောရမယ်ဆိုရင် ၂၀၁၅ ကနေ တက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရတစ်ရပ် အနေနဲ့ တာဝန်ယူနိုင်မှု ၊တာဝန်ခံနိုင်မှု အင်မတန်အားနည်းတဲ့ အစိုးရ တစ်ရပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်”

ဒေါ်ညိုအေး (ဥက္ကဌ - ရခိုင်အမျိုးသမီး ကွန်ယက်)

ဒေါ်ညိုအေး (ဥက္ကဌ – ရခိုင်အမျိုးသမီး ကွန်ယက်)

“ကျမတို့ ရခိုင်ပြည်နယ် အနေအထားအရ ဘာမှလည်း ကြီးကြီးမားမား တိုးတက်လာတာကို မတွေ့ရ ဘူး။ နောက်တစ်ခုက အဆိုးရွားဆုံးကတော့ ရွေးကောက်ပွဲနီးလာတယ်ဆိုတော့ ပြည်သူတွေနားကိုရောက်ဖို့အတွက် မက်ဆေ့ချ်တွေ ပေးသင့်တယ်။ မက်ဆေ့ချ်ပေးစရာ ခြောက်မြို့နယ် လောက်ကို အင်တာနက်ပိတ်ထားတာဟာ တစ်နှစ်ပြည့်ပြီပေါ့နော်။ မြို့နယ်ခြောက်ခုလောက်ကို အင်တာနက် ပိတ်လိုက်တယ်။ ဒါတွေဟာ ကျမတို့ ရခိုင်ပြည်အတွက် အများကြီး ထိခိုက်နစ်နာမှုရှိတယ်။
နောက်ပြီးတော့ ကျမတို့ရခိုင်ပြည်နယ်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သတ် ပြီးတော့ သူတို့ရဲ့ ခံစားရတဲ့ ဒုက္ခတွေ အဲတာတွေ မက်ဆေ့စ်ဘာမှ မရှိဘူး။ ဒါတွေကတော့ ကျမတို့ ပြည်နယ်ရဲ့ ဒီ အစိုးရလက်ထပ်မှာ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ ဖြစ်စဉ်လေးတွေပေါ့နော်။ နောက်တစ်ခုက လက်ရှိအစိုးရကို အားရစရာ သိပ်မမြင်ဘူး။ ရှာလို့လည်း မတွေ့ဘူးပေါ့။ ဘာကြောင့်လဲဆိုရင် ဒီလောက်ကျယ်ပြန့်နေတဲ့ စစ်ဘောင်တွေကြားထဲမှာ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကြားထဲမှာ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်နေမယ့် အစိုးရတစ်ရပ်ပေါ်ထွန်း လာမယ်လို့ ထင်ကောင်းထင်ခဲ့ပေမယ့် အခုကတော့ ကျမတို့ သဲထဲ ရေသွန်သလိုပဲ တွေ့နေရတယ် ”

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ ) ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်)

“ ဒီရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုထဲမှာ ပြောင်းလဲမှုတွေလည်း ရှိတယ်ပေါ့။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ဆိုရင် ရန်ကုန် စစ်တွေသွားတဲ့ လမ်းမှာ ဂိတ်ပေါက် မြောက်မြားစွာရှိတယ်ပေါ့နော်။ ဥပမာ စစ်တွေနဲ့ ပုဏ္ဏားကျွန်း ဆိုရင် မိုင် ၂၁ မိုင်ရှိတယ်။ ဒါပေမယ့် တံတားကြေးကောက်တဲ့ နေရာက သုံးနေရာ လောက်ရှိတယ်။ အခုကျတော့ အဲလို တံတားတွေပေါ် လမ်းကြေးကောက်တာတွေ လုံးဝ ပပျောက်သွားတယ်။ ဒီအစိုးရသက်တမ်းမှာ။ ပြီးရင်တော့ ရခိုင်မှာဆိုရင်လည်း တော်တော် များများမြို့တွေမှာ ကွန်ကရစ်လမ်းတွေ ခင်းလာတာမျိုးလေ၊ အဲတာမျိုးတွေက အစိုးရရဲ့ လုပ်ဆောင်မှုတွေ။ နောက်စာသင်ကျောင်းတွေ၊ နယ်တွေမှာဆိုရင်လည်း စာသင်ကျောင်းတွေ၊ နောက်ရေ ကန်တွေ၊ နောက်မီးလင်းတာတွေပေါ့။ အရင်တုန်းက ဆိုရင် မြို့နယ် တော်တော်များများမှာ မီးမရဘူး။ ဒါပေမယ့် (NLD) အစိုးရသက်တမ်းမှာ မြို့နယ်အကုန်လုံးလိုလို မီးလင်း လာတယ်။ ဒါတွေကတော့ အစိုးရရဲ့ ငါးနှစ်သက်တမ်းမှာ ပြောင်းလဲတဲ့ အရာတွေဖြစ်တယ်လို့ ပြောချင်ပါတယ် ”

ဒေါက်တာစန်းရွှေ ၊ (ဥက္ကဌ- ရခိုင်ပြည်နယ် USDP)

“NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ဟာ ဘာဖြစ်သွားသလဲ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဘယ်လိုပြောင်းလဲသွားသလဲ ကျနော်တို့ ရခိုင်ပြည်သူ လူထုတွေ၊ ဘယ်လို ဒုက္ခ၊ သုခရောက် သလဲ။ အဲတာကို ကျနော်တို့ ပါတီကလည်း မြင်တယ်။ ရခိုင်ပြည်သူ လူထုကလည်း အကုန်လုံးမြင်ပါတယ်။ မီဒီယာတွေကလည်း အကုန်လုံး မြင်တဲ့အတွက်ကြောင့် ဘာတွေပြောင်းလဲသွားသလဲ ဆိုတာကို ကျနော်အနေနဲ့ ထပ်ပြီးတော့ ဖြည့်ပြောစရာမလိုတော့ဘူးထင်ပါတယ်”

မဦးခိုင်သိန်း (တာဝန်ခံ) ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက် ( RYNG)

“ လက်ရှိ(NLD) အစိုးရသက်တမ်းမှာ ရခိုင်မှာ ဘာတွေပြောင်းသွားလဲဆိုရင် သိပ်တော့ ထူးခြားမှုတွေမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ၂၀၁၆၊ ၁၇ သက်တမ်း နှစ်ခုကာလကြားထဲမှာ နည်းနည်းပြောင်းလဲ လာသလိုမျိုး ဖြစ်ပေမယ့် ၂၀၁၈၊ ၁၉၊ ၂၀ ခုနှစ် ကာလတွေမှာ ဆိုရင် ပိုပြီးတော့ ဆိုးရွားလာတဲ့ အခြေအနေရှိတယ်။ ဘာဖြစ်လို့ လဲဆိုရင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ပြည်သူ့ အစိုးရလက်ထပ်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်တို့ ရှိရမယ်ပေါ့လေ။ အဲလို ပုံစံမျိုးမဟုတ်ဘဲနဲ့ ၂၀၁၈၊ ၁၉၊ ၂၀ မှာ ဆိုလို့ရှိရင် ရခိုင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ကြားထဲမှာ စစ်ဘေးရှောင်စခန်းတွေကို ကူညီခွင့်ပိတ်ထားတယ်။ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ အဲဒီဆိုလို့ ရှိရင်တော့ အာဏာရှင် ဆန်ဆန်သဘောမျိုး သက်ရောက်တယ်ပေါ့နော်။ အခု ၂၁ ရာစု ဒီအိုင်တီခေတ်မှာ ဆိုလို့ရှိရင် အွန်လိုင်းထဲက နေပြီးတော့ ပညာသင်တာတို့ အလုပ်အကိုင် အခွင့်အလမ်းရှာတာတို့၊ ပြီးလို့ရှိရင် စီးပွားရေး လုပ်တာတို့ စျေးဝယ်တာက နေအစ အကုန်လုံးက နေပြီးတော့ အွန်လိုင်းပေါ်ကနေ လုပ်ရတဲ့အခါမှာ အင်တာနက်တွေပိတ်ထားတယ်။ အဲဒီဟာ အကုန်လုံးက အာဏာဆန်တာမျိုး ဖြစ်ရပ်တွေ ဖြစ်နေတယ်။ ပြီးလို့ရှိရင် တခုခု ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း ပြည်နယ်အစိုးရပဲ ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ ပြည်ထောင်စုကနေ ဆုံးဖြတ်ချက် ချတဲ့အခါမျိုးမှာ တကယ့်ကို ပြည်သူ့ အစိုးရအနေနဲ့ သွားနေတဲ့ လမ်းကြောင်းတစ်ခု မဟုတ်ပဲနဲ့ အာဏာဆန်ဆန် လမ်းကြောင်းကို သွားနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါတွေကို ပြန်ကြည့်လိုက်ရင် အရင်တုန်းက စစ်အာဏာ ခေတ်လို ပုံစံမျိုးနဲ့ သွားပြီးတော့ အရမ်းတူတယ်။ ပြီးလို့ရှိရင် ငယ်ငယ်တုန်းက ပြောသလို ရခိုင်ပြည်နယ်ဟာ ဖဆပလခေတ်ကို ရောက်နေတယ်လို့ မြင်တယ်”

DMG – ပေးပို့သည်။