ဖားကန့် မြေပြိုကျမှု လူ (၁၇)ဦး သေဆုံး၊ ကယ်ဆယ်ရေး ရပ်

0
243

ဖားကန့် ဆန်ခါမှော် တောင်ကမ်းပါး ပြိုကျခြင်းကြောင့် ရေမဆေးသမား သေဆုံး ဒဏ်ရာရရှိမှု အများအပြား ရှိနေချိန် ပျောက်ဆုံးသူများကို ရှာဖွေရေး လုပ်ငန်း ရပ်လိုက်ပြီ ဖြစ်သည်။

ဇူလိုင် (၁၄) ရက်နေ့လယ် တွင် မြေပြိုကျမှု ဖြစ်ခဲ့ပြီး နောက်ဆုံးအခြေအနေအရ (၁၇)ဦး သေဆုံးပြီး၊ (၆၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု လုံးခင်း အုပ်ချုပ်ရေးမှူး ဦး La Awng ပြောသည်။

စက်ပစ္စည်းမလုံလောက်မှုနှင့် ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းတွင် အဆုံးသတ် နားလိုက်ပြီ ဖြစ်သည်ဟု သူက ဆက်ပြောပါသည်။

“လက်ရှိ အခြေနေပိုမဆိုးလာအောင် အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်နေတယ်။ ကယ်ဆယ်ရေးအဖွဲ့က အခြေအနေကိုစောင့်ကြည့်နေတယ်။ ရေအရမ်းများတော့အခြားစက်ယန္တရားတွေနဲ့ တော့မရှာဘူး။ ပြန်ပြိုမယ့် အနေအထားလည်းရှိနေလို့ ထပ်မရှာတော့တာပါ။”

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး က သေဆုံးသူမိသားစုများကို ကျပ် ၃ သိန်း စီပေးပြီး ဒဏ်ရာရရှိသူ မိသားစုများကို ကျပ် ၁ သိန်း စီ စသည်ဖြင့် ကူညီပေးကြောင်းကို ဦး La Awng ကပြောသည်။

ဖားကန့်တွင် မြေစာပြိုကျခြင်းကြောင့် လူသေဆုံးမှုများကို သက်ဆိုင်ရာအစိုးရက ထိထိရောက်ရောက် တာဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းကို မြေယာအရေးလှုပ်ရှားသူ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ UNFDP ဥက္ကဌ ဒေါ် Bawk Ja က သုံးသပ်ပြောဆိုသည်။

“ဖားကန့်မှာ အဆမတန် စက်ယန္တရားကြီးတွေ အရမ်းများလာတယ်။ စွန့်ပစ်မြေစာတွေကိုစည်းမဲ့ ကမ်းမဲ့ပစ်တယ်။ စည်းစနစ်နဲ့ လုပ်ဆောင်တာမရှိဘူး။ အစိုးရအနေနဲ့ ဒါကို တာဝန်ယူဆောင်ရွက်ပေးရန် လိုအပ်တယ်။ ဒီနေ့ထိ အစိုးရရဲ့လုပ်ဆောင်ချက်တွေ ဘာတစ်ခုမှ မသိရသေးဘူး။”

အစိုးရက နည်းစနစ်ကျသော နည်းလမ်းများဖြင့် ကုမ္မဏီများကို ထိန်းကျောင်းရန် လိုအပ်ကြောင်းကို ဖားကန့်ဒေသ သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေး GreenLand အဖွဲ့ ခေါင်းဆောင် ဦး Nawng Lat က ပြောသည်။

“အစိုးရက ကုမ္ပဏီကို ထိန်းကျောင်းတဲ့အခါမှာ အားနည်းတယ်။ သူတို့လိုချင်တာရရင် ကျန်တာလှည့်မကြည့်ဘူး။ ဖြစ်လာသမျှ ပြည်သူတွေဘဲ ခံနေရတယ်။ အစိုးရအနေနဲ့ စေ့စေ့ မတ်မတ် ကြည့်သင့်တယ်။ တရားမျှမျှတတ ထိန်းချုပ်ဖို့လိုအပ်တယ်။”

ယခုနှစ် နှစ်ဝက်အတွင်း ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံပြိုကျခြင်းကြောင့် ရေမဆေးသမားများ သေဆုံးမူ ၄၀၀ ကျော်ခန့် ရှိနေပြီ ဟု သူက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here