နှစ်နှစ်နီးပါးကြာ ရပ်နားထားသည့် JMC-U အစည်းအဝေး ပြန်လည်စတင်

0
240

Photo:BNI-Myanmar Peace Monitor

ဇူလိုင် ၈ ရက်၊ ၂၀၂၀ ပြည့်နှစ်။

နှစ် နှစ်နီးပါးကြာ ရပ်နားထားသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၉ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်၊ Horizon Lake View Hotel ၌ ဇူလိုင် ၇ ရက်နေ့တွင် ပြန်လည် စတင်ကျင်းပနေပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက NCA အကောင်အထည်ဖော်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းရာ၌ တစ်ဆို့ မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးနှင့် RCSS တို့ နိုင်ငံရေးဆွေးနွေးပွဲများ ခေတ္တရပ်ဆိုင်းသည့် နည်းတူ JMC ဆွေးနွေးပွဲများကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ယခုလို JMC-U အစည်း အဝေးကို ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု JMC-U ဒုဥက္ကဋ္ဌ(၁)ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။

“ NCA ပါ သဘောတူချက်များ အသိအမှတ်ပြုမှု၊ လေးစားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ဖြင့်ဆွေးနွေး သွားကြပါရန်နှင့် ပုဂိ္ဂုလ်ရေးအရသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုပေါ်တွင်သော်လည်းကောင်း၊ ပြစ်တင် ဝေဖန်မှု ပြုလုပ်နေ မည့်အစား တွေ့ကြုံရသည့် အကြောင်းအရင်းခံများကို ရှာဖွေ၍ စိတ်ရင်း စေတနာမှန်ဖြင့် ညှိနှိုင်းဖြေရှင်းရန် လိုအပ်မယ်လို့တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ယခင်အစည်းအဝေးများတွင် သဘောတူထားသည့် ဒေသခံ စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေးကိစ္စ၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် ရံပုံငွေလျာထားရေး၊ JMC ရုံး၏ အစိုးရဘက်က အဆိုပြုသူ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးခန့်ထားခြင်းကို အတည်ပြုရန်၊ ဒုတိယ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်ဖက်က ရွေးချယ်ခန့်အပ်ရေး ကိစ္စရပ်များဆွေးနွေးသွားမည်ဖြစ်သည်။

ထို့အပြင် JMC လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း၊ JMC-S အစည်းအဝေးများ မည်သို့ ဆက်ကျင်းပမည်ဆိုသည့် ကိစ္စရပ်များ၊ JMC အရပ်သားအစည်းအဝေးများကျင်းပမှုများကို မူဝါဒ ချပေးရန်နှင့် JMC-U နောက်တစ်ကြိမ် အစည်းအဝေးများ ကျင်းပမည့်အချိန်နှင့်နေရာများကို သတ်မှတ်ရေးကိစ္စ ရပ်များ ဆွေးနွေးသွား မည်ဖြစ်သည်။

“ မိမိဖော်လိုတဲ့ ပုံရိပ်ဟာ လက်ရှိအခြေအနေနဲ့ အလှမ်းဝေးနေမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးရတာ ကြန့်ကြာတတ် ပါတယ်။ ကြန့်ကြာလာတာနဲ့အမျှ လမ်းကြောင်းလွဲသွားနိုင်တယ်ဆိုတာကို ကျနော် ယခင်ကလည်း ပြောပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနီးစပ်ဆုံး လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ မိမိဖော်လိုတဲ့ပုံရိပ်ကို ညှိနှိုင်းဆွေးနွေး ကြပြီးတော့ တဆင့် ထက်တစ်ဆင့် ယုံကြည်မှုတည်ဆောက်သွားဖို့ အကြံပြုလိုပါတယ်” ဟု JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

JMC-U ၁၈ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီ လမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပခဲ့ပြီးနောက် အစိုးရ၊ တပ်မတော် နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ဆို့မှု ရှိသည့်အတွက် နှစ် နှစ်နီးပါးကြာ ရပ်နား ထားခဲ့သည်။ ယခု JMC-U ၁၉ ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၇ ရက်နှင့် ၈ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်သည်။

ကေအိုင်စီ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here