၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်စစ်ဘေးရှောင်အရေး တင်ပြမည်ဟု ALP ဆို

0
355

၈ ဇူလိုင် ၂၀၂၀

မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်ပြီး တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောမြရာဇာလင်းက ပြောသည်။

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။

“ကျမတို့အနေနဲ့ အခွင့်အရေးရခဲ့ရင် စစ်ဘေးရှောင်တွေကိစ္စ၊ ရခိုင်မှာ အင်တာနက် ဖြတ်တောက်ထားတဲ့ ကိစ္စတွေရှိမယ်။ ပြီးလို့ရှိရင် အခုမြေပြင် အနေအထားက အင်မတန်မှ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ကိစ္စတွေကို အချိန်ရရင် ရသလို တင်ပြသွားမှာပါ ”ဟု စောမြရာဇာလင်းက ပြောသည်။

သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရာတွင် ဆွေးနွေးမည့်ကဏ္ဍများမှာလည်း များနေသည့်အတွက် အနေအထားအပေါ်မူတည်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်၍ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ဇူလိုင်လ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိပြုလုပ်ခဲ့သည် အစိုးရနှင့် NCAS-EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက်ကို သဘောတူဆုံးဖြတ် ခဲ့သည်။

ယခင် ကျင်းပခဲ့သည့် ညီလာခံ၌ လူဦးရေ တစ်ထောင်ခန့် တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ၂၁ ရာစု ပင်လုံတွင် ကိုဗစ်ကပ်ရောဂါကြောင့် လူဦးရေသုံးရာခန့်သာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here