ဖားကန့်မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရသူများ ကို အစိုးရမှ မကူညီသေး

0
185

ဖားကန့် ဆန်ခါမှော် တောင်ကမ်းပါးပြိုကျခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိသော ရေမဆေးသမားများကို အစိုးရမှ တာဝန်ယူ ကူညီ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရပါသည်။

ယခုလက်ရှိ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့မှ ဦးဆောင်ပြီး ကျောက်စိမ်း လုပ်ငန်းရှင်များနှင့် ရပ်ကွက်သူဌေးများ ပေးသော အလှူငွေဖြင့် သေဆုံးသူမိသားစုများကို ကျပ် ၃သိန်း၊ ဆေးကုသခံယူမိသားစုများကို ကျပ် ၁ သိန်း စီဖြင့် ဇူလိုင် (၁၅)ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း မရက ဥက္ကဌ က အတည်ပြု ခဲ့သည် ဟု ဖားကန့်ဒေသရှိ အလွတ်တန်း သတင်းထောက် ကိုဇော်မိုးထက် ထံမှသိရသည်။

အလောင်းမပေါ်သေးသော ပျောက်ဆုံးမှုစာရင်း တိုင်ကြားထားသော မိသားစုများကို ထောက်ပံ့ကြေးပေး မပေးကို မသိရသေးကြောင်း ကိုဇော်မိုးထက် ပြောသည်။

မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ စားရင်းဇယားများကို ပြုစုနေဆဲ ဖြစ်သောကြောင့် အစိုးရမှ တာဝန် ယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦး Dashi La Seng က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဖားကန့်က တာဝန်ရှိသူတွေက အစိုးရကို သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့စာရင်းဇယား ကောင်းကောင်း တင်ပြမှု မရှိသေးလို့ထင်တယ်။ အခု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အဖွဲ့ကလည်း အစိုးရအမိန့်ကြောင့် ဆောင်ရွက်တယ် လိ့ုယုံကြည်တယ်။ အရင်တုန်းကလည်း လူပြန်ကယ်ဝန်ကြီးဌာန က တဆင့် ကူညီတာလည်းလည်းရှိတယ်။”

ဇူလိုင် (၁၄)ရက် စနေနေ့ ဆန်ခါမှော် တစ်သုံးလုံး ကုမ္ပဏီ နှင့် မဟာ ကုမ္ပဏီကြား ဖြစ်ပွားခဲ့သော တောင်ကမ်းပါး ပြိုကျမှုတွင် လူ (၁၇)ဦး သေဆုံးပြီး (၆၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ဖားကန့်ကျောက်စိမ်းမှော်တွင် မြေပြိုမှု (၁၁)ကြိမ် ရှိပြီ ဖြစ်ကာ သေဆုံး ထိခိုက်မှုသည် ယခုအကြိမ် အများဆုံးနှင့် အဆိုးရွားဆုံးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here