NCA ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး KNU ကို ကရင်အရပ်ဖက်အဖွဲ့တွေ ဘာပြောခဲ့သလဲ

0
234

၈ ဇူလိုင် ၂၀၂၀
ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နှင့် ဇူလိုင် ၁ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အရပ်ဖက် (KCBO/KCSO) အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ၂၀၂၀ အလွန် ဖြစ်ပေါ်လာနိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး ဆောက်ရွက်မှု အခြေအနေ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတၳအကြိမ်မြောက်အစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များကို အသိပေး ရှင်းလင်းပြော ဆိုခဲ့ပြီး အကြံပြုချက် အမြင်သဘောထားများ တောင်ခံခဲ့သည်။ ၎င်းအပေါ် တွေ့ဆုံဆွေးနွေးပွဲသို့ ကိုယ်တိုင် ပါဝင် တက်ရောက် ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင် တချို့၏ အမြင်နှင့် သဘောထား အကြံပြုချက်များကို စုစည်းတင်ပြ လိုက်ရပါသည်။

စောအဲလ်ဘတ်ချို (ကရင်လူငယ်)
“ပထမ ရက်မှာ NCA နဲ့ ပတ်သက်ပြီး တင်ပြတယ်။ ဒုတိယနေ့မှာကြတော့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးရမယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးတင်ပြတယ်။ ဒီတင်ပြမှုမှာ အဓိကက ကေအဲန်ယူက NCA ပါ မူအတိုင်း သူတို့ သွားပြီးတော့မှ ဆွေးနွေးမယ်။ ပြီးတော့ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ကို ရည်ရွယ်တယ်။ ကေအဲန်ယူက အစိုးရနဲ့ သဘောတူထားတဲ့အရာတွေကို သူတို့ဆွေးနွေးမယ်။ ပြီးရင် ပြည်ထောင်စု ညီလာခံ တက်ရမယ်ဆိုတာလည်း ပါတာပေါ့။ အဓိက ပြောသွားတာ တစ်ခုက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီးတော့မှ NCAပါ ရည်ရွယ်ချက်အတိုင်း သူတို့က သွေဖီမသွားစေရန် သူတို့သွားမယ်။ သူတို့ သွားသည့် ရည်ရွယ်ချက်သည်လည်း ကရင်လူမျိုးတွေ အတွက် တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အခြေခံပေါ်မှာ အခြေတည်ပြီးတော့မှ ဖက်ဒရယ် ဒီမိုကရေစီကို ရအောင် တက်လှမ်းမယ်ဆိုတာကို သူတို့ ချပြတယ်။ အဲ့ဒီအပေါ်မှာ ကရင် အရပ်ဖက် (CBO/CSO)တွေရဲ့ သူတို့ အမြင်တွေ တင်ပြချက်တွေ သူတို့ ပြောချင်တဲ့ အရာတွေကို ပြောခွင့်ပေးတယ်။
အဲ့မှာ သူတို့(အရပ်ဖက်)တွေက အဓိက ဘာတွေ တင်ပြလဲဆိုတော့ အခုအချိန်က COVID-19 ဖြစ်နေတဲ့ ကာလ လည်း ဖြစ်တယ်။ မကြာခင် သြဂုတ်လ ဒုတိယအပတ်မှာလည်း အဲ့မှာသူတို့ ပြည်ထောင်စု ညီလာခံသွား ရတော့မယ်။ အဲ့မှာပြဿနာက အရင်ကလို လူအများကြီးနဲ့ မသွားရတော့ပဲနဲ့ လူနည်းနည်းပဲ သွားရတော့မယ်။ ဒီလို လူနည်းတဲ့ အတွက်ကြောင့်မိုလို့ CBO/CSO တွေ အနေနဲ့လည်းစိုးရိမ်တယ်။ မြန်မာ့နိုင်ငံရေးရဲ့ အပြောင်း အလဲကာလလည်း ရောက်နေတဲ့အချိန်မှာ CBO/CSOတွေကလည်း စိုးရိမ်မှုတွေ ရှိတယ်ပေါ့။ ဒီစိုးရိမ်မှုတွေကို လည်း ကေအဲန်ယူဘက်က မှတ်တမ်းယူပြီးတော့ သူတို့ ပြန်သုံးသပ်နေကြတာ တွေ့ရတယ်။

လက်ရှိ အစိုးရအနေနဲ့က ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ အမှုရင်ဆိုင်နေရတယ်။ ပြည်တွင်းမှာလည်း မငြိမ်းချမ်းဘူး။ ရခိုင်ပြည်မှာက စစ်တွေ တအားဖြစ်နေတယ်။ ကမ္ဘာ့ မျက်နှာစာမှာ အစိုးရရဲ့ လုပ်ရက်တွေကလည်း သိက္ခာ ကျစရာတွေ အများကြီးရှိနေတယ်။ ဒီအခြေအနေကို သုံးသပ်ပြီးတော့မှ ကျနော်တို့ ကရင်တွေ အသုံးချခံမဖြစ် ဖို့ ဒါကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဆွေးနွေးပွဲတက်ဖို့ ကျနော် အကြံပြုခဲ့တာမျိုးရှိတယ်။ ကေအဲန်ယူအနေနဲ့ CBO/CSOတွေကို ချပြပေးရမှာက သူတို့မှာ တာဝန်ရှိလို့ ချပြတာပဲ။ ဒါပေမဲ့ ဒီ NCA ကို လက်မခံတဲ့ အဖွဲ့တွေ လည်းရှိတာပေါ့။ ဒါပေမဲ့ ကျနော့်အနေနဲ့ မြင်တာက ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်း ပြောင်းလာတဲ့ အပေါ်မှာ ငြိမ်းချမ်းရေးနည်းလမ်းက ပိုကောင်းတယ်။ တကယ်လို့ စစ်ဖြစ်ရင် ကျနော်တို့ ကရင်ပြည်သူလူထုတွေက ထွက်ပြေး နေရတော့ လူထုအင်အားက နည်းနည်းလာတယ်။ လူထုတွေ နည်းခြင်းအားဖြင့် ကျနော်တို့ နိုင်ငံရေး ကျဆုံးခြင်းကို ဦးတည်စေချင်တယ်။ အဲ့တော့ ကျနော်တစ်ဦးတစ်ယောက်ထဲအနေနဲ့ မြင်တာက နိုင်ငံရေး လက်ဦးမှု ယူနိုင်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်မယ်။ စစ်ရေးက မတတ်သာမှ ဖြစ်ရမဲ့ အရာဖြစ်တယ်။ အနည်းဆုံးကတော့ ကေအဲန်ယူအနေနဲ့ မြန်မာတစ်နိုင်ငံလုံးက လူထုတွေနဲ့ ထိတွေ့နိုင်ပြီး ကရင်တွေ အနေနဲ့ ကေအဲန်ယူကို ပိုပြီးတော့မှ မြင်လာတယ်။ အရင်အချိန်အခါနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ရရင် ဒီခေတ်ကပိုကောင်း ပါတယ်။ ကောင်းတာရှိသလို ဆိုးတာလည်းရှိတာပဲ။ ကေအဲန်ယူက သူ့လူထုကို နားထောင်ရမှာ ရှိသလို လူထုတွေ အနေနဲ့ကလည်း ကေအဲန်ယူရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်နေဖို့လိုတယ်။

နော်အုန်းလှ( ကရင်အမျိုးသမီးအစည်းအရုံး-KWU)
“ကေအဲန်ယူ အနေနဲ့ သူတို့ ရှင်းပြခဲ့တဲ့ အချက်တွေရှိတယ်။ သူတို့ အနေနဲ့ NCAမှတပါး မရှိဆိုတဲ့ အနေအထား တွေ့ရတယ်။ NCAမှာ သူတို့ လုပ်တဲ့အပေါ်မှာကတော့ အခုက နီးရာအပြင် မရှိတဲ့အခါကျတော့ ဒီရဲ့ အကျိုးအ မြတ်ကို ကျမပြောပြတယ်။ လက်ရှိ အခြေအနေကလည်း တကယ်တမ်းက လောလောဆယ် ဒီ ရောဂါတွေနဲ့ နောက်တစ်ချက်က ရွေးကောက်ပွဲနဲ့ နီးစွာလုပ်တဲ့အတွက် အကျိုးအမြတ်က ကေအဲန်ယူ ဘယ်လောက် ရမှာလဲ။ သူတို့ကို ပြောပြတယ်။ ပြီးတော့ ချလိုက်တဲ့ မူ အနေအထားတစ်ခုမှာ ကြည့်လိုက်တဲ့ အခါကျတော့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ ကေအဲန်ယူ မူက (၈)ပြည်နယ်မူနဲ့သွားမယ်။ ချလိုက်တဲ့ မူက တိုင်းနဲ့ ပြည်နယ် ၁၄ခုနဲ့သွားမယ်ဆိုတဲ့အခါကျတော့ ဒီကိစ္စကို ဘယ်လိုဆွေးနွေးမလဲဆိုတာကို သူတို့ကို မေးတယ်။ အဲ့ ဒီအပေါ်မှာ ပြန်ပြီးတော့ ရှင်းတာ မရှိဘူး။ အဓိကက ဒီအစည်းအဝေးမှာ သူတို့ ညီလာခံ သွားမဲ့အကြောင်းကို အသိပေးတဲ့ သဘောပဲဖြစ်တယ်။

UPC မသွားခင် လုပ်မယ့် လုပ်ငန်းစဉ်တွေ ရှိတယ်ဆိုပေမယ့်လည်း တကယ်တမ်းကျရင် ပြောတဲ့ အနေအထားမှာ တော့ ကေအဲန်ယူက ပြည့်ပြည့်စုံစုံပြောထားတဲ့ အချက်တွေ ရှိတယ်လို့ သူတို့ပြောထားတယ်။ဒါပေမဲ့ လုပ်လိုက်တဲ့ အကြောင်းအရာတွေက ပြည်ထောင်စုကနေ ဆုံးဖြတ်ပြီးမှ ပြည်နယ်အဆင့်မှာ ဆွေးနွေးမယ်ဆိုတဲ့ ဖက်ဒရယ်လိုပဲ မြင်တယ်။ ဒီအပေါ်မှာ ကျမအနေနဲ့ အကြံပေးခဲ့တယ်။ လက်ရှိအခြေအနေက ပြည်ထောင်စု မှာ ဆွေးနွေးချက်တွေနဲ့ သွားနေတဲ့ အချိန်မှာ ပြည်နယ်ကို ပြန်စီးဆင်းတယ်ဆိုတာကတော့ ကိုယ့် အခန်းကဏ္ဍကို ကိုယ်လျှော့တယ်လို့တော့ ကျမ သုံးသပ်ခဲ့တယ်။ ဘာဖြစ်လဲဆိုတော့ ဆွေးနွေးပွဲကို ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးမှ ပြည်နယ်အဆင့်ကို အသိပေးတာက သူတို့ အဆင့် သူတို့လျှော့တယ်လို့ပဲမြင်တယ်။ သူတို့ လုပ်တဲ့အခါ ဒါတွေက သတိထားရမဲ့ အချက်တွေဆိုတာကို ကျမတို့ ထောက်ပြခဲ့တယ်။ လုပ်တာ မလုပ်တာက ကေအဲန်ယူရဲ့ ဆန္ဒအပိုင်းပေါ့။ ကျမတို့ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ အမြင်အတိုင်း သူတို့ကို အကြံ ပေးခဲ့ ပါတယ်။

လက်ရှိ အခြေအနေမှာ NCAက တကယ်တမ်း ဆက်သွားလို့ ရမယ့် အခြေအနေမှာမဟုတ်တော့ဘူး။ ဆွေးနွေးချက် တွေ ဆွေးနွေးဘက်တွေက တန်းတူညီမျှမှုမရှိဘူး။ အဲ့အတွက် ကေအဲန်ယူအနေနဲ့ ဒီအတိုင်းဆက်သွားရင်တော့ ဘားမှ အဆင်ပြေလာမှာမဟုတ်ဘူး။ အဓိက က အပစ်အခတ်ရပ်စဲရေးဆိုရင် စစ်တပ်နဲ့ လက်နက်ကိုင် ကြား အရင်ဆုံးသဘောတူညီချက် ယူတဲ့အခါမှာ နှစ်ဖက်က စေတနာမှန်မှန်ကန်ကန်နဲ့ လုပ်စေချင်ပါတယ်။ တစ်ဖက်က တန်းတူညီမျှမဆွေးနွေးဘဲနဲ့ ဒါပဲ လုပ်ပါ ဆိုရင်တော့ ဖြစ်လာမယ့် အရာတော့ မဟုတ်ဘူး။ ကိုယ့်အတွက် အမြတ်မရှိဘူးဆိုတာကတော့ ကျမဒီလိုပဲ အကြံပြုချင်ပါတယ်။

စောကျော်စွာ ( ကရင်ရေးရာ ကော်မတီ-KAC)
KNUမှာတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကတော့အများကြီးပဲ။ အဓိကစိန်ခေါ်မှုက NCA အကောင်ထည်ဖော်တဲ့နေရာမှာ NCAအတိုင်း လက်ရှိဆွေးနွေးပွဲက အဲလိုမသွားတာက အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်။ ကျနော်တို့ကဘက်က KNUကို ဆက်လက်ပြီးတော့ အကြံပြုတာကတော့ အားလုံးတော့ မဟုတ်ဘူး အများစုကတော့ လက်ရှိ KNUက NCAလမ်းကြောင်းအတိုင်း ဆက်လက်ပြီးတော့ သွားဖို့သင့်တယ်။ ဒါပေမယ့် NCAလမ်းကြောင်းအတိုင်း သွားတဲ့အခါမှာ NCAမှာပါတဲ့အချက်အလက်အတိုင်း အဓိက ဆောင်ရွက်သွားဖို့လိုတယ်။ နောက်တစ်ခုက လာမယ့် စတုတ္ထအကြိမ် UPC ကျင်းပဖို့လည်းပဲ KNU သွားဖို့ သင့်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သွားလို့ရှိရင် တကယ်ပဲ ဖယ်ဒရယ် အခြေခံမူများရရှိဖို့အတွက်တော့ ဆွေးနွေးလာဖို့တော့ အရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့် ၂၀၂၀နောက်ပိုင်းမှာ အကယ်၍ ဖယ်ဒရယ်အခြေခံမူများကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေး ထားတာမရှိဘူးဆိုရင်တော့ ဝေးပြီး ဝေးသွားမှာဆိုးလို့ ကျနော်တို့က အကြံပြုထားတာဖြစ်တယ်။ ဒီလို တွေ့ဆုံအကြံပြု ဆွေးနွေးပွဲလုပ်တာတောင်မှ ဖြစ်နိုင်လို့ရှိရင် ဒီလိုမျိုး မသွားခင် ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ ခေါ်တွေ့တာမျိုးကတော့ စောစောကတည်းက တွေ့ထားလိုက်လို့ရှိရင် ပိုကောင်းမလားပေါ့နော်။ အခုကသွားဖို့ ကပ်နေတဲ့အခါကြတော့ ကျနော်တို့က အကြံပေးရတာနည်းနည်းခက်တယ်။ ဒါကြောင့်မို့ နောက်နောင်တကယ် လို့သူတို့က လုပ်စရာရှိတဲ့ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျနော်တို့ ဝိုင်းဝန်းဆွေးနွေး အကြံပြုဖို့ရှိပါ တယ်လို့ ကျနော်တို့က အဲလိုဘဲပြောပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး Covidကာလမို့လို့လားမသိဘူး ကျနော်တို့က လိုချင်တဲ့အတိုင်းအတာအထိတော့မရောက်ဘူး လာတဲ့လူလည်းနည်းတယ်။ ကျနော်တို့ ဒီပြည်တွင်းအုပ်စုက တော့သွားနိုင်တယ် ဒါပေမယ့် နယ်စပ်ကအုပ်စုကတော့ သွားလာနည်းနည်းခက်ခဲတော့ မရောက်လာဘူးပေါ့။ ဆိုတော့ ဒီလိုမျိုးအတွက်ကတော့ ကျနော်တို့သိပ်အားမရဘူးပေါ့ ဒီထက်ပိုပြီးစုံစုံ လင်လင်ပါဝင်ရင် ပိုပြီးကောင်းမယ်လို့ ကျနော်ကခံစားမိတယ်။

နော်သက်သက်ထွန်း(ကရင်အမျိုးသမီးများ စွမ်းရည်မြင့်တင်ရေးအဖွဲ့-KWEG)
လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်တွေကို ဆွေးနွေးတယ်။ နောက်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ သဘောတူ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် တစိတ် တပိုင်းကို ဆွေးနွေးတယ်။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးနဲ့ ပတ်သက်ပြီး တော့ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်။ ဒီလိုချပြမှုအပေါ် အခု ကေအဲန်ယူ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဒီ NCA ဆက်လက်အကောင်အထည်ဖော်တဲ့အတွက် လည်း အများကြီး ကြိုဆိုပါတယ်။ ဒါကလည်း ရှိရမဲ့ လုပ်ငန်းစဉ်မှာ ပိုကောင်းအောင် လုပ်နေတဲ့ အရာတွေကို တွေ့မြင်ရတဲ့အတွက် ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ UPCအတွက် ပြင်ဆင်မှုကိုတော့ အရပ်ဖက်တွေက ဝိုင်းပြီး အကြံပေးကြတာရှိတယ်။ UPCမှာ ပြင်ဆင်တဲ့ အထဲမှာတော့ ကျမတို့ KWEG အနေနဲ့ အကြံပေးခဲ့တာ ကတော့ အဓိက က Media Engagement ကို အားကောင်းဖို့ပဲ။ ပြည်သူတွေကို ချပြတဲ့ နေရာမှာ ကေအဲန်ယူ အနေနဲ့ ပွင့်လင်းမြင်သာသော ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားတဲ့အခါမှာ ပြည်သူတွေအတွက်လည်း စဉ်းစားပေးဖို့ရယ် နောက် ဒီ ပွင့်လင်းမြင်သာရှိဖို့ရယ်ပေါ့။ ပြည်သူတွေအတွက် စဉ်းစားပေးဖို့ဆိုတာက ပြည်သူ တွေရဲ့ စိုးရိမ်မှုပေါ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်သွားမလား၊ ရှေ့ဆက်သွားမလားဆိုပြီး ပြည်သူတွေ ရဲ့ စိုးရိမ်မှုကို အများကြီး လျော့ချနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ NCA ပြန်လည်အကောင်အထည်ဖော် တဲ့အခါမှာလည်း ပြည်သူတွေရဲ့ စိုးရိမ်မှုအပြင် ပြည်သူတွေရဲ့ ခံစားခဲ့ရတဲ့ အခက်အခဲတွေကို ပြန်ပြီးတော့ သတိရ အောက်မေ့ပြီးတော့ ပြည်သူတွေ ခါးစည်းခံခဲ့ရတဲ့ ဒုက္ခမျိုးတွေကို ပြန်လည် မဖြစ်ဖို့အတွက် ကျမတို့ ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်သွားတဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက်ကို တွန်းအားပေးပါတယ်။

စအိုင်စူး(KIC)-စုစည်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here