ရသေ့တောင် မြို့နယ် င/တောက်တူချေရွာခံတစ်ဦး မိုင်းနင်းမိ၊ သေဆုံး

0
334

ဒဏ်ရာရသူအား ရသေ့တောင်မှ စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ်၊ ဓာတ်ပုံ – ဘက္ကာ

၉ ဇူလိုင် ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်းမှာ ဇူလိုင်လ ၉ ရက်နေ့ နံနက် (၄) နာရီကျော် အချိန်ခန့်တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

၎င်းမှာ ဒဏ်ရာပြင်းထန်၍ သွေးထွက်လွန်ခဲ့ခြင်း၊ ဆေးကုသခံယူရာတွင်လည်း ကြန့်ကြာမှုများ ရှိခဲ့ခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု လူနာအားကူညီပေးနေသူ ကိုဘက္ကာက ဆိုသည်။

ဦးဦးကျော်သန်းမှာ ယမန်နေ့ ယနေ့နံနက်ပိုင်းက ကျေးရွာ၏မြောက်ဘက်တွင်ရှိသော နွားစားကျက်ကွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း င/တောက်တူကျေးရွာမှ ဦးညိုစံအောင်က ပြောသည်။

“ခြေနှစ်ဖက်လုံးကတော့ ကြွေမွသွားတယ်။ ဖြတ်ရမယ့်အနေအထားရှိတယ်။ ဒဏ်ရာကတော့စိုးရိမ်ရတယ်”ဟု ဦးညိုစံအောင်က ပြောသည်။

သူ့အား ရသေ့တောင်မြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး စစ်တွေမြို့ဆေးရုံကြီးသို့ ယူဆောင်လာပြီး ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်သည့် အတွက်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဒေသများတွင် အရပ်သားပြည်သူများမိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိမှုများ မြင့်တက်လျက်ရှိနေသည်။

ယင်းသို့မိုင်းပေါက်ကွဲမှုများမှာ ဒေသခံများလုပ်ကိုင်စားသောက်ေနသည့် နေရာများနှင့် လူသွားလူလာရှိသည့် နေရာများတွင်ဖြစ်ပွားလာနေသဖြင့် ဒေသခံများမှာလုပ်ကိုင်စားသောက်ရန်အတွက် စိုးရိမ်မှုများရှိနေကြသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here