“JMCမှာ အစိုးရကိုယ်စား ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးပါရင် အစိုးရပါတာပဲဆိုပြီး ပြောလို့မရဘူး။ ဆိုလိုချင်တာက အနိုင်ရပါတီဘက်က အစိုးရကိုယ်စားလှယ် ပါဝင်သင့်တယ်လို့ မြင်တယ်။ ဒါမှ JMCမှာ ရှိနေတဲ့ အခက်အခဲတွေ၊ ဆွေးနွေးငြင်းခုန်တာတွေကို အစိုးရပိုင်းက သိဖို့၊ ထည့်သွင်းစဉ်းစားနိုင်ဖို့ အချက်အလက်တွေ ရရှိဖို့ လိုတယ်” ဦးကိုကိုကြီး (အရပ်သားကိုယ်စားလှယ်၊ JMC – U)

Photo: Kyaw Htet Aung (BNI – MPM)

JMC-U အရပ်သားကိုယ်စားလှယ် ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း

၁၀ ဇူလိုင် ၂၀၂၀

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးပွဲစောင့်ကြည့်ရေးကော်မတီ (JMC – U)ကို အစိုးရ ကိုယ်စားလှယ် (၁၀)ဦး၊ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် (၁၀)ဦးနှင့် အရပ်သားကိုယ်စားလှယ် (၆)ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ လက်ရှိ ပြည်သူ့ပါတီ ဥက္ကဌလည်း ဖြစ်သူ ဦးကိုကိုကြီးသည် JMC–U ၏ ဒုဥက္ကဌ(၂)တာဝန်ကိုလည်း ယူခဲ့ဖူးသူဖြစ်သည်။

၂၀၂၀ ဇူလိုင် ၇ရက်နှင့် ၈ရက်၊ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပသော (၁၉) ကြိမ်မြောက် JMC – U အစည်းအဝေးအပြီးတွင် JMC–U အရပ်သားကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးကိုကိုကြီးနှင့် ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ လက်ရှိ JMC ရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို အကျဉ်းချုပ်ပြီး သုံးသပ်ပေးပါ။

ဖြေ။ အကျဉ်းချုပ်ပြီးပြောရရင်တော့ JMC စတင်တုန်းက အရပ်သားကိုယ်စားလှယ်ဆိုတာ မပါဘူး။ သူက Joint ပေါ့။ အစိုးရ၊ စစ်တပ်၊ လွှတ်တော် တစ်ခြမ်း၊ ဒီဘက်က EAOs တစ်ခြမ်း။ အဲ့လို လုပ်ရင်းနဲ့မှ JMC ဖွဲ့တော့မယ် ဆိုတော့ Third Party ၊ သမာသမတ်ကျတဲ့အလယ်လူတစ်ယောက်ကတော့ ထည့်မယ်ဖြစ်မယ်ပေါ့။

ပထမတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆိုရင်လည်း ဒီမှာက ပထဝီနိုင်ငံရေးအရ အကဲဆတ်မှုတွေကြောင့် လက်ခံလို့ မဖြစ်ဘူးပေါ့။ အဲ့ဒီကနေ ပြည်တွင်းက အရပ်သားကိုယ်စားလှယ် ထည့်မယ်ဖြစ်သွားတာ။ Union Level မှာဆိုရင် (အရပ်သားကိုယ်စားလှယ်ကို) အစိုးရဘက်က သုံးယောက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်က သုံးယောက်ပေါ့။ စုစုပေါင်း ခြောက်ယောက်ဖွဲ့ထားပေမယ့် သုံးယောက်နှစ်ခြမ်းပေါ့။ ဘယ်ဖက်ကပဲ ဖြစ်ဖြစ် အရပ်သားကိုယ်စားလှယ်ဆိုတာ လွတ်လပ်ပြီးတော့ သမာသမှတ်ကျတဲ့ အင်အားစုဖြစ်ဖို့လိုတယ် ဆိုပြီး တော့ တစ်ခု တည်းဖြစ်အောင်ကြိုးစားလာခဲ့တာ အခုဆိုရင် Union Levelတင်မကဘဲနဲ့ တိုင်းနှင့်ပြည်နယ် တွေမှာပါ အရပ်သားကိုယ်စားလှယ်တွေ ပုံမှန်စုံညီအစည်းအဝေးတွေ ကျင်းပလာနိုင်ခဲ့တယ်။ ဒါကတော့ တဖြည်း ဖြည်းတိုးတက်လာတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။

နောက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဒုဥက္ကဌ (၂) တာဝန်ယူခဲ့တဲ့ အချိန်တုန်းကဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒီငြိမ်းချမ်းရေးမှာ ဆောင်ရွက်နေတဲ့ CSOs တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်နိုင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ကတော့ လူထုတွေ့ဆုံပွဲတွေ၊ အရပ်သားစုံညီအစည်းအဝေးတွေ၊ နောက်ပြီးတော့ အရပ်သားကိုယ်စားလှယ်များ ကနေဦးဆောင်ပြီးတော့ ပြုလုပ်တဲ့ တွေ့ဆုံပွဲ၊ ရှင်းလင်းပွဲတွေ ကျွန်တော်တို့ တောက်လျှောက်လုပ်နိုင်ခဲ့တယ်။

မေး။ ။JMC-U မှာ အရပ်သားကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ရကတည်းက ဆရာရဲ့ လုပ်ကိုင်နိုင်ခွင့်ပေါ့ နော်။ ဘယ်လို သုံးသပ်မိလဲ။ ကျေနပ်အားရမှုရှိရဲ့လား။

ဖြေ။ ။ကျွန်တော့်အမြင်အရပြောရရင်တော့ သုံးပွင့်ဆိုင် ပုံစံဖြစ်တာပေါ့။ ပီပီပြင်ပြင်ပေါ်လာအောင် ဆက်ပြီး ကြိုးစားဖို့ လိုလာတယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုတယ်။ ဒီကြားထဲမှာ ဆိုင်းငံ့ကာလလည်း ဖြစ်သွားခဲ့ တော့ အရပ်သားကိုယ်စားလှယ်တွေက ဒီလုပ်ငန်းကို ရပ်တန့်မသွားအောင် ကျွန်တော်တို့က ထိန်းထားကြတယ်။ အဲ့ဒါလေးတွေကိုတော့ ကျွန်တော်တို့ တောက်လျှောက်လုပ်ဖြစ်တယ်။ ဒီဆိုင်းငံ့နေတဲ့ အတောအတွင်းမှာ KNU နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ကျွန်တော်တို့ အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်တာမျိုးအရပ်သား ကိုယ်စားလှယ် အနေနဲ့ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

မေး။ ။နောက်တစ်ခုက ဒီ JMC မှာတက်လာတဲ့ ပြသာနာတွေပေါ့နော်။ အဲ့အထဲမှာ ဘယ်လိုပြသနာတွေ အများ ဆုံးဖြစ်နေလဲ။ နောက်ပြီးတော့ ဘယ်လိုဖြေရှင်းခဲ့ရလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ တချို့ပြသနာတွေကတော့ S – Levelမှာတင် ပြီးပြတ်သွားတာမျိုးတွေရှိတယ်။ တိုင်းမှူးကိုယ်တိုင်က လည်း ဥက္ကဌဖြစ်နေတော့၊ ပြီးတော့ ဒုဥက္ကဌ – ၁ ကလည်း သက်ဆိုင်ရာ EAOs ထဲက တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ သက်ဆိုင်ရာအစည်းအဝေးတွေမှာတင် ပြေလည်သွားတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တချို့ ပြသနာတွေမှာ မြေပြင်မှာတင် တပ်မှူးအချင်းချင်း ဆွေးနွေးဖြေရှင်းကြတာမျိုးလည်း ရှိပါတယ်။ အဓိက ကျောရိုးကတော့ JMC-S ပေါ့လေ။ တောက်လျှောက် မြေပြင်ထိတွေ့ရတာတွေကို ကိုင်တွယ်ဖြေရှင်းရတာတွေ ရှိတယ်။ အဲ့ကနေပြီးတော့ JMC-U အစည်းအဝေးမှာကျမှ တွေ့ဆုံဆွေးနွေးတာတွေ၊ သီးသန့်ဆွေးနွေးတာတွေ၊ နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုကနေ ဖြေရှင်းရတာတွေ အစရှိသဖြင့် ရှိပါတယ်။

မေး။ ။JMCသက်တမ်းတစ်လျှောက်မှာ ဘယ်လိုကိစ္စတွေကို ခက်ခက်ခဲခဲဖြေရှင်းခဲ့ရလဲ၊ ပြီးပြတ်အောင်ရော ဖြေရှင်းနိုင်ခဲ့လား။

ဖြေ။ ။RCSSနဲ့ဆိုရင် သာမန်စားပွဲဝိုင်းဆွေးနွေးပွဲတွေသာမကဘဲ မြေပြင်ကိုသွားပြီးတော့ စစ်ဆေး အတည်ပြု တာတွေ လုပ်ဖို့ ကြိုးစားခဲ့ရတာ ရှိပါတယ်။ Verification Team ဖွဲ့ပြီးတော့ တွေ့ရှိချက်တွေကို နှစ်ဖက်စလုံးကို ပြန်တင်ပြတယ်။ ပြီးတော့ နောက်နောင် ဒါမျိုးမဖြစ်အောင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေလည်ခဲ့တာတွေ ရှိပါတယ်။ လက်တွေမှာတော့ မြေပြင်ပေါ်မှာ တချို့ထိတွ့မှုတွေ ရှိနေတုန်းပဲ။ ဒါပေမယ့် NCA မထိုးခင်တုန်းက အခြေအနေနဲ့ယှဉ်ပြီးပြောရရင် အများကြီးလျော့ချနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

မေး။ ။သတင်းတွေထဲမှာ NCA နဲ့ ပတ်သတ်ရင် ဝေါဟာရဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုမှုတွေပေါ့လေ၊ တစ်ဖက်နဲ့ တစ်ဘက် ကိုယ်လိုရာ ဆွဲပြီးလုပ်ကြရင်း JMC ကို ရောက်လာတဲ့ Issue မျိုးရှိကြတယ်ပြောတယ်။ အဲ့ဒါနဲ့ ပတ် သတ်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အထူးသဖြင့်တော့ နယ်မြေသတ်မှတ်တာတွေနဲ့ ပတ်သတ်ပြီးထိန်းချုပ်နယ်မြေတို့၊ အပစ်ရပ်နယ်မြေတို့ စတဲ့ ဝေါဟာရတွေက အဘိဓာန်လှန်ပြီး ရှာဖွေလို့ရတဲ့ ကိစ္စတွေမဟုတ်ဘူး။ ဒါက နိုင်ငံရေးအရ ညှိနှိုင်းပြီး သတ်မှတ်ဖြေရှင်းရမယ့် ကိစ္စတွေဖြစ်တယ်။ နောက်ပြီးတော့ တချို့နယ်မြေသတ်မှတ်မှုတွေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ထပ်နေတာတွေ ရှိတယ်။ ဒီကိစ္စတွေက ဝေါဟာရဆိုပေမယ့် နိုင်ငံရေးအရ ဆွေးနွေးဆုံးဖြတ်ရမယ့်ကိစ္စတွေ ဖြစ်နေတော့ အဲ့ဒါတွေက ပြသနာဖြစ်နေတယ်။ တခြားသော ဝေါဟာရဆိုင်ရာ ကိစ္စတွေမှာလည်းပဲ နှစ်ဖက် ပြသနာဖြစ်လို့ရှိရင် နှစ်ဖက်လုံးက ကိုယ့်ရဲ့ နားလည်မှုနဲ့ ဘာသာပြန်ပြီးဆွေးနွေးတဲ့အခါမှာ ကွဲလွဲနေတာတွေ ရှိတယ်။

ဥပမာအားဖြင့်ဆိုရင် ကြားကာလအစီအမံများဆိုတဲ့ အပိုဒ်ဆိုရင် တော်တော် အငြင်းပွားစရာရှိတယ်။ ဒါက NCA ထဲမှာ အခန်းတစ်ခန်းအနေနဲ့ ထည့်သွင်းထားပေမယ့် ဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးညှိနှိုင်းမှု၊ အကောင်အထည် ဖော်မှုတွေကို သေချာမလုပ်နိုင်ဘူး။

မေး။ ။ အခု ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးမှာ ဆွေးနွေးတဲ့ Bilateral တွေ့ဆုံဆွေးနွေးရေးအစီအမံ နဲ့ပတ်သက်ပြီး နည်းနည်းရှင်းပြပါဦး။

ဖြေ။ ။စုံညီအစည်းအဝေးမှာတော့ တိုင်တန်းချက်အားလုံး၊ ပြသနာအားလုံးကို ဒီအပေါ်မှာ ဆွေးနွေးတယ်။ တချို့ကိစ္စတွေကျတော့ စစ်တပ်နဲ့ EAOs တစ်ဖွဲ့ချင်းနဲ့ဖြစ်တဲ့ ပြသနာမျိုးတွေကို ဒီစုံညီအစည်းအဝေးမှာ ဆွေးနွေးတာထက်စာရင် သက်ဆိုင်ရာ သူတို့အဖွဲ့အစည်းချင်း၊ ဥပမာ – ကရင်ပြည်မှာ ဖြစ်တယ်ဆိုလိုရှိရင် KNU နဲ့ အစိုးရပိုင်း၊ စစ်တပ်ပိုင်းနဲ့ DKBA နဲ့ဖြစ်ရင်လည်း အဲ့လိုပေါ့၊ သီခြားစီ နှစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးဖို့တွေ ဆက်ပြီးတော့ လုပ်ဖို့ရည်ရွယ်တာပါ။

မေး။ ။အရပ်သားကိုယ်စားလှယ်အနေနဲ့ ပါဝင်နေရတော့ တခြားသော စစ်တပ်ဘက်နဲ့ EAOs ဘက်တွေက ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို တွေ့မြင်ရမှာပေါ့။ သူတို့ရဲ့ သဘောထားတွေကို ဘယ်လိုရှုမြင်ပါသလဲ။ ပြီးတော့ လုပ်ငန်းဆက်သွားလို့ရအောင် သူတို့သဘောထားတွေ ဘယ်လိုထားသင့်လဲ။ အဲ့ဒီအပိုင်းတွေကို နည်း နည်း သုံးသပ်ပေးပါ။

ဖြေ။ ။အခုငြိမ်းချမ်းရေးပြသနာက နိုင်ငံရေးပြသနာပေါ့နော်။ ဆိုတော့ နိုင်ငံရေးပြသနာမှာလည်း JMC က စစ်ရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့ သီးခြားသတ်မှတ်ထားသလို ဖြစ်တယ်။ UPDJCကတော့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေအတွက် ပေါ့လေ။

ကျွန်တော်တစ်ဦးတည်း(JMCအနေနဲ့မဟုတ်ဘဲ)အနေနဲ့ အမြင်သုံးသပ်တာကတော့ JMC ဘာလုပ်နေလဲဆိုတာကို UPDJC ဘက်က သိထားဖို့လိုတယ်။ JMC မှာဖြစ်နေတဲ့ တချို့အခက်အခဲတွေဟာ UPDJC (ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးပူးတွဲကော်မတီ)ကနေ ဖြေရှင်းပေးရမယ့် ဟာတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေး ပြသနာကြောင့် စစ်ရေးပြသနာဖြစ်တယ်။ ဒါကြောင့်မို့လို့ UPDJC နဲ့ JMC ကြားမှာ ပူးပေါင်းဆောင်ရွက်မှု ထိထိ ရောက်ရောက်ဖြစ်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တစ်ခုက အရပ်သား ကိုယ်စားလှယ်အနေနဲ့ Local Civilian Monitor တွေကို ကျွန်တော်တို့ အသက်မသွင်းနိုင်သေးဘူး။ တကယ်က မြေပြင်ပေါ်မှာ ဒေသခံအရပ်သား စောင့်ကြည့်သူများဆိုတာကို သေချာအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ခုနကပြောသလို စစ်ရေးပြသနာ ဆိုပြီး ပြောနေပေမယ့် တကယ့်တကယ်က “Everything is Politics”ပဲ။ နိုင်ငံရေး နဲ့ လွတ်ကင်းတာ ဘာမှမရှိဘူး။

ဒါကြောင့်မို့ တကယ့်တကယ်ဆိုရင် JMCမှာ အရပ်သားကိုယ်စားလှယ်၊ EAOs ကိုယ်စားလှယ်၊ ဒီဖက်မှာ အစိုးရ ကိုယ်စားလှယ်ဆိုပြီး သုံးနှုန်းထားတယ်။ အခုဟာက JMCမှာ အစိုးရကိုယ်စား ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး ပါရင် အစိုးရပါတာပဲဆိုပြီး ပြောလို့မရဘူး။ ဆိုလိုချင်တာက အနိုင်ရပါတီဘက်က အစိုးရ ကိုယ်စားလှယ် ပါဝင်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါမှ JMCမှာ ရှိနေတဲ့ အခက်အခဲတွေ၊ ဆွေးနွေးငြင်းခုန်တာတွေကို အစိုးရပိုင်းက သိဖို့၊ ထည့်သွင်းစဉ်းစားနိုင်ဖို့ အချက်အလက်တွေ ရရှိဖို့ လိုတယ်လို့မြင်ပါတယ်။

မေး။ ။ JMC ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော့်ရဲ့ မေးခွန်းတွေအပြင် ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ခုနက တစ်ကယ့်အရေးကြီးအချက်ပဲ။ UPDJC နဲ့ JMC တို့ကြားထဲမှာ ပိုပြီး အဆက်အစပ်ရှိဖို့ လိုပါတယ်။

နှင်းကို (BNI-MPM) – တွေ့မေးသည်။

Share me now!